ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၁၀)


မှားတဲ့အခါလည်း

 KNU တပ်မဟာ (၃) မှာ အထူးဒေသအနေနဲ့ တပ်ရင်းတွေပေါင်းထားတဲ့ ကျောင်းသားအထူးစစ်ကြောင်း အင်အား ၈၀ လောက်နဲ့အတူ ရှေ့တန်းကိုဆင်းရပြန်တယ်။ အဲဒီအချိန်မှာ အဲဒီဒေသရှေ့တန်းတွေမှာ ABSDF က စစ်ကြောင်းတစ်ချို့ စလှုပ်ရှားနေကြပြီ။ အရင်က လွှတ်ထားတဲ့ စည်းရုံးရေးစစ်ကြောင်းတွေက များသော အားဖြင့် အသက်ကြီးကြီး သမားတွေဆိုတော့ ကျနော်တို့ ကျောင်းသားတပ်မတော်ရဲ့ နုပြိုတဲ့ရဲဘော်လေး တွေကို ဒေသခံလူထုကို ခေါ်ပြဖြစ်သွားတာပေါ့။ နို့မို့ တစ်ချို့ကရင်အဖွားကြီးတွေ ရှေ့တန်းမှာ ကျနော်တို့ အထဲက သက်ကြီးပိုင်းရဲဘော်ကြီးတွေကို လာကြည့်ပြီး မှတ်ချက်ပေးသလို အမြဲဖြစ်နေတော့မှာ။ အဲဒါက “တို့က ကျောင်းသားဆိုလို့လာကြည့် ပါတယ်။ နှုတ်ခမ်းမွှေးတောင် ဖြူနေပြီတဲ့”။ ဒါက ၈၈ အပြီး ဖွဲ့စည်း လိုက်တဲ့ကျောင်းသားတပ်မတော်ရဲ့ထူးခြားမှု။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) မှာ အသိပညာရှင်အတတ်ပညာရှင်ပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ လူတန်းစား ပေါင်းစုံနဲ့ လူမျိုးဘာသာပေါင်းစုံ ပါတယ်။ ကျောင်းသားနာမည်အောက်မှာ အားလုံးဟာ နုပျိုတက်ကြွနေကြ တယ်။  

ကျနော်နဲ့ပါလာတဲ့ အင်အားကို ကျောက်ကြိုးဒေသက ဒေသခံရွာသားတွေကို ပထမလျှို့ဝှက်ထားတဲ့ အနေ နဲ့ ရောက်ရောက်ခြင်း အနီးဝန်းကျင်က တောင်ကြောတစ်ခုပေါ်မှာ နေရာချပေးထားတယ်။ ကျနော်နဲ့သိတဲ့ အနီးဝန်းကျင်ကရွာသားတွေက ကျောက်ကြိုးကို ဆင်းလည်ဖို့ဖိတ်တော့ ကျနော် ရွာသားတွေနဲ့ လိုက်သွား ပြီး သူတို့နဲ့အတူထမင်းစားဖြစ်တယ်။ ကျနော့ကိုသိကြတဲ့ ရွာသားတွေ ရဲဘော်တွေက သတင်းမကြားဘာ မကြား ရောက်လာတဲ့ ကျနော့ကို ၀မ်းသာအားရနှုတ်ဆက်ကြတယ်။ အထူးစစ်ကြောင်းနဲ့အတူရှိနေတဲ့ တပ်ရင်း ၂၀၉ တပ်ရင်းမှူး ကိုသိန်းဆန်းနဲ့တွေ့တော့ သူ့အဖွဲ့အတွက် ယူခဲ့တဲ့ ၄၀ မမ လောင်ချာသေနတ်ကို သူ့ကိုလွှဲပေးလိုက်တယ်။ ကျနော်အဲဒီမှာရှိနေတုန်း လုံခြုံရေးအတွက်ကိုင်ထားဖို့ မောင်းခလုတ်တိုတိုနဲ့ ကျည်ငါးတောင့်သာ ထည့်ပစ်လို့ရတဲ့ ၃၈ မမ စပယ်ရှယ် အေးဂျင့် သေနတ်အတိုကိုလည်း ကိုသိန်းဆန်းက ကျနော့ကိုပေးထားတယ်။ နောက်တစ်နေ့မနက်ပိုင်း ရန်သူစစ်ကြောင်းတစ်ခု ၀င်လာတယ်ကြားရတယ်။ ဂျိန်းကနဲ မိုင်းကွဲသံလည်း ကြားလိုက်ရတယ်။ သူတို့က နွားအုပ်ကိုတွေ့တော့ ရှေ့ကမောင်းပြီးတက်လာတာ နွားတစ်ကောင်မိုင်းထိသွားတာ။ ကျနော်လည်း အဲဒီဒေသက ဗဟိုဦးဆောင်ကော်မတီဝင် ကိုစိုင်းမြင့်သူရဲ့ လုံခြုံရေး တာဝန်ယူရမယ့် အဖွဲ့ထဲပါတာဆိုတော့ အနောက်ဖက် လုံခြုံတဲ့နေရာကို ဆုတ်ကြရတယ်။ တစ်ပြိုင်တည်း အလုပ်လာလုပ်စားကြတဲ့ ရွာသားတွေကိုလည်း ဘေးကင်းရာ ပို့ပေးကြရတယ်။ နောက်ပြီး တပ်တွေအားလုံး ရန်သူလာနှိုင်လောက်တဲ့ လမ်းကြောင်းတွေမှာ နေရာခွဲပြီး နေရာယူထားကြတယ်။

ညနေ အတော်စောင်းသွားတဲ့အထိ သေနတ်သံလည်း မကြားဘာမကြားဆိုတော့ ကိုမြင့်သူက သူ့အနားက ၂၀၉ တပ်ရင်း ရဲဘော်နှစ်ယောက်ကို အခြေအနေသွားကြည့်ခိုင်းလိုက်တယ်။ အဲဒီနေရာက ကျောက်ခဲတုန်း ကျောက်ခဲတွေများတယ်။ အပင် ပင်စည်သေးသေးတွေလဲ ဟိုနားဒီနား ပေါက်နေတာရှိတယ်။ ၆ နာရီဝန်း ကျင်ဆိုတော့ မှောင်နေပြီ။ သူတို့ဖြည်းဖြည်းချင်းကပ်သွားကြရင်း အပင်စုရဲ့အောက်မှာ မီးဖိုပြီး စကားပြော နေကြတဲ့အသံကို ကြားရတယ်။ အသေအချာနားစွင့်ကြည့်တော့ ဗမာလိုပြောနေကြတာ။ ရွာသားတွေကို ပြေးခိုင်းထားတာ ဒီနေရာမှာ ရွာသားတွေရှိတာ မဖြစ်နှိုင်ဘူး၊ ရန်သူဘဲဖြစ်ရမယ်ဆိုပြီး ကျနော်တို့ရဲဘော်ထဲ က တစ်ယောက်က လက်ထဲက ၄၀ မမ လောင်ချာသေနတ်နဲ့ ထုထဲ့လိုက်တယ်။ လူပြေးသံအော်သံ တွေလည်း ကြားတယ်။ သူတို့လည်းပစ်ပြီးတာနဲ့ ရန်သူဝရုန်းသုန်းကားဖြစ်နေပြီဆိုပြီး အသာလေး ပြန်ဆုတ် လာကြတယ်။ အဲဒီတစ်ညလုံးအေးအေးဆေးဆေးပါဘဲ။

မနက်ကျတော့ ရန်သူက ရွာကိုလှမ်းကြည့်တော့ အရမ်းတိတ်ဆိတ်နေတော့ မသင်္ကာဖြစ်ပြီး ပြန်ဆုတ်သွား တယ်လို့ သတင်းရတယ်။ အဲဒါကပြဿနာမဟုတ်ဖူး နေ့လည်ကျတော့ ရွာသားတစ်ချို့က ကျနော်ရွာထဲ ဆင်းတဲ့အချိန် လာပြီးပြောတယ်။ ရွှေကျင်ဖက်က လေဖြတ်နေတဲ့လူတစ်ယောက်ကို ထမ်းရွှေ့ဖို့ မလွယ်လို့ ရွာသား ၂ ယောက်လောက် အဲဒီညနေက သစ်ပင်မှာပုခက်ဆွဲပြီး မီးဖိုပေးနေတုန်း စစ်တပ်က ၀င်ပြီး လက် နက်ကြီးနဲ့ထုတာ လေဖြတ်နေတဲ့လူပါထပြေးသွားတာ ရွာကိုပြန်အရောက်ပဲတဲ့။ အဲဒီ လေဖြတ်တဲ့လူပါ အလန့်တကြားထပြေးရင်း ပြန်ကောင်းသွားတယ်ဆိုဘဲ။ ကျနော်လည်း အဲဒါကျနော်တို့ ရဲဘော်တွေလုပ်တာ လို့ လျှောက်ပြောပြီး ကျေးဇူးတင်ခံဖို့မလုပ်ကောင်းတာနဲ့ ဟုတ်လားဆိုပြီး ဆပ်ဆိတ်ဆိတ်နေရတယ်။ နောက်တော့ ကိုမြင့်သူက အရမ်းလုပ်လာတဲ့ သူ့ရဲ့ရဲဘော်တွေကို တိတ်တိတ်ကျိတ်ဆူပါလေရော။ ကျနော် တို့ကြားထဲမှာ အလွဲတွေလုပ်မိတိုင်း ခေတ်စားတဲ့စကားတစ်ခုရှိတယ်။ အဲဒါက “မှားတဲ့အခါလည်း များပေ မပေါ့” တဲ့။ သိတယ်မဟုတ်လား ကာတွန်းအောင်ရှိန်ရဲ့ ဇတ်လိုက်ကျော်ကြီး ဦးရှံစားရဲ့ လက်သုံးစကားကို ပြန်လည်ဆန်းသစ်ထားတာလေ။


လွမ်းစိတ်တွေဝေ

ကျနော် အိမ်ကိုလည်းလွမ်းတယ်။ အထူးသဖြင့် ကျနော် ငှက်ဖျားတက်ပြီး အားအင်ကုန်နေတဲ့အချိန်တွေမှာ အိမ်ကို သတိရတယ်။ သီးသန့်လွမ်းဖို့ အချိန်ကတော့ မရှိသလောက်ပါဘဲ။ ကျနော်တို့က များသောအားဖြင့် လှုပ်ရှားသွားလာနေကြရတာလေ။ အထူးသဖြင့် အမေကိုလွမ်းတယ်။ ကျနော့အမေနဲ့ အဖေ၊ ညီညီမတွေ ကျနော့ကို သတိရနေကြမှာဘဲ။ ကျနော်လည်း သူတို့ကို လွမ်းလာတယ်။ တစ်ရက် ကျနော်တို့ တောင်ကုန်း တစ်ခုပေါ်ကို ရောက်ပြီး စခန်းချကြတော့ ညပိုင်း ကျနော် သစ်ပင်နှစ်ခုကို ဆွဲပြီးချည်ထားတဲ့ ပုခက်တစ်ခု ပေါ်မှာ လှဲနေတုန်း အောက်ဖက် ရန်သူထိမ်းချုပ်ထားတဲ့ ရွာတစ်ရွာက သီချင်းသံတစ်ခု လေနဲ့အတူပါလာ တယ်။ ကျနော် သိပ်ကြိုက်တဲ့အဆိုတော်မာမာအေးရဲ့ သီချင်းတစ်ပုဒ်ပဲ။ မာမာအေးရဲ့ သီချင်းတွေကို တစ်ခြားအဆိုရှင်တွေ ပြန်ဆိုထားကြတာရှိပေမယ့် ကျနော့ စိတ်ထဲမှာ သူ့ရဲ့ အရှိုက်အငိုက်ကို မီတယ်မထင် ဘူး။ သူဟာ ပါရမီရှင်ပါ။ သီချင်းသံလေးက လေနဲ့အတူ ကျနော့ဆီရောက်လာလိုက်၊ ပြန်ဝေးသွားပြီး ပျောက်သွားလိုက်နဲ့ ဖြစ်နေတယ်။ ကျနော် အဲဒီသီချင်းကို တစ်ပိုင်းတစ်စ စိတ်ထဲက လိုက်ဆိုနေမိတယ်။
“ရွက်ရွာကြွေ.. နွေအကူး… လေရူးပွေစ.. ညနေဆည်းဆာ…” တစ်ချိန်ထည်းမှာဘဲ ကျနော် အိမ်ကို သတိရလာတယ်။ ကိုယ့်ကိုယ်ကိုယ် မျက်ရေ၀ိုင်းနေပြီဆိုတာ သတိထားမိတယ်။ ကျနော့အနားမှာ စစ် ကျောပိုးအိတ်လေးတစ်လုံးရယ်၊ ကျနော်ကိုင်တဲ့ သေနတ်တစ်လက်ရယ်။ ဒါတွေ ဘယ်တော့မှပြီးမှာပါလိမ့်။ ကျနော် ပုခက်ပေါ်မှာ ထထိုင်၊ ဆေးပေါ့လိပ်မီးညှိပြီး အဲဒီသီချင်းသံလေး လေနဲ့အတူပြန်ရောက်လာမှာကို မျှော်နေမိတယ်။ ချက်ချင်းသာသွားခွင့်ရရင် အားလုံးကို သွားတွေ့လိုက်ချင်တော့တာပါဘဲ။ ဒါပေမယ့် လက်ရှိအနေအထားမှာ လုံးလုံးမဖြစ်နှိုင်ဘူး။ ကျနော်တို့မျှော်လင့်နေတဲ့ အနေအထားတစ်ခုကို မရောက်မ ချင်း ဒီအိပ်မက်က အကောင်အထည်ပေါ်ဦးမှာ မဟုတ်ဘူးလေ။

ဗဟိုတာဝန်

နောက်တန်းတာဝန်တွေနဲ့ လုံးထွေးနေခဲ့တဲ့အချိန်တွေမှာ ကျနော် ရတဲ့အချိန်တွေမှာ အင်္ဂလိပ်စာ သတင်း စာဟောင်းလေးတွေကို ဖတ်ပြီး လေ့လာရေးလုပ်ဖြစ်တယ်။ ဗဟိုကို ရောက်လာတဲ့ နိုင်ငံခြားသားတွေထဲက တစ်ချို့က သူတို့ရောက်နေတဲ့အချိန်မှာ အင်္ဂလိပ်စာသင်တန်းလေးတွေ လုပ်တဲ့အခါတိုင်းလိုလို ကျနော် သွားပြီးတက်တယ်။ ဒီဘာသာစကားက ကျနော့အတွက် အရေးကြီးလာပြီ။ ကျနော့ကို အရင်က နိုင်ငံခြား သားတွေက လာမေးတဲ့အခါတိုင်း ကျနော် ပြန်မပြောတတ်ဘူးဆိုတော့ ဒီထက် ပိုပြီးကောင်းတဲ့ အင်္ဂလိပ် စကားပြော ဆက်ဆံရေးကို ကျနော်လုပ်နှိုင်ချင်လို့ ကြိုးစားတယ်။ နောက်ပိုင်း နဲနဲနဲနဲနဲ့ စကား စပြောလို့ရ လာတယ်။ အဲဒီတော့ ဗဟိုက ၁၉၉၄ ခုနှစ်မှာ ကျနော့ကို အင်္ဂလိပ်စာ သင်တန်းတစ်ခုကို သွားတက်ပြီး ထပ်ပြီးတိုးတက်အောင်လုပ်နှိုင်မယ့် အခွင့်အရေးကိုပေးတယ်။ အဲဒီသင်တန်းကာလက တစ်နှစ်တောင်ရှိ တယ်။ ကျနော် သင်တန်းကို ၆ လ တက်ဖြစ်ခဲ့တယ်။ အဲဒီကြားထဲ သင်တန်းမှာရောက်နေတဲ့အချိန် စစ်ဦးစီး ချုပ်ကိုထွန်းဦး လှေမှောက်ပြီး ဆုံးပြီဆိုတာကို သတင်းကြားတယ်။ ကိုခင်ထွန်းကြည်တစ်ယောက် ပါလာတဲ့ စက်လှေကို သံလွင်မြစ်ထဲမှာ ရန်သူက ၀ိုင်းအပစ်ခံရပြီး ကိုခင်ထွန်းကြည်ကျသွားတယ် လို့လည်း သတင်း ကြားတယ်။ ဘယ်လိုပဲပြောပြော ကျနော်တို့အတွက် တန်ဖိုးမဖြတ်နှိုင်တဲ့ ဆုံးရှုံးမှုတွေပါ။ ကျနော် အတော် စိတ်ထိခိုက်ခဲ့တယ်။ ကျနော် သင်တန်းကို နောက်ထပ် ၆ လ ထပ်တက်ရဦးမှာဖြစ်ပေမယ့် ဗဟိုရဲ့လိုအပ် ချက်အရ ကျနော် ထိုင်းနိုင်ငံဖက်မှာ လျှို့ဝှက်အခြေစိုက်တဲ့ နိုင်ငံခြားရေးဌာနရုံးကို တာဝန်ထမ်းဆောင်ဖို့ သွားခဲ့ရတယ်။  


အနိဟာ့ဘတ်

ထိုင်းနိုင်ငံကို ကျနော် အရင်ကတည်းက နယ်စပ်မှာ ၀င်ထွက်ဖူးပါတယ်။ ထိုင်းစကားက ကျနော့အတွက် အရမ်းခက်တယ်။ အသံကနွဲ့တော့ နှာခေါင်းသံလေးနဲ့ပြောမှ အသံပီတယ်။ ကျနော်လိုက်ပြောရ ခက်သလို၊ ကိုယ့်အသံကိုကိုယ်ပြန်ကြားရတာကလည်း အခြောက်သံလိုထွက်နေတော့ ရှက်တာနဲ့ နှစ်အတော်ကြာကြာ ထိုင်းနိုင်ငံမှာ နေဖြစ်တာတောင် ထိုင်းစကားက အခုအထိ တောင်တလုံးမြောက်တလုံးအဆင့်ဘဲရှိသေး တယ်။ အဲဒီကြားထဲ အသံအနိမ့်အမြင့်က များတော့ ဆင်တူစကားလုံးတွေကို ပီသအောင်မပြောနှိုင်ရင် သူတို့နားမလည်တော့ဘူး။

တစ်ခါက ကျနော်တို့ ရဲဘော် အကိုကြီးတစ်ယောက်က ထိုင်းနိုင်ငံဖက်ခြမ်း နယ်စပ်မြို့လေးမှာ တာဝန်ကျ တော့ သူက ညနေညနေဆိုရင် သူ့မှာ မရှိမဲ့ရှိမဲ့ ဟိုလူဒီလူဆီက တောင်းထားတဲ့ ထိုင်းဘတ်ငွေလေးနဲ့ အရက်သွားဝယ်သောက်လေ့ရှိတယ်။ ရုံးကလည်း သူက အသက်အကြီးဆုံးဆိုတော့ နဲနဲပါးပါး စားချင်တာ လေးတွေစားပါစေဆိုပြီး ဆယ်ဘတ်၊ ဘတ်နှစ်ဆယ်လောက် ထုတ်ပေးတာပေါ့။ သူလည်း အနိ (ဒီဟာ) ဆိုပြီး လက်ညှိုးထိုးဝယ်တာပေါ့။ ထိုင်းနိုင်ငံမှာ ဆေးစိမ်တောအရက်က အတော်ကောင်းတယ်။ အဲဒါလေး ကို ညနေစောင်းတိုင်း ထိုင်းအဖွားကြီးတစ်ယောက်ရောင်းတဲ့ ဈေးဆိုင်မှာ စားပွဲပေါ်တင်ထားတဲ့ ပုလင်းကို လက်ညှိုးထိုးပြီး အနိ.ဟာ့ဘတ် (ဒီဟာငါးဘတ်ဖိုး) လို့ပြောရင် ဆိုင်ရှင်ကလည်း သဘောပေါက်နေပြီ။ ပက်ချင်ခွက်သေးသေးလေးနဲ့ ထည့်ထည့်ပေးလေ့ရှိတာပေါ့။ ကျန်တဲ့ ထိုင်းစကားပိုတတ်တဲ့ ရဲဘော်တွေက ညနေစောင်းရင် သူထွက်သွားပြီး ပြန်လာရင် အနံ့သင်းသင်းလေးရရနေတော့ သူဘယ်လိုဝယ်လို့ရနေလဲလို့ မသိမသာ စုံစမ်းကြတော့ သူက အနိဟာ့ဘတ်တစ်လုံးထဲနဲ့ အလုပ်ဖြစ်နေတာကိုသိကြရတယ်။ သူ့ကို နောက်ပိုင်း အတော်များများက နောက်ကွယ်မှာ အနိဟာ့ဘတ်လို့ခေါ်ကြတယ်။ သူသိသွားတော့ ဒီထက်နဲနဲ ပိုတတ် အောင် စကားလုံးတစ်လုံးနှစ်လုံး မေးစမ်းပြီးသင်ထားတာပေါ့။ ဆ၀ါဒီခဗ် (မင်္ဂလာပါ)၊ ဆဘိုင်ဒီမိုင် (နေ ကောင်းလား) စသည်ဖြင့်ပေါ့။

တစ်ရက် ညနေစောင်း သူဟိုဆိုင်ရောက်တော့ အဖွားကြီးကိုတွေ့တွေ့ခြင်း လက်အုပ်ချီပြီး ဆ၀ါဒီခဗ်လို့ပြော တော့ အဖွားကြီးက ဆ၀ါဒီလို့ လက်အုပ်ချီရင်း ပြန်နှုတ်ဆက်တယ်။ ဟုတ်ပြီပေါ့…. သူဆက်ပြောတယ်… “ဆဘိုင်မီမိုင်” ဆိုတော့ အဖွားကြီးက ‘မီခါ့’ ဆိုပြီး ဆိုင်ထဲက စပရိုက်အချိုရည်တစ်လုံးကို ခွပ်ကနဲ အဖုံးဖွင့်ပြီး ပလတ်စတစ်အိတ်ထဲထည့်ပေးလိုက်တယ်။ ‘မီမိုင်’ ဆိုတာက ရှိလားလို့မေးတဲ့စကားလေ။ အဖွားကြီးက သူ စပရိုက်သောက်ချင်တယ်ထင်လို့။ သူက အဲဒါမဟုတ်ဘူးလို့ လက်ဟန်ခြေဟန်နဲ့ ကြိုးစား ပေမယ့် ကိုယ်တိုင်လည်း ဆက်မပြောတတ်တော့ အဖွားကြီးပေးတဲ့ စပရိုက် အချိုရည်ကိုယူပြီး အဲဒီညနေ အရက်သောက်ဖို့ ထည့်သွားတဲ့ ပိုက်ဆံတစ်ဆယ်ကို အဖွားကြီးကိုပေးပြီး မကြေမနပ်ပြန်လာခဲ့တယ်။ သင်ပေးလိုက်တဲ့ ရဲဘော်တွေက သူမကြေမနပ် အထုတ်ဆွဲပြီး ရောက်လာတော့ ဘာဖြစ်တာလဲမေးကြည့် တော့မှ သူစကားအသံမှားတဲ့အပေါ် အဖွားကြီးက ထည့်ပေးလိုက်တာဆိုတော့ အားလုံးတဟားဟားဖြစ် ကုန်တာပေါ့။ သူကတော့ သူရတဲ့ရာရှင်လေးက အဲဒီညနေ အရက်အစား စပရိုက်တစ်ထုတ်နဲ့ပဲ ကြေနပ်ရ တော့တာပေါ့။

ထိုင်း

၁၉၉၅ မှာ ထိုင်းနိုင်ငံထဲမှာ တာဝန်ထမ်းဆောင်ရတယ်။ ထိုင်းနိုင်ငံဆိုတာက ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုပါ။ ထိုင်းနိုင်ငံထဲမှာ အဲဒီအချိန်က နယ်စပ်မှာ သွားလာနေခဲ့တဲ့အချိန် သောင်ရင်းမြစ်၊ သံလွင်မြစ်တွင်း က လှေပေါ်ကလှမ်းကြည့်ရင် ကျနော်တို့ မြန်မာနိုင်ငံဖက်ကမ်းက သစ်တောတွေက စိမ်းစိုနေပြီး ထိုင်းဖက် က သစ်တောတွေက ၀ါခြောက်ခြောက်လိုလို မြင်ရတယ်။ နယ်စပ်မြို့လေး မဲဆောက်ကို တောခိုခါစအချိန် က ရောက်ဖူးတဲ့အချိန်မှာ မဲဆောက်က မြန်မာနိုင်ငံထက်သာသလိုရှိတယ်လို့ ထင်ရတယ်။ ဇင်းမယ် (ချင်းမိုင်)၊ ဘန်ကောက်တို့ဖက်ကို ရောက်မှ လူနေမှုစနစ်အရမ်းကိုကွာခြားသွားပါလားလို့ သဘော ပေါက်ရတော့တယ်။ ၂၄ နာရီ ရေမီးအပြည့်အစုံရှိတယ်။ အားအားယားယား လူတွေကို အနှောက်အယှက် ဖြစ်အောင် ဧည့်စာရင်းတွေ လိုက်မစစ်ဘူး။ အခြေခံပြည်သူတွေက ကျနော်တို့ မြန်မာလူမျိုးတွေလိုပဲ ဖော်ရွေ သဘောကောင်းကြတယ်။ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေလည်း မရှိဘူး။ ဒါကြောင့် ဒီနိုင်ငံမှာ ကျနော်တို့ သွားလာနေထိုင်လို့ ရနေတော့ ထိုင်းနိုင်ငံရဲ့ကျေးဇူးတွေ ကျနော်တို့အပေါ်မှာ ရှိလာတာပေါ့။

ရာမ (၉) ဘုရင် ဖူမစ်ဖွန်း (ဘူမိဘော) က လက်ရှိထိုင်းနိုင်ငံရဲ့ ဘုရင်ဖြစ်ပြီး စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံး တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ထိုင်းလူမျိုးအများစုက သူတို့ ဘုရင်ကို သိပ်ချစ်ကြတယ်။ ဒီဘုရင်ကလည်း အခုလို အိုမင်းလာတာတောင် တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေအတွက် အမြဲတမ်းအလေးထားတဲ့ ပုဂ္ဂိုလ် အဖြစ် ကြည်ညိုစရာ တွေ့ရတယ်။  သမိုင်းအရ မြန်မာတွေက ထိုင်းနိုင်ငံကို သိမ်းပိုက်ခဲ့ဖူးတဲ့အတွက် လူနည်းစုတစ်ချို့ကတော့ ခွဲခြားဆက်ဆံတာမျိုးရှိတယ်။ ဒါပေမယ့် ထိုင်းလူမျိုးတွေအားလုံးမှာ တူညီတဲ့ အချက်ကတော့ သူတို့ဟာ ထိုင်းနိုင်ငံသားဖြစ်တဲ့အတွက် အတော်လေး ဂုဏ်ယူကြတယ်။ သူတို့နိုင်ငံမှာက လူတွေရပ်တည်လုပ်ကိုင်စားသောက်နှိုင်လောက်တဲ့ အခွင့်အလမ်းတွေကို ဖွင့်ပေးထားတယ်။ သူတစ်ပါးကို မထိခိုက်နှိုင်တဲ့ လွတ်လပ်မှုကို လူတိုင်းအတွက် ဖွင့်ပေးထားတယ်။ အစိုးရကလည်း မတရားလုပ်တာ မရှိ သလို၊ လူထုကလည်း မတရားလုပ်တယ်ထင်ရင် ချက်ခြင်း တရားစွဲပိုင်ခွင့်တွေရှိနေတာတွေ့ရတယ်။ ကျနော်တို့နဲ့ မတူကွဲပြားတဲ့ တိုးတက်လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုပါဘဲ။ ခိုးတာ၊ လိမ်တာ၊ ၀ှက်တာ တွေကို သူတို့လူမျိုးအချင်းချင်းတောင် ခွင့်မလွှတ်ဘူး။ ရာဇ၀င်ထဲက ရန်သူတွေဖြစ်တဲ့ ကျနော်တို့ မြန်မာ လူမျိုးတွေကိုတောင် ကျနော်တို့က သူတို့ကို ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်ဆက်ဆံရင် သူတို့ကလည်း လေးလေးစားစားဆက်ဆံကြတာရှိတယ်။ ပညာနည်းတဲ့ သူတစ်ချို့ကတော့ မြန်မာဆိုရင် မျက်နှာထားက အစပြောင်းသွားပြီး ခပ်ရိုင်းရိုင်း နှိမ်ပြီး ဆက်ဆံတာမျိုးတော့ရှိနှိုင်တယ်။ ဒါပေမယ့် အဲဒါဟာ တစ်နိုင်ငံလုံးရဲ့ သဘောထားလို့ သတ်မှတ်လို့မရဘူး။ ဘယ်နေရာမဆို လူဆိုး၊ လူကောင်းရှိတာပါဘဲ။
ကျနော်တို့နိုင်ငံက လူတွေက သူတို့ကို ‘ယိုးဒယား’လို့ခေါ်ကြတာကို သူတို့ထဲမှာ သမိုင်းနားလည်တဲ့ သူတွေ က မကြိုက်ဘူး။ မကြိုက်ရတဲ့ အကြောင်းရင်းရှိတယ်။ ရှေးက သူတို့ရဲ့ဘုရင်နန်းစိုက်တဲ့ နေရာကို အယုထိယ (အယုဒ္ဓယ) လို့အမည်ပေးထားတယ်။ အဓိပ္ပါယ်က ဘယ်သူမှ တိုက်ခိုက်သိမ်းပိုက်လို့ မရတဲ့ မြို့တော်ပေါ့။ အဲဒါကို ကျနော်တို့ ဗမာဘုရင်တွေကို သိမ်းပိုက်ပြီး ရှေ့က ‘အ’ကို နမ်နှိမ်တဲ့အနေနဲ့ ဖြုတ်ပစ်ပြီး သူတို့ကို ယုထိယ (ယုဒ္ဓယ) လို့ တောက်လျှောက်နှိမ်ပြီးခေါ်လာကြတာ အားလုံးနှုတ်ကျိုးနေတဲ့အထိဘဲ။ အဲဒီကနေ အခေါ်အဝေါ်တွေပြောင်းလာပြီး ယိုးဒယားဖြစ်သွားတယ်။ အဓိပ္ပါယ်က သိမ်းပိုက်လို့ရတဲ့မြို့ (နိုင်ငံ) ဖြစ်သွားတာပေါ့။ ဒါကြောင့် ကျနော်က ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးလို့ပဲ သုံးနှုန်းပါတယ်။ အမှန်ကတော့ လူတစ်ဖက်သားမကြိုက်တဲ့ အခေါ်အဝေါ်အသုံးအနှုံးကို တစ်ခြားလူမျိုးတွေတင်မက ကိုယ့်လူမျိုးအချင်းချင်း အပေါ်မှာတောင် ကျနော်တို့အားလုံး မသုံးသင့်တော့ပါဘူး။ ဒါမှ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံကြည်လေးစားမှုတွေတည်ဆောက်ပြီး အတူသွားနှိုင်မှာမဟုတ်လား။ ကျနော်တို့မှာ အခြေအနေက ရန်သူ ရှိလာအောင်တွန်းပို့ပေးခဲ့ပေမယ့် မိတ်ဆွေကိုသာ လိုချင်ကြတာလေ။

အိမ်နဲ့အဆက်အသွယ်ရပြီ

၁၉၉၅ မှာ ကျနော့ညီမလေးတစ်ယောက် နယ်စပ်ကိုရောက်လာတယ်။ ဖြစ်ပုံက ကျနော် ပေါ့ပါးထဘက်မှာ အင်္ဂလိပ်စာသင်တန်းတက်နေတဲ့အချိန်က တွေ့ခဲ့တဲ့ ညီမလိုခင်ရတဲ့ တိုင်းရင်းသူတစ်ယောက်က သူ ပြည်တွင်းကို ပြန်တဲ့အချိန်မှာ အိမ်အထိသွားပြီး ကျနော်နဲ့ဆက်သွယ်ပေးခဲ့တာ။ သူ့ကိုကျေးဇူးတင်ရပြန် တယ်။ ကျနော်နယ်စပ်မြို့တစ်ခုမှာ ဆင်းပြီးတွေ့ရတယ်။ အဲဒီနေ့က ညီမလေးက ကျနော်ထမင်းစားနေတော့ ထိုင်ကြည့်ရင်း မျက်ရည်တွေကျလာတယ်။ ဘာဖြစ်တာလဲလို့မေးတော့ သူက “ကိုကြီး အိမ်မှာတုန်းက ငါးဟင်းမစားဘူးလေ။ ကိုကြီးက ငါးမှမကြိုက်ပဲ” တဲ့။ ဟုတ်တယ်.. ကျနော်က ဘုရားစူးမြစ်ဝကျွန်းပေါ်သား။ ငါးကို ဟင်းချက်ထားရင် မကြိုက်ဘူး။ ကျနော် ထမင်းစားပွဲပေါ်မှာ ငါးဟင်းတွေချည့်တွေ့ရင် ထမင်းမစားဘဲ ထွက်သွားတော့ ဟင်းချက်ထားတဲ့ အမေနဲ့ညီမလေးတွေ မျက်နှာမကောင်းဖြစ်ကျန်ခဲ့ကြတာ မှတ်မိသေး တယ်။ ကျနော်က ညီမလေးကို “ဟဲ့… ဒီမှာတော့ ရှိတာစားရတာပေါ့။ မစားရင် ငတ်မှာ” လို့ ပြန်ပြောဖြစ် တယ်။ ညီမလေးက ၉၂ မှာ အမေဆုံးပြီလို့ပြောတော့ ကျနော့စိတ်ထဲမှာ သိပ်မခံစားရဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက အမေဆုံးခဲ့တာဖြစ်တာရော၊ ဒါတွေဖြစ်လာနှိုင်တယ်လို့ တွေးထားတာကြောင့် ရောပေါ့။ ဘယ်တတ်နှိုင်မလဲကွာ… သူဒီလောက်ပဲနေရမယ့် ကံပါလာကိုးလို့ပဲ ညီမလေးကိုပြန်ပြောမိခဲ့ တယ်လေ။
မေမေက ကျနော်အိမ်က ထွက်သွားပြီးကတည်းက ကျနော့ရဲ့ အင်္ကျီစုတ်၊ ဖိနပ်စုတ်ကအစ သူ့သားကြီးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို သံသေတ္တာတစ်ခုထဲမှာ ထည့်ပြီးသိမ်းထားတယ်တဲ့။ ကျနော့ကို သတိရတိုင်း ထုတ်ကြည့်ပြီးလွမ်းတတ်တယ်လို့လည်း ညီမလေးကပြောတယ်။ မေမေက နှလုံးရောဂါရှိတယ်လေ။ အမေ့ ရဲ့အမွေဆိုလို့ ကျနော်အိမ်ကထွက်သွားပြီးနောက်ပိုင်း သူမဆုံးခင်အထိ ရေးသွားခဲ့တဲ့ ဒိုင်ယာယီလေးတစ်ခု ပဲ ကျန်ခဲ့တယ်။ ရိုးရိုးဗလာစာအုပ်လေးထဲမှာ နေ့စွဲတွေတပ်ပြီး ကျနော့ကို စကားပြောခဲ့တာပါဘဲ။ ဒိုင်ယာယီ လေးရဲ့ မျက်နှာဖုံးမှာ ကျနော့နာမည်ကို တတ်ထားပြီး ကျနော့ကို သတိရတိုင်း စာထရေးလိုက်၊ ဘယ်သူမှ မမြင်အောင် ဖွက်ထားလိုက်နဲ့ အမေ့အလောင်းမြေကျမှ အမေ့အိပ်ယာရှင်းရင်းနဲ့ ဖျာအောက် မှာတွေ့ခဲ့ကြ တာလို့ ညီညီမတွေက ပြောတယ်။

ကျနော်အိမ်က ထွက်လာပြီးနောက်ပိုင်း အိမ်နဲ့အဆက်အသွယ် လုံးဝမလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ် တော့ မိသားစုကို ကျနော့ကြောင့် ဒုက္ခမရောက်စေချင်တာပါ။ ဒါပေမယ့် အစိုးရအာဏာပိုင်တွေကတော့ ကျနော့ အိမ်ကို ကျနော်နဲ့အဆက်အသွယ်ရှိမရှိ တစ်လကို အနဲဆုံး သုံးလေးခါ သွားရှာကြတယ်တဲ့။ ကျွန်တော် အိမ်ကထွက်လာပြီးနောက်ပိုင်း အဲဒီလိုအနှောက်အယှက် ပေးမှုတွေကြောင့် ညီညီမတွေလည်း အလုပ်တွေရလိုက် အလုပ်ပြန်ပြုတ်လိုက်ဖြစ်ကုန်ကြတယ်။ အမေဆုံးပြီးနောက်ပိုင်း တစ်မိသားစုလုံး တခြား မြို့ကိုပြောင်းနေကြတော့မှ ရှာဖွေရေးဒါဏ်ကင်းကင်း လုပ်ကိုင်စားနှိုင်တော့တယ်လို့ပြောကြတယ်။  

အမွေ

ညီမလေးပြန်သွားပြီး လအနည်းငယ်အကြာမှာ အဲဒီအမေ့ရဲ့ဒိုင်ယာရီစာအုပ်လေးကို ကျနော့ဆီကို ပို့ပေး လိုက်ကြတယ်။ စာအုပ်မျက်နှာဖုံးမှာ ကျနော့ကို ကိုလိပ်မူထားတယ်။ တကယ်တော့ အဲဒီအရောင်လွင့်နေ ပြီဖြစ်တဲ့ ဗလာစာအုပ်လေးဟာ ကျနော်အများအတွက် စွန့်လွှတ်ပြီး လုပ်ခဲ့ရတဲ့ ရလဒ်အဖြစ် အမေ့ဆီက ရတဲ့ အမွေအနှစ်ပါဘဲ။ ဟိုခေတ်က ကိုးတန်းလောက်အထိ ပညာသင်ခဲ့ဖူးတဲ့ အမေလက်ရေးလေးတွေဟာ အရင်လိုရှင်းပြီး လှနေတာပါဘဲ။ စာမျက်နှာ နှစ်မျက်နှာလောက် ဖတ်ရင်း အမေ ကျနော့အပေါ်ထားတဲ့ မေတ္တာတရားကို တစိမ့်စိမ့်စဉ်းစားပြီး မျက်ရည်ကျရတယ်။ ကျနော် ဆက်မဖတ်ရက်တော့သလို ဆက် လည်း မဖတ်ရဲတော့ဘူး…။ နောက်မှ ကျနော် တဖြည်းဖြည်းချင်းဖတ်ယူရတယ်။ အမေ့လက်ရေးနဲ့ စာ ကြောင်းတိုင်းက အမေကျနော့အပေါ်မှာ ဘယ်လောက်အထိ ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတာကို ပြောပြနေတယ်။ ကျနော့ဘ၀အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်လို့ ရင်ထဲကလှိုက်ပြီး ယူကျုံးမရ လည်းဖြစ်ရတယ်။
တစ်ရက် အိပ်မက်ထဲမှာ အမေက ကျနော့ အိပ်ယာဘေးမှာ စိုးရိမ်စိတ်နဲ့ငုံ့ကြည့်နေတာတွေ့ရပြီး လန့်နိုးလာ တော့ ကျနော့ကိုမျှော်နေခဲ့တဲ့ အမေ့အကြောင်းတွေးရင်း ကျနော် ရှိုက်ကြီးတငင် ငိုချပစ်လိုက်မိတယ်။ အိမ် ကထွက်သွားပြီး သေသလား ရှင်သ လားမသိရတဲ့သားတစ်ယောက်ရှိနေတဲ့ ကျနော့အမေ ဘယ်လိုခံစား နေခဲ့ရမလဲ။ ကျနော့လို အိမ်ကထွက်သွားတဲ့သားရှိတဲ့ အမေတွေ၊  ထောင်ကျတဲ့ သားသမီးရှိတဲ့ အမေတွေ ဒါမှမဟုတ် အခြားတစ်နည်းနည်းနဲ့ သားသမီးဆုံးရှုံးရတဲ့မိခင်တွေ ရဲ့ရင်ထဲမှာ ဘာတွေရှိမလဲ။ ကျနော် ပိုပြီး ကိုယ်ချင်းစာတတ်လာတယ်။ အမေဟာ ကျွန်တော်တို့ သားသမီးတွေရဲ့ လက်ဦးဆရာပါ။ အမေ့ရဲ့သွန်သင် လမ်းပြပေးခဲ့မှုတွေသာမပါရင် ကျနော်တို့ ဘ၀ကို ဒီလိုသတ္တိရှိရှိ ရင်ဆိုင်ဖြတ်သန်းဖို့ မလွယ်ကူနှိုင်ပါဘူး။ အမေ့ဒိုင်ယာယီလေးထဲမှာ အဖေ့ကိုတောင် ကျနော့ဘက်က မခံနှိုင်တဲ့ဒေါသနဲ့ ရေးထားတာတွေတောင် ရှိတယ်။ ဒီဒိုင်ယာယီလေးက ကျနော့အတွက် တန်ဖိုးမဖြတ်နှိုင်တဲ့ မိဘအမွေအနစ်ပါ။
မြန်မာနိုင်ငံရဲ့ အတ္တတွေ၊ မာနတွေလွှမ်းနေတဲ့ နိုင်ငံရေးပဋိပက္ခနဲ့ ပြည်တွင်းစစ်ကြီးက ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုးကို ဘာကောင်းကျိုးမှ မပေးပါဘူး။ မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာ့အဆင့်မပြောနဲ့ ကိုယ့်ဒေသတွင်း မှာတောင် မျက်နှာငယ်ငယ်နဲ့ အနိမ့်ကျဆုံး အဆင့်ကိုရောက်နေရပြီ။ နှစ်ပေါင်းများစွာ မြန်မာပြည်သူတရပ် လုံးခံစားနေ ရတဲ့ တိုင်းရင်းသားအချင်းချင်းတိုက်နေ တဲ့ ပြည်တွင်းစစ်ပွဲတွေ၊ မတရားမှုတွေ၊ မိတကွဲဖတကွဲ ဖြစ်ကြတဲ့ အဖြစ်ဆိုးတွေ အခုလိုအချိန်မျိုးမှာ ချုပ်ငြိမ်းသင့်ပြီထင်ပါတယ်။ ကျနော်တို့ သားအမိထက်ဆိုးရွား တဲ့ အဖြစ်အပျက်တွေအများကြီး အရင်က ရှိခဲ့သလို အခုအထိ မြန်မာပြည်နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ဆက်ရှိ နေဆဲပါ။ အမေ့လိုအမေများနဲ့ ကျနော့လိုသားတွေကို ဖန်တည်းဖြစ်ပေါ်စေခဲ့တဲ့ အဖြစ်မျိုးတွေက မျိုးဆက် အားလုံး အမြန်ဆုံး ကင်းဝေးကြပါစေ၊ လွတ်လပ်ကြပါစေလို့ ဆုတောင်းရပါတယ်။

အမေ့ဒိုင်ယာယီ
ဒီဒိုင်ယာယီဟာ ကျနော်စိတ်အလှုပ်ရှားရဆုံးနဲ့၊ အခံစားရဆုံး စာတွေချည့်ပဲ။ အမေကိုယ်တိုင် ချရေးခဲ့တယ်။ အမေက သူ့ရင်ထဲက ပြောချင်တာတွေကို ကျနော့ကို အသိပေးသွားတယ်။ ဒိုင်ယာယီအပိုင်းအစလေးတွေ တစ်ချို့ကို သူ့ရဲ လက်ရေးမူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ပြီးပြည့်စုံတဲ့မိခင်မေတ္တာနဲ့ သူသက်ရှိထင် ရှား ရှိနေခဲ့တဲ့အချိန်မှာ နှလုံးသားနဲ့ထုဆစ်ထားခဲ့တဲ့သက်မဲ့အရာဝတ္ထုဆိုပေမယ့် မိဘကျေးဇူးဘယ်လောက် ထိ ကြီးမားတယ်ဆိုတာရဲ့ မှတ်တိုင်တစ်ခုအဖြစ် စကားတွေအများကြီးပြောနေတဲ့ သက်ဝင် ဒိုင်ယာယီပါဘဲ။

ဒိုင်ယာယီအပိုင်းအစများ…..
















အမေကျနော့ကို တွေ့ချင်တဲ့ဆန္ဒတွေ ပြည့်ဝမသွားရှာဘူး။ သူက ကျနော့ကိုချစ်လွန်းလို့ ကျနော့ရဲ့ သူငယ် ချင်းရဲဘော်တွေကိုတောင် ကျနော်နဲ့အတူတူ အန္တရာယ်ကင်းဘေးရှင်းအောင် ထည့်ပြီးဆုတောင်းသွားခဲ့ တယ်။ အမေ့ရဲ့မေတ္တာတွေကြောင့် ကျနော် အန္တရာယ်အမျိုးမျိုးကြုံတွေ့ခဲ့ပေမယ့် ကံကောင်းထောက်မစွာ ဖြတ်သန်းနှိုင်ခဲ့ပါတယ်။ မိတ်ဆွေကောင်းတွေ အများကြီးရခဲ့တယ်။ အသိတရားတွေ၊ အတတ်ပညာတွေ ပိုပြီး လေ့လာခွင့်ရခဲ့တယ်။ ကျနော့ဘ၀ရဲ့ထက်ဝက်ကျော်ဟာ ကျနော်ချစ်တဲ့မိသားစုနဲ့ဝေးရာမှာ နေရတယ် ဆိုပေမယ့် ကျနော် အမေ့ရဲ့မေတ္တာတွေနဲ့ ရင်ဆိုင်နှိုင်နေဆဲပါ။ အမေ့ကျေးဇူးတရားတွေကို ဖော်ပြနှိုင် လောက်တဲ့ စကားလုံးမရှိလောက်အောင် ကြီးမားမြင့်မြတ်လှပါတယ်။ အမေ ကောင်းရာသုဂတိလားပါ စေလို့သာ။
                                                                                                      xxxxxxxxx 
                                                                                                                                                                                                                  ဆက်ရေးပါမည်.....ရဲဘော်မြတ်


No comments:

Post a Comment