ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၆)




နာနာဘာဝများနဲ့ သေ့လောထစခန်း
၁၉၉၁ခုနှစ်နှောင်းပိုင်း ကျနော်တို့ကို တကွဲတပြားစီဖြစ်စေမယ့် ABSDF တတိယအကြိမ်ညီလာခံကာလမှာ ကျောင်းသားညီလာခံကိုယ်စားလှယ်တွေ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ညှိနှိုင်းမရတဲ့အတွက် KNU က ကျောင်းသားတွေ မာနယ်ပလောကနေပြောင်းကြရမယ်လို့ အမိန့်ထုတ်လာတဲ့အတွက် ကျနော်တို့တပ်ရင်း က သံလွင်မြစ်ဆုံအထက် သေ့လောထစခန်းကို ပြောင်းကြရတယ်။ ကျနော်တို့က အရင်ရှိနေပြီးသား ကရင်တဲလေးတစ်ခုမှာ တက်နေကြတဲ့အချိန် ရဲဘော်အများစုကတဲရှည်ကြီးတစ်ခုပေါ်မှာနေကြတယ်။ သရဲ ချောက်တယ်ဆိုဘဲ။ တရက်နေ့လည်ပိုင်း စားသောက်အပြီး တဲပေါ်မှာစောင်ခြုံအိပ်နေကြတဲ့ရဲဘော်တွေ ကိုတောင် နေ့လည်ကြောင်တောင်ကြီး စောင်တွေဆွဲချတာတွေခံရတာရှိတယ်။ သူတို့ဆီက “မလုပ်ပါနဲ့ဆို နေ….။ ပြောလို့မရဘူးလား။ ရီးထဲမှဘဲ” ဆိုတဲ့အသံတွေထွက်လာလို့ သွားကြည့်တော့မှ သူတို့ပြောလို့သိရ တာ။ နောက်ပိုင်း အဆောက်အဦတွေစနစ်တကျပြန်ဆောက်၊ ခြံစည်းရိုးခတ်ပြီးတော့ သိပ်အသံမကြားရ တော့ဘူး။ ကြားမယ့်ကြားတော့ ကျနော်တို့တဲ့တဲ့ကိုလာတာ။
ညီလာခံကိုလည်း တပ်ရင်း ၂၀၉ (သံလွင်စခန်း) မှာ နေရာရွှေ့လုပ်ကြတယ်။ အဲဒီအချိန်က တစ်လှုပ်လှုပ် အချိန် အဖွဲ့အစည်းက အချိန်မရွေးတစ်ခြမ်းစီကွဲသွားနှိုင်တယ်။ ညီလာခံအခြေအနေကိုလည်း ကျနော်တို့နဲ့ လက်ပွန်းတတီးရှိတဲ့ ကိုယ်စားလှယ်တွေဆီက ပြန်နားထောင်နေကြရတာ။ သူတို့အပြောအရ ညီလာခံက နိုင်ငံရေးစစ်ရေးအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေတွေအပေါ်မှာ အားလုံးသဘောတူညီမှုရပြီးသား။ ကျနော် တို့တပ်ရင်းကိုလည်း မူလက (၈၈၈၈) တပ်ရင်းအနေနဲ့ ဗဟိုကော်မတီကဖွဲ့စည်းပေးခဲ့ပေမယ့် အဲဒီညီလာခံ မှာ တပ်ရင်း (၂၁၂) လို့ နာမည်ပြောင်းလိုက်တဲ့အကြောင်းသိရတယ်။ ရွေးကောက်တင် မြှောက်ရမယ့်အချိန် ရောက်မှ အရွေးချယ်မခံရမယ့်အရေးစိုးရိမ်ပြီး တာဝန်တွေကို ဗြောင်တောင်းဆိုလာတာတို့လိုမျိုး ညှိမရမယ့် အခြေအနေကိုရောက်လာတာတဲ့။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ညီလာခံမှာ… လျှို့ဝှက်မဲပေးစနစ်နဲ့ ဗဟိုကော်မတီဝင်တွေ၊ အဲဒီအထဲကမှ ဗဟိုဦးဆောင်ကော်မတီဝင်တွေ အပါအ၀င် ထိပ်တန်းတာဝန်တွေဖြစ်တဲ့ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး (၁)၊ (၂) တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါစည်းကမ်းအတိုင်း ရွေးချယ်ကြတာလို့ ကျနော်တို့နဲ့နီးစပ်တဲ့ ညီလာခံ ကိုယ်စားလှယ်နဲ့ လေ့လာသူအနေနဲ့တက်ရောက်နေကြတဲ့ရဲဘော်တွေက ပြန်ပြောကြတယ်။
ကျနော်တို့တပ်ရင်းက ရဲဘော်အများစုက ရှစ်ဆယ့်ရှစ်အရေးတော်ပုံမှာ လူသိများတဲ့ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုမိုးသီးဇွန်ကိုထောက်ခံကြတယ်။ ကိုမိုးသီးဇွန်နဲ့ သူ့ကိုထောက်ခံတဲ့သူတွေ ညီလာခံကထွက်သွားကြပြီ။ အဲဒါကဖွဲ့စည်းပုံကိုချိုးဖောက်တာဖြစ်တယ်၊ ဘာညာလည်းကြားနေရတယ်ဆို တော့ ကျနော်တို့လည်း တစ်ခုခုတော့ဆုံးဖြတ်ရတော့မယ့် အခြေအနေဖြစ်လာတယ်။ နောက်ပိုင်း ကျနော် တို့ လူအင်အားအနည်းစုဖြစ်တဲ့ တပ်ရင်းရဲဘော်ဆယ့်သုံးယောက်လောက်က ကိုမိုးသီးဇွန်ရဲ့နောက်ကို မလိုက်ဘူးလို့ ဆုံးဖြတ်လိုက်ပြီး တပ်ရင်းကနေ လက်လွတ်ထွက်ခဲ့ကြရတယ်။ မျက်နှာငယ်ငယ်နဲ့ ရဲဘော် အနည်းစုလေးကိုအခြေခံပြီး တပ်ရင်းပြန်လည်တည်ထောင်ရေးတွေကို တာဝန်တွေခွဲပြီးလုပ်ခဲ့ကြရတာ။ ကျနော်တို့ရဲ့ညီညွတ်မှုက ကျနော်တို့ကိုမျက်နှာသာပေးခဲ့ပါတယ်။ ကျနော်တို့ အင်အားတစ်စုံတစ်ရာနဲ့ ပြန်ပြီး ထူထောင်နှိုင်ခဲ့ကြတယ်။  
အဲဒီအချိန်က ကျနော်တို့တပ်ရင်းမှာရှိနေတုန်း မာနယ်ပလောကပြန်ရောက်လာတဲ့ ကျနော်တို့နဲ့ တစ်မြို့ တည်းသား ရဲဘော်ကိုဝမ်းသာက ၀က်သားတစ်တွဲဆွဲလာတယ်။ အဲဒီအချိန်က ကျနော်ရယ် ကိုခင်ထွန်း ကြည်ရယ် မူဆလင်ဘာသာဝင်ရဲဘော်မိုးအောင်ရယ်က ကျနော်တို့တပ်ရင်းတစ်နိုင်စိုက်ခင်း အပေါ်စောင်း က ယာစောင့်တဲခေါ်မလား… အဲဒီတဲမှာနေကြတယ်။ ၀မ်းသာက သူဆွဲလာတဲ့ဝက်သားကနဲတော့ တပ်ရင်း တစ်ရင်းလုံးဝေစားဖို့မဖြစ်ဘူး လက်လှမ်းမီရာရဲဘော်သူငယ်ချင်းတွေလောက် ချက်စားကြတာပေါ့ ဆိုတော့ ကျနော်တို့ ဟင်းကိုသီးသန့်ချက်စားဖြစ်ကြတယ်။ မူဆလင်ရဲဘော်ကိုမိုးအောင်ကတော့ မစားဘူးပေါ့။ အဲ… သူကမစားပေမယ့် ဒုက္ခရောက်တဲ့အထဲပါလာသေးတယ်။ ကျနော်တို့ ညနေစောင်းစားသောက်ပြီးအချိန် ကိုဝမ်းသာက လှေကြုံနဲ့ မာနယ်ပလောဖက်ကို ပြန်ဆင်းသွားတယ်။  
ညမိုးချုပ်တော့ ကျနော်တို့ထုံးစံအတိုင်း ယာစောင့်တဲမှာ ကိုခင်ထွန်းကြည်နဲ့ကျနော်က တဲတိုင်တွေမှာ ပုခက်တွေချည်ပြီးအိပ်၊ ကိုမိုးအောင်က တဲကြမ်းပြင်ပေါ်မှာအိပ်ကြတယ်။ ည ၁၁ နာရီခွဲလောက် အချိန်မှာ ကရင်တွေစကားပြောပြီး လမ်းလျှောက်သွားတဲ့အသံတွေကြောင့် ကျနော်လန့်နိုးလာတယ်။ အသံတွေအရ ယောင်္ကျားကြီး ၂ ယောက်လောက်အမျိုးသမီး ၃ ယောက်လောက်၊ လမ်းလျှောက်ပြီး စကားပြောတတ်တဲ့ အရွယ် ကလေးငယ် ၃ ယောက်လောက်နဲ့ ကတစ်ခွင်ပါလာတဲ့ကလေးသံလေးတွေပါပါတယ်။ သူတို့က ကျနော်တို့ တဲဘေးကဖြတ်ပြီး အပေါ်ဖက်တောင်ကုန်းပေါ်ကို ဖြတ်တက်သွားတဲ့အသံတွေ။ ဟ… ငါတို့ တပ်ရင်းက ခြံစည်းရိုးတွေကာထားတာ အနားကရွာသားတွေလည်း ဒါကကျောင်းသားတပ်ဆိုတာ သိပြီး သား၊ ဘယ်လိုလုပ်ပြီးညဖက်ကြီး ၀င်လာရဲမလဲလို့စဉ်းစားနေတုန်း… “ဟေ့..။ ဘယ်သူတွေလဲကွ” ဆိုတဲ့ ကိုမိုးအောင်ရဲ့အသံနဲ့အတူတစ်ဆက်ထဲသူက “ကိုမြတ်..။ ကြားလား။ လူသံတွေ” ကျနော်ချက်ခြင်း မတုန့် ပြန်နှိုင်ခင် ကိုခင်ထွန်းကြည်ရဲ့အသံထွက်လာတယ်။ “ငါ..။ ကြားတယ်” တဲ့။ ကျနော်လည်းကြားတယ်လို့ ပြောပြီး ကိုမိုးအောင်ကိုနောက်ကခေါ်ပြီး တဲပေါ်ကဆင်းခဲ့တယ်။ ကိုမိုးအောင်ကို နို့ဆီခွက်ကိုပိန်ပြီး လုပ်ထားတဲ့ လက်ဖြစ်ရေနံဆီမီးခွက်ကို လေထဲခပ်မြင့်မြင့်မြှောက်ကိုင်ခိုင်းထားပြီး ကျနော်က သေနတ်ကို ရှေ့ကိုထိုးချိန်ပြီး ဆင်းကြည့်တာလေ။ ဘာမှမတွေ့ဘူး။ ကျနော်က ဘာလဲကွာ.. ဘာမှလည်းမတွေ့ဘူး၊ လာ ပြန်အိပ်ကြမယ်ဆိုပြီးတဲပေါ်ပြန်တက်ခဲ့တယ်။
ကျနော်တို့ မှေးကနဲအိပ်ပျော်ရုံရှိသေးတယ် ကျနော်တို့ တဲက စပြီးလှုပ်လာတော့ ရုတ်ကနဲပြန်နိုးလာတယ်။ ဘုရားရေ။ အောက်က… အကောင်ကြီးကြီး တစ်ကောင်ကောင်က ထမ်းပြီးလှုပ်နေသလို။ ကျနော်လည်း ပါးစပ်က အယုတ္တအနတ္တတွေဆဲဆိုပြီး ၀ုန်းကနဲသေနတ်ဆွဲပြီး ပုခက်ပေါ်ကဆင်းရတော့တယ်။ ကိုမိုးအောင် ကြောက်နေပြီ။ လာလို့သူ့ကိုခေါ်တော့ သူမလိုက်ရဲဘူးလို့ပြောတယ်။ ကျနော်က နောက်ကနေပဲလိုက်ဖို့ ပြောပြီးတဲကို လှည့်ပတ်ကြည့်တယ်။ ဘာမှမရှိဘူး။ နောက်တစ်ခေါက်တဲပေါ်ပြန်ရောက်ပြီး အိပ်ဖို့ပြင်ရုံရှိ သေးတယ်၊ တဲကထပ်ပြီး ခုနကလိုလှုပ်လာပြန်တယ်။ ကျနော်က “ဒါတပ်မြေကွ၊ မင်းတို့ ၂ ခါသေချင်လို့ လား။ ငါတို့ကိုဘာမှတ်နေလဲ” ဘာညာအော်ရင်း လေထဲကို သေနတ်နဲ့သုံးချက်လောက် ထောင်ဖောက်ပစ် လိုက်တယ်။ တပ်ရင်းတစ်ရင်းလုံးလည်း နိုးလာတယ်။ တစ်ချို့က ကျနော်သရဲပစ်နေတာဆိုတော့ “ကိုမြတ် ကလည်းဗျာ၊ ကျနော်တို့က ခင်ဗျားတောဝက်ပစ်ထားတယ်မှတ်လို့ ဟင်းစားရပြီဆိုပြီးလာတာ” လို့ အပြစ်တင်တဲ့လေသံတွေနဲ့ ပြောသွားတာပါ ခံလိုက်ရသေးတယ်။ သေနတ်သံကြားလို့လားမသိဘူး အဲဒီသရဲ နောက်ထပ်လာမခြောက်တော့ဘူး။ နောက်မှ တရားခံကိုတွေ့တော့တယ်။ ဟိုကောင် ကိုဝမ်းသာက အားလုံးစားပြီးကျန်နေတဲ့ အဆီတုန်းတစ်ခုကို အဲဒီညနေက တဲပေါ်ကနေအောက်ကိုပစ်ချပြီး “စားကြ၊ စားကြ၊ မင်းတို့မ၀သေးရင် ညကျရင် ဒီတဲမှာလာတောင်းတဲ့” လက်စသတ်တော့ ကျေးဇူးရှင်ရဲ့လက်ချက်ပေ ဘဲ။ အဲဒါ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးသရဲခြောက်ခံရ တာ။
အကြပ်ကြီးနှင့်အတူ
ဗဟိုအရေးပေါ်တပ်ဖွဲ့တဲ့အချိန်တွေမှာ ကျနော်ကနောက်တန်းမှာရှိနေတဲ့အချိန်တွေလိုဖြစ်တော့ ကျနော် ခဏခဏပါတယ်။ တစ်ခါက ဥသုထဘက် ရန်သူပစ်ထားတဲ့လက်နက်ကြီးတွေက တောင်ကြောပေါ်မှာ ကျင်းကြီးတွေဖြစ်နေတော့ ကျနော်တို့စစ်ကြောင်း ပတ်လျှောက်ရတယ်။ သတိတကြီးထားသွားနေကြရတာ ပေါ့။ ရန်သူရဲ့လက်နက်ကြီးတစ်ကမ်းမှာ ရွေ့လျားနေရတာမဟုတ်လား။ ရဲဘော်တွေက သီချင်းလေးတွေတ ညည်းညည်းနဲ့ တက်လာကြတာ။ တပ်ရင်း ၂၁၀ က ကိုကြင်သန်းဦးက သေနတ်ကိုဇော်ထမ်းထမ်းပြီး “သားမှားပြီ…. မှားပြီမေမေရဲ့” လို့ သီချင်းဆိုတော့ အားလုံးမောမောနဲ့ ဝေါကနဲပွဲကျသွားတယ်။ သူက အရမ်းရီစရာပြောတတ်တယ်။ သူက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် နံ့သာကွင်းသား။ ဘယ်နေရာရောက် ရောက် သူနဲ့ကရီစရာတွေချည့်။ စစ်ကြောင်းကိုတောင် ရွှင်ပျော်ပျော်စစ်ကြောင်းလို့ နာမည်ပေးရတော့မလို တဲ့၊ တစ်ခြားရဲဘော်တွေကပြောကြတာ။
တစ်ရက် ကျနော်တပ်ရင်းကနေ ဗဟိုဖက်ကိုသွားမလိုထွက်လာတော့ ကိုကြင်သန်းဦးနဲ့ သူတို့တပ်ရင်းက တခြားရဲဘော်တစ်ယောက်တို့ တပ်ရင်းခြံစည်းရိုးမှာ ငုတ်တုတ်ထိုင်နေကြတာတွေ့တယ်။ ကျနော်က ဘာ တွေလုပ်နေကြတာလဲလို့မေးတော့သူက အရက်သောက်နေတာကွ။ သူငယ်ချင်းလာဆိုပြီး ခေါ်တယ်။ ကျနော်က ဟေ့လူ.. ခင်ဗျားက တပ်ရင်းအရာခံဗိုလ်ဖြစ်ပြီး တပ်ရင်းမှာအရက်သောက်နေရလား။ အချုပ်ထဲ ရောက်တော့မှာဘဲလို့ သူ့ကိုပြောလိုက်တော့ သူကချက်ခြင်း “အာ… ငါတို့က တပ်တွင်းမှာ အရက်မ သောက်ရဆိုလို့ ကိုယ်လည်းအရက်သောက်လို့ရ တာဝန်လစ်ဟင်းမှုလည်းမဖြစ်အောင် ခြံစည်းရိုးပေါ် ထိုင်သောက်နေတာလေကွာ” တဲ့။ ခြံစည်းရိုးပေါ်မှာဆိုတာ့ အမိန့်က တပ်တွင်းမသောက်ရနဲ့ ကင်းလွတ် တယ်ပေါ့။ အဲဒီလိုလူ။
သတိရလျှက် 
သူတို့တပ်ရင်း ရှေ့တန်းတစ်နေရာ လှုပ်ရှားစစ်သွားကြတော့ နံ့သာကွင်းရွာသားတစ်ယောက်နဲ့ပြန်ဆုံတယ်။ ဟာ.. ကြင်သန်းဦးကြီး မင်းကယူနီဖောင်းကြီးနဲ့ဆိုတော့ မှတ်တောင်မမှတ်မိဘူးဘာညာနဲ့ သူတို့အချင်းချင်း ရွာမှာကျန်ခဲ့တဲ့သူတွေမေးကြ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ပေါ့။ အတော်နေတော့ ရွာသားက ပြန်ရ တော့မယ့်အချိန်ရောက်တော့ ပြန်ဘို့ပြင်နေရင်းက၊ အဲ… မေ့တော့မလို့။ အခုမှသတိရတယ်။ အရင် တလောက တို့ရွာမှာ နတ်ပွဲကြီးချိမ့်ချိမ့်သဲလုပ်တော့ ကိုကြီးကျော်နတ်ဝင်လာပြီး ကတာခုန်တာနားတော့ အဲဒါ သူက “ဟေ့… ဒါနဲ့.. ကြင်သန်းဦးတစ်ယောက်ကောကွ။ ငါသူ့ကိုမတွေ့ပါလား” ဆိုပြီးမေးပါလေရော။ ရွာသားတွေကလည်း ကျင်သန်းဦးတောခိုသွားတယ်ဆိုတာကိုကြားထားကြတော့ မျက်စေ့မျက်နှာပျက်၊ ကြောက်ကြောက်လန့်လန့်နဲ့။ သူဒီရွာမှာ မနေတော့ဘူးဖရာ့လို့ တစ်ယောက်က၀င်ဖြေပေးတယ်။ ကိုကြီး ကျော်က “ဟေ… ဟုတ်လား။ ဒါဆို အဲဒီ ကြင်သန်းဦးတစ်ကောင်နဲ့တွေ့ရင်ပြောလိုက်စမ်းပါကွာ။ ငါ့ဆီမှာ အကြွေစေ့တွေများနေပြီကြက်တွေလည်းအများကြီးအဖြစ်နေပြီ။ ပြန်လာခဲ့ဦးလို့”။ သူတို့ပြောဆိုနေတာကို နားထောင်နေတဲ့ ကျန်တဲ့ရဲဘော်တွေကနားမလည်ဘူးဖြစ်နေတော့ ကိုကြင်သန်းဦးကို ဘာဖြစ်လို့လဲလို့ မေး ကြတယ်။ ကိုကြင်သန်းဦးက ဆက်မမေးဖို့မျက်ရိပ်ပြပြီး မပြောဘူး။ ဟိုလူသွားတော့မှ ကိုကြင်သန်းဦးက ရွာမှာနေတုန်းကအကြောင်းကို ပြန်ပြောပြတယ်။
ကိုကြင်သန်းဦးက သူ့ရွာမှာ ဒီလိုဘဲ ညနေစောင်းလာရင် နဲနဲချတယ်။ အရက်သောက်တာကိုပြောတာနော်။ ဒီလိုနဲ့တစ်ညနေတော့ သူလည်း အရက်သောက်စရာပိုက်ဆံမရှိတာနဲ့ ကြံမိကြံရာ တစ်ခုစဉ်းစားမိပြီး ရွာထဲ က ပိန်စုတ်စုတ်ကြက်တစ်ကောင်ကိုဖမ်းပြီး ရွာထိပ်ကကိုကြီးကျော်နတ်ကွန်းကိုသွားတယ်။ နတ်ကွန်းပေါ် မှာ ရွာသားတွေကိုးထားတဲ့ ပိုက်ဆံအကြွေစေ့လေးတွေရှိသလို နတ်ကွန်းဘေးဝန်းကျင်က ရွာသားတွေရဲ့ ကောင်းမှု ကြက်တစ်အုပ်လည်းရှိနေတယ်။ သူကနတ်ကွန်းရှေ့မှာရပ်၊ လက်ထဲကကြက်ကိုမြှောက်ပြပြီး.. “ကိုကြီးကျော်။ ကျနော်ခင်ဗျားနဲ့ ကြက်လာတိုက်တာ။ ကျနော်နိုင်ရင် ကိုကြီးကျော်ရဲ့ငွေကိုယူမယ်။ ကြက် လေးတွေလည်း တစ်ကောင်နှစ်ကောင်ယူမယ်။ ခင်ဗျားနိုင်ရင်ကျနော့ကြက်ကိုယူ။” လို့ပြောတယ်။ နောက် သူ့လက်ထဲကကြက်ကို ကိုကြီးကျော်နတ်ကွန်းနားက ကြက်တစ်ကောင်နဲ့တည်ပေးလိုက်တော့ ကြက်တွေ ထခွပ်ကြတာပေါ့။ သူကအကြံနဲ့လေ။ တစ်ချက်ဘဲလွှတ်ပေးပြီး သူ့ကြက်ကိုအမြန်ပြန်ကောက်ရင်း “ကဲ.. ကျနော်နိုင်ပြီ” ဆိုပြီး နတ်ကွန်းပေါ်ကငွေတစ်ချို့ကိုအရက်သောက်ဘို့နဲ့ ကြက်နှစ်ကောင်သုံးကောင်လောက် ကို အမျည်းလုပ်ဘို့ယူတယ်။ အကုန်လုံးယူလိုက်ရင် ရွာသားတွေရိပ်မိသွားမှာစိုးလို့တဲ့။ အဲဒါကို သူက ဘိုင် ပြတ်တိုင်း ကိုကြီးကျော်နတ်ကွန်းမှာ နောက်ပိုင်းသွားသွားလုပ်လေ့ရှိတယ်တဲ့။ သြော်… ဒါ့ကြောင့် သူ့ကို ရွာသားတွေတွင်သာမက ‘ဦးမင်းကျော်နတ်’ ကတောင် သတိတရရှိနေတာပါလား။
ကြံကြံဖန်ဖန် 
အဲ… သူ့ကို အကြပ်ကြီးလို့ နာမည်ပေးရလောက်အောင် သူများတွေကိုကြပ်တတ်တာလဲပြောရဦးမယ်။ သူတို့တပ်ရင်းမှာ အသက်အကြီးဆုံးထဲက လူပျိုရဲဘော်အကိုကြီးရှိတော့ အဲဒီအကိုကြီးက နယ်ကနေ ခရစ္စမတ်နေ့မှာ ဈေးလာရောင်းတဲ့ကောင်မလေးငယ်ငယ်တစ်ယောက်ကို ကြိုက်နေတယ်။ ဖြစ်ချင်တော့ ဟို ကောင်မလေးကလည်း ဘာမှတုန့်ပြန်မလာတာနဲ့ သူကမင်းငါ့ကိုပြန်မကြိုက်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့မယ်၊ ဒီည ၁၀ နာရီ ပွဲဈေးက ဘယ်နေရာလာခဲ့ဆိုတာမျိုး ချိန်းစာရေးပြီးပေးခဲ့လိုက် တယ်။ အဲဒါကို ရဲဘော်တွေကတစ်ဆင့် ကိုကြင်သန်းဦးကသိနေပြီ။ ခနနေတော့ ရဲဘော်သုံးလေးယောက်နဲ့ တိုင်ပင်ပြီး အစီအစဉ်ချတော့တယ်။ ရဲဘော်တစ်ယောက်က ကို…. ဆီကိုသွားပြီး အကိုကြီးမှိုင်လှချည့်လား ဘယ်လိုဖြစ်နေတာလဲ ဘာညာနဲ့သွားအစ်တော့ ဟိုကသူအသဲကွဲမလောက်ခံစားနေရတာတွေကို ရင်ဖွင့် တော့ အဲဒီရဲဘော်က “ဟာ… ကိုကြီးကလည်း။ ကိုယ့်အနားဝန်းကျင်မှာ အဲဒါမျိုးကို လုပ်ပေးလို့ရတဲ့ဆရာရှိ နေရဲ့သားနဲ့။ မသိဘူးလား” လို့မေးတယ်။ အစ်ကိုကြီးမျက်လုံးတွေအရောင်တောက်လာပြီး ဟေ့ကောင် ရှင်းရှင်းပြောစမ်းပါကွာ.. ဘယ်သူလဲ။ ဘယ်လိုကူမှာလဲပေါ့ မေးတယ်။ အဲဒါနဲ့ အဲဒီရဲဘော်က ကိုကြင်သန်း ဦးလေ သူကဆရာဘဲ။ ဒီကိစ္စမျိုး ယတြာတွေဘာတွေလုပ်တာအရမ်းကောင်းတာ။ သူ့ကိုမေးကြည့်ပါလား ဆိုတော့။ ဟာ.. မင်းကလည်း ဟုတ်လို့လားကွာပေါ့။ အဲဒီအချိန် ညှိထားတဲ့အတိုင်း နောက်တစ်ယောက်က ဖြတ်သွားသလိုနဲ့ စကားဝိုင်းထဲဝင်လာပြီး ကိုကြင်သန်းဦးက သူတတ်တာကိုသူလျှိုပြီးနေတဲ့အကြောင်း ကိုယ်တိုင် သွားအကူအညီတောင်းမှပေးတာဖြစ်ကြောင်းပြောတယ်။ ဒါနဲ့ သူက တွေ့မယ်ကွာ အခုကို သွား တွေ့မယ်ဆိုပြီး ကိုကြင်သန်းဦးရှိတဲ့နေရာကိုသွားတော့ လမ်းမှာ တခြားရဲဘော်တစ်ယောက်က သြော်… အကိုကြီး ဆရာကြင်သန်းဦးဆီကိုသွားမလို့လားလို့မေးတော့ သူက ကိုကြင်သန်းဦးဟာ တကယ့်ဆရာပဲလို့ ပိုယုံသွားတော့တာပေါ့။
အဲဒါနဲ့ သူ.ကိုကြင်သန်းဦးတဲကိုရောက်တော့ ဟိုလူက အကိုကြီးလာလာ။ ဒီကို မလာစဖူးအလာထူးတော့ အပူလေးတွေရှိနေလို့ဘဲဖြစ်မယ်။ အင်း… အမျိုးသမီးတစ်ယောက်နဲ့ပါတ်သက်နေ တဲ့ကိစ္စမဟုတ်လားလို့ မေးတယ်။ သူက “ဟာ။ ဟုတ်ပါတယ်ဆရာ (ကိုကြင်သန်းဦးက သူ့ထက် အများကြီး ငယ်တယ်)။ ဆရာက တပ်အပ်သိနေပါ့လား။ ကျနော်အရင်က ဆရာကြင်သန်းဦးက ဒါတွေသိတဲ့ဆရာ မဟုတ်ဘူးထင်လို့ပါဆိုပြီး မျက်နှာငယ်လေးနဲ့ သူ့ကိစ္စကိုအကူအညီတောင်းတော့တယ်။ ကိုကြင်သန်းဦးက၊ အိမ်း.. ကိစ္စအမြန်ဆုံး အောင်မြင်ဖို့ဆိုရင်တော့ ဆေးဖယောင်းတိုင်ထွန်းရမယ်။ ဆေးဖယောင်းတိုင်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ဆရာကိုယ်တိုင်စီမံပေးရမယ်။ အဲဒါဘတ်ငွေငါးရာလောက်ကျမယ်ဆိုတော့ ဟိုအကိုကြီး က “ဟာ.. ရပါတယ်ဆရာ။ သူ့အတွက်ဆိုရင် ကျနော့မှာရှိတာတွေကုန်သွားပါစေ။ ကျနော်လုပ်ပါ့မယ်” ဆိုပြီး ငွေကိုချက်ချင်းထုတ်ပေးလိုက်တယ်။ ငွေလက်ထဲရောက်တော့ ကိုကြင်သန်းဦးက သူ့ရဲဘော်တွေနဲ့ ထိုင်းဘက်ကမ်းကိုကူး။ ဖယောင်းတိုင်တစ်ထုပ်ဝယ်ပြီး တစ်နေ့လုံးအရက်ထိုင်သောက်နေတာ ညနေစောင်း လောက်မှ တပ်ရင်းကိုပြန်ရောက်တယ်။ ဟိုလူကြီးကတော့ တစ်မျှော်မျှော်ပေါ့။ ကိုကြင်သန်းဦးတဲကို ဆရာ ပြန်ရောက်ပြီလားဆိုပြီး လာလာကြည့်ရတာလည်းအမော။ ညနေအတော်စောင်းတော့မှ သူမျှော်နေတဲ့ ဆရာပြန်ရောက်လာတယ်။ ဆရာ့အပြောအရ ည ၈ နာရီအတိမှာ ဆေးဖယောင်းတိုင်ထွန်းမှာဆိုတော့ အချိန်မီပါဘဲ။ ည ၈ နာရီရောက်တော့ ၀တ်စုံဖြူစင်ကြယ်ဝတ်ကိုကြင်သန်းဦးက အကိုကြီးကို ခြေရင်းဖက် မှာထိုင်ခိုင်းထားပြီး ပါးစပ်ကလည်းပါဋိလိုလို၊ ဘာတွေမှန်းမသိတာတွေရွတ်ဖတ်ပြီး ဖယောင်းတိုင်ထွန်း ပေးလိုက်ပြီး အောင်ပြီ… အောင်ပြီ… အောင်ပြီ… လို့ သုံးခါဟစ်ကြွေးပြီးတဲ့အခါ ဆေးဖယောင်းတိုင် မငြိမ်း မချင်း ဘယ်ကိုမှထွက်မသွားဖို့နဲ့ ဖယောင်းတိုင်ငြိမ်းတာနဲ့ ကောင်မလေးရှိတဲ့နေရာကိုသွားပြီး တွေ့တာနဲ့ လက်ဆွဲပြီး အဖြေတောင်းဖို့ညွှန်ကြားလိုက်တယ်။ ဟိုလူကြီးလဲ ဖယောင်းတိုင်ရှေ့မှာ တက်ကြွတဲ့မျက်လုံး တွေနဲ့ ထိုင်စောင့်နေလိုက်တာ သူ့ဖယောင်းတိုင်က နာရီခွဲလည်း မငြိမ်း၊ ဆယ်နာရီကျော်လည်း မငြိမ်းတဲ့ အတွက် ၁၁ နာရီနီးပါးအထိစောင့်ပြီး ဖယောင်းတိုင်ငြိမ်းတာနဲ့ဝုန်းကနဲထပြီး ကောင်မလေးကိုချိန်းထားတဲ့ ပွဲဈေးကိုပြေးတော့တယ်။ ပွဲဈေးကိုရောက်တော့ဈေးသိမ်းပြီ။ ဘယ်သူမှမရှိတာမှ ခွေးတစ်ကောင်ကြောင် တစ်မြီးတောင်မရှိတော့။ ကောင်မလေးရှိတဲ့အိမ်ကိုလည်း ညသန်းခေါင်ကြီးသွားမနှိုးရဲနဲ့၊ ဘာလုပ်ရမှန်းမသိ တာနဲ့ တပ်ရင်းကိုပဲပြန်လာခဲ့ရတော့တယ်။ နောက်တစ်နေ့ မနက်အစောကြီးထပြီး ကောင်မလေးနေတဲ့အိမ် ကိုရောက်တော့ ကောင်မလေးက သူ့ရွာကိုပြန်ဆင်းသွားပြီ။ သူစိတ်ပျက်လက်ပျက်ဖြစ်နေတာပေါ့။
အဲဒါမပြီးသေးဘူး… ကိုကြင်သန်းဦးက သူ့ကိုတွေ့တဲ့အခါ “ဟေ့လူ။ ဘယ်လိုလဲ ကျနော့ဆေးဖယောင်း တိုင်။…” စကားတောင်မဆုံးသေး အကိုကြီးဆီကအသံထွက်လာတယ် “တော်တော့။ မင့် သောက်ဖယောင်း တိုင်ကြီးအကြောင်း” တဲ့။ ဟိုလူကြီးလဲရှက်တာနဲ့ နောက်ပိုင်းထွက်ပြေးသွားပါလေရော။ အဲဒီလောက်ထိ ကြံကြံဖန်ဖန် ကြပ်တတ်တာ။ သူ့အကြပ်မခံရတဲ့သူမရှိသလောက်ပဲ။ ကိုကြင်သန်းဦးလည်း ကျန်မာရေး ကြောင့် ကရင်နီဒေသဖက်မှာ ဆုံးရှာပြီ။
ဒေါင်းဂွင်ဌာနချုပ်ဆီသို့
ဇာဇာအမှတ်တရ
ဒါးဂွင်ဘက်ကိုမရောက်ခင် တပ်ရင်းနောက်တန်းရံပုံငွေအတွက် လက်သမားကျွမ်းကျင်တဲ့ နှုတ်ခမ်းမွှေး ကိုဇော်ဝင်းကြီးနဲ့ အတူ သံလွင်မြစ်စောင်း သစ်စက်တွေကလွှင့်ပစ်ထားတဲ့ ကျွန်းသစ်အပြင်သား (ပကာစ) တွေနဲ့ စားပွဲ၊ ကုလားထိုင်၊ ပက်လက်ကုလားထိုင်လေးတွေလုပ်ပြီး ထိုင်းဖက်ကမ်းကိုကူးပြီး သွားရောင်း ကြတယ်။ ထိုင်းနိုင်ငံဖက်ခြမ်းက သောလဲထဈေးမှာပေါ့။ နောက်တန်းရဲဘော်တွေအတွက် ရိက္ခာကအစ တစ်ဘက်တစ်လမ်းက အထောက်အကူဖြစ်ခဲ့ပါတယ်။ အဲဒါအတွက်လည်း ဒီရဲဘော်ကြီးကို ဒီနေ့အထိ ကျေးဇူးတင်လို့မဆုံးဖြစ်နေတုန်း။
၉၁ နောက်ပိုင်း ကျနော်တို့တပ်ရင်းအမှတ် (၂၁၂) က ဒါးဂွင်ဘက်ကိုရွှေ့ရတယ်။ သံလွင်မြစ်ဆုံ (သံလွင်မြစ် နဲ့ သောင်ရင်းမြစ်တို့ဆုံတဲ့နေရာ) ရဲ့ ဟိုး အထက်ဘက်ပေါ့။ ကျနော့ကိုလည်း တပ်ရင်းရဲ့ တပ်ရေးအရာရှိ (နောက်တန်းမှူး) အဖြစ် တာဝန်ပေးထားတယ်။ တပ်ထောက်တာဝန်ကိုပါတွဲကိုင်ရတာကိုး။ အဲဒီအချိန်က နောက်တန်းပြန်လည်တည်ဆောက်ရေးကာလလို့ ပြောရမယ်။ ပထမထိုင်းဖက်ခြမ်းမှာ ယာယီဝင်နေကြ တယ်။ အဲဒီအချိန်က ဇာဇာရတနာဆိုတဲ့ အခြောက်ရဲဘော်ကိုတွေ့ရတယ်။ သူက အတော်သတ္တိရှိတယ် ကြားဖူးတယ်။ ရှစ်ဆယ့်ရှစ်ကတည်းက သူ တောထဲကိုကျောင်းသားတွေနဲ့အတူ ရောက်နေတာ။ တိုက်ပွဲ ပြင်းထန်နေတဲ့ တိုက်ပွဲကြားထဲမှာ သူက သူ့ရဲ့ဝပ်ကျင်းထဲကနေ အပေါ်ကို မကြာခဏ ခုန်တက်ပြီး ရန်သူ ဖက်ကို “သားတို့ရေ၊ အမေ့ကိုမထိသေးဘူးဟဲ့။ ထိအောင်ပစ်ကြလေ” လို့ သူ့တင်ပါးကိုပုတ်ပုတ်ပြီး အော်တယ်တဲ့။ သူထိလိုက်ရင်လည်း ဖင်မှာချည့်မှန်တယ် ကြားဖူးတယ်။ သူက ကျနော့အမေအရွယ် လောက်ရှိတယ်။ ကျနော်တို့က ဇာဇာလို့ဘဲခေါ်ကြတယ်။ ကျနော်တို့မြို့က နတ်ကတော်တွေကို သူ အကုန်သိတယ်။ ဆံပင်ညှပ်တာသိပ်ကောင်းတယ်။ ကျနော်တို့ ဆံပင်ညှပ်ချင်တဲ့အခါ ဇာဇာရာ ကျနော့ကို ဒီအတိုင်းပဲပစ်ထားတော့မလား။ အမေ့သား ဆံပင်ဘုတ်သိုက်နဲ့ ဒုက္ခရောက်နေတာလို့ပြောလိုက်ရင် သူက “ဟင်း.. ပြောချင်ဘူး။ နင်တို့ငါ့ကိုခိုင်းချင်တဲ့အခါကျတော့ လာလာချွဲနေတာ။ သိပါတယ်နော်” လို့ပြန်ပြော လေ့ရှိတယ်။ ကိုယ်ကလည်း ဒီအမေ့သားတွေဘဲရှိတာ အမေမှလှလှပပလေးတွေဖြစ်အောင် လုပ်မပေးရင် ဘယ်သူလုပ်ပေးမလဲဆိုတော့ “သွား၊ ဘယ်မှာလဲ၊ ကပ်ကြေးနဲ့ ဘီးယူခဲ့” ဖြစ်လာရော။ သူ့အကြောင်း လေးတွေက ပြန်ပြောရင် ညစ်ပတ်တဲ့ စကားတွေအသုံးအနှုန်းတွေပါနေလို့ ဆက်မပြောတော့ပါဘူး။ ဒါပေမယ့် အဖွဲ့အစည်းနဲ့ရဲဘော်တွေအပေါ်မှာ သံယောဇဉ်ကြီးပြီး သစ္စာရှိတဲ့ရဲဘော်ကြီးတစ်ယောက်ပါ။ သူလည်း မရှိရှာတော့ပြီ။ နယ်စပ်တစ်နေရာမှာ အသတ်ခံလိုက်ရတယ်တဲ့။
ကံကောင်းလို့
ဟိုဘက်မြန်မာနိုင်ငံအခြမ်းမှာ သံလွင်မြစ်ကိုဖြတ်ပြီး တပ်ရင်းမတည်ခင် ကိုကြီးဇော်ဝင်းရဲ့အမျိုးသမီး ရဲမေ ၀င်းဌေးက တစ်နေ့ တောထဲမှာမှိုကျင်းတွေ့လာတယ်။ မှိုနဲ့ချဉ်ပေါင် ချက်စားကြတယ်။ ဟင်းကလည်း အတော်စားကောင်းတယ်။ ထုံးစံအတိုင်း အသားအနေနဲ့ကတော့ငါးပိရည်ကျဲပေါ့။ စားကောင်းကောင်းနဲ့ နောက်တန်းကျန်ရဲဘော် ဆယ့်ငါးယောက်လောက် စားထည့်လိုက်ကြတာ။ ခနနေတော့ တစ်ယောက်ပြီး တစ်ယောက် တဝေါ့ဝေါ့နဲ့ ထိုးအန်ကုန်တယ်။ ကျနော်လည်း မူးနောက်နောက်ဖြစ်လာပြီး အန်တယ်။ ဆက် တိုက်ပဲ မရပ်တော့ဘူး။ အစာအဆိပ်ဖြစ်တာ။ အားလုံး ယာယီဘားတိုက်ပေါ်မှာဝမ်းလျားမှောက် ခေါင်းလေး တွေထုတ်ပြီး အန်နေကြတာ။ ကျနော် ဗဟိုကို စက်နဲ့လှမ်းပြီး အကူအညီတောင်းရတော့တယ်။ ဗဟိုက ဆေးမှူး ကိုထွန်းထွန်းဝင်းအပြေးရောက်လာတော့ အကုန်လုံး ဖင်လေးတွေလှန်ပြီးတန်းစီဆေးထိုးခံကြ။ အဆိပ်ပြေအောင်စားဖို့ သူလမ်းမှာခူးလာတဲ့ ကန်ဇွန်းရွက်စိမ်းတွေကို အစိမ်းအတိုင်းစား၊ နောက်.. ခဏကြာမှ အားလုံးထူထူထောင်ထောင်ပြန်ဖြစ်တော့တယ်။ ကံကောင်းလို့။
အဲ ကံကောင်းလို့ဆိုမှ ကိုယ်ဖတ်ဖူးတဲ့ မောင်ရိုးကာတွန်းလေးတစ်ခုကို ပြန်သတိရလာတယ်။ မောင်ရိုးက တစ်နေ့ မြင်းတစ်ကောင်ဝယ်ဖို့ သွားကြည့်တယ်။ မြင်းတွေက ခပ်တောင့်တောင့်တွေ။ ဈေးမေးကြည့်တော့ မြင်းပိန်တစ်ကောင်က တစ်ခြားမြင်းတွေထက် ပိုဈေးကြီးနေတယ်။ အဲဒါနဲ့ မောင်ရိုးမေးတော့ ရောင်းတဲ့သူ က ဒီမြင်းက ထူးခြားတယ်။ သူ့ကို “ကံကောင်းလို့”လို့ ပြောရင် သူက ဒုန်းစိုင်းပြေးရော ဘယ်မြင်းမှ လိုက်မ မီဘူးတဲ့။ “အောင်မလေး” လို့ပြောမှ သူကရပ်တယ်ပေါ့။ မောင်ရိုး သဘောကျပြီး အဲဒီမြင်းကို ၀ယ်လိုက် တယ်။ သူက “ကံကောင်းလို့” လို့ပြောလိုက်တော့ မြင်းက ဒုန်းစိုင်းပြီးပြေးတာ မြင်းပေါ်ကမောင်ရိုး ရင်တဖိုဖို နဲ့ ပါသွားပါလေရော။ မောင်ရိုးရှေ့ကို လှမ်းကြည့်လိုက်တော့ အသူတရာနက်တဲ့ ချောက်ကမ်းပါးစောင်း၊ ပြုတ်ကျတော့မယ်။ မောင်ရိုးလည်း ဘယ်လိုရပ်ခိုင်းရမယ်ဆိုတာမေ့သွားပြီး ကြောက်အားလန့်အားနဲ့ “အောင်မယ်လေးဗျ၊ လုပ်ကြပါဦး၊ ပြုတ်ကျတော့မယ်” လို့အော်လိုက်တယ်။ အောင်မယ်လေးသံကြားသွား တဲ့မြင်းက ချောက်ကမ်းပါးစောင်းမှာ မကျရုံတစ်မယ်ထိုးရပ်သွားတယ်။ မောင်ရိုးရင်အေးသွားပြီး “တော်သေး တာပေါ့။ ငါအချိန်မီအော်မိပေလို့။ နို့မို့ရင် ချောက်ထဲကျတော့မှာ။ ကံကောင်းလို့” တဲ့။ မြင်းက ရုတ်တရက် ချောက်ကမ်းပါးစောင်းကနေ ၀ုန်းကနဲခုန်ချလိုက်တယ်။ ကံကောင်းလို့ဆိုတဲ့အသံကြားသွားလို့။
နတ်ပြုစားတာတဲ့
ကျနော်တို့ တပ်ရင်းအသစ်နေရာ ဒါးဂွင်ဒေသမှာ တပ်ရင်းသစ်တွေ၊ စခန်းသစ်တွေ ဆောက်ကြရတယ်။ ကျနော်တို့တပ်ရင်း၊ သံလွင်မြစ်အထက်ဘက်ဘယ်ဘက်မှာ ဗဟိုသင်တန်းကျောင်း၊ နောက် ညီနောင်တပ် ရင်းဖြစ်တဲ့ တပ်ရင်း (၂၁၀)ကနေ ဗဟိုအထိပေါ့။ တပ်ရင်းနေရာက အရင်ကသစ်စက်ဟောင်းနေရာပေါ့။ ကိုင်းတောတွေကို ဓားနဲ့ဆင်းခုတ်တာလက်တွေပေါက်ပြဲကုန်တယ်။ နောက်တော့ လက်နဲ့ဆွဲနှုတ်တဲ့အခါကျ တော့ လွယ်လွယ်ကူကူဘဲ တဗြုတ်ဗြုတ်နဲ့ပါလာတယ်။ အဲဒီကျမှ အကုန်လုံး ဒီလိုမှန်းသိရင်အပင်ပန်းခံပြီး ဓားနဲ့လိုက်ခုတ်မနေပါဘူး ဖြစ်ကုန်တယ်။ ကုန်းလေးပေါ်မှာ တပ်ရင်းရုံးဆောက်။ စားဖိုနဲ့အိမ်သာ အဲပြီးတော့ ရဲဘော်တွေရဲ့ ဘားတိုက်ပေါ့။ အဲဒီအချိန်က တပ်ရင်းမှူးကိုရောဘတ်က ရှေ့တန်းကပြန်ရောက်ပြီး မာနယ် ပလောကိုသွားနေတယ်။ ကျနော်တပ်ရင်းကိုလှည့်ပတ်ကြည့်လိုက်တော့ တပ်ရင်းကနေ အောက်ဖက် သံလွင်မြစ်ကိုဆင်းမယ့် လမ်းပေါက်တည့်တည့်မှာ အရင်သစ်စက်လုပ်တုန်းကထားခဲ့တဲ့ ခြေတံရှည်နတ်စဉ် လေးတစ်ခုရှိနေတယ်။ အဲဒီလိုနတ်စဉ်မျိုးတွေကို ထိုင်းနိုင်ငံရဲ့နေရာအနှံ့မှာ နောက်ပိုင်းတွေ့ရတယ်။ ကျနော် အတော်မျက်စေ့နောက်သွားတယ်။ ကျနော်ကအဖိုးအဖွားနဲ့ကြီးခဲ့တာဆိုတော့ ကျနော့အဖေဘက်က အဖိုး က နတ်အယုံအကြည်မရှိဘူး။ ကျနော်တို့ကိုလည်း နတ်တွေကိုမယုံဖို့အမြဲပြောခဲ့တယ်။ တစ်ခါ သူ့အိမ်မှာ အိမ်တွင်းမင်းမဟာဂီရိနတ်အုန်းကို သူ့ဆွေမျိုးတစ်ယောက်က မသိလို့သွားဆွဲထားတာတွေ့တော့ အုန်းသီး ကို ခြေထောက်နဲ့အပြင်ကိုကန်ထုတ်ပြီး သူကရတနာသုံးပါးကလွဲပြီးဘာမှမယုံဘူးလို့ ဒေါသတကြီးပြောခဲ့ တာ မှတ်မိသေးတယ်။ ကျနော်လည်း တပ်ရင်းသစ်အလယ်ခေါင်ကနတ်စဉ်ကြီးကိုတွေ့တော့ ဒါကြီးနဲ့တော့ စစ်တပ်ဝင်းလုပ်ရတာမနိတ်ပါဘူးဆိုပြီး ကျနော့ရဲဘော်ကြီးကိုဝင်းဗိုလ်နဲ့ ကိုသံချောင်းတို့ကိုခေါ်လိုက်တယ်။
ကိုဝင်းဗိုလ်က ကျောက်ကြီး၊ သူရဲသမိန်ဘက်က ရွာသား၊ ကိုသံချောင်းကတော့ မန္တလေးဘက်ကတဲ့၊ ကျနော့ကို ဗိုလ်ကြီးလို့ပဲခေါ်ကြတယ်။ များသောအားဖြင့်တော့ နာမည်ရှေ့မှာ ‘ကို’ တတ်ပြီးခေါ်လေ့ရှိကြ တာ။ “ကိုသံချောင်းနဲ့ကိုဝင်းဗိုလ်။ ကျနော်ဒီနတ်စဉ်ရှေ့မှာ စကားပြောမယ်။ အဲဒါပြီးရင် ခင်ဗျားတို့နတ်စဉ်ကို ဆွဲနှုတ်လိုက်တော့” လို့ကျနော်ပြောတော့ ကိုဝင်းဗိုလ်က “ဗိုလ်ကြီးက ဖြစ်ပါ့မလား” တဲ့။ ရပါတယ်ဗျာ လာစမ်းပါဆိုပြီး “ကဲ…။ ဒီနေရာကတပ်ရင်းနေရာဖြစ်နေပြီ။ တပ်ရင်းမှာစစ်သားပဲရှိရမယ်။ ဘာမှလာနေလို့ မရဘူး။ အဲဒီတော့ ခင်ဗျားလည်းဒီမှာမနေနဲ့တော့” လို့အမိန့်သံနဲ့ပြောပြီး သူတို့ကို ဆွဲနှုတ်ဘို့မျက်ရိပ်ပြ လိုက်တယ်။ တဆက်တည်း နတ်စဉ်မှာထောင်ထားတဲ့လှေခါးလေးကို ကျနော်ဖြုတ်ယူလိုက်တယ်။ သူတို့ လည်း နတ်စဉ်ကိုမရဲတရဲဆွဲနှုတ်ပြီး ကျနော့နောက်ကို လိုက်လာကြတယ်။ ကျနော် သံလွင်မြစ်စောင်းကို ဆင်းပြီး “ခင်ဗျားအခုအချိန်ကစပြီး၊ ရောက်တဲ့နေရာမှာတက်နေလို့ရပြီ” ဆိုပြီး လှေကားလေးကို တဟုန်ထိုး စီးနေတဲ့ သံလွင်မြစ်ထဲကိုလွှင့်ပစ်လိုက်သလို ကိုဝင်းဗိုလ်တို့ကိုလည်း နတ်စဉ်ကို ရေထဲကို လွှင့်ပစ်ခိုင်း လိုက်တယ်။ ပြီးပြီပေါ့။ ကျနော်က စိုးရိမ်နေတဲ့ရဲဘော်တွေရဲမျက်လုံးတွေကို မသိဟန်ဆောင်ပြီး တပ်ရင်းပေါ် ကို ရင်ကော့တက်ခဲ့တယ်။ တပ်ရင်းမှူးကိုရောဘတ် နောက်ထပ် ၁၀ ရက်လောက်အကြာ မာနယ်ပလောက ပြန်လာတော့ ကျနော့ကိုဆူပါလေရော။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ အဲဒီရက်ထဲ သူ တုတ်ကွေးထ ဖြစ်တာ တစ်ပတ်လောက်ဆန်ပြုတ်သောက်နေရတယ်ဆိုဘဲ၊ ဟိုဟာကြီးကိုသွားပြီးနှုတ်တဲ့ ကျနော့ရဲ့ လက်ချက်ကြောင့်တဲ့။
xxxxxxxxx
                                                                                                                                                                                                         ဆက်ပါဦးမည်.....
 ရဲဘော်မြတ်

No comments:

Post a Comment