ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၅)


ရဲဘော်တို့နဲ့တူပျော်ပျော်
ဗဟိုမှာရှိနေတဲ့အချိန်မှာ ကျနော့ကို သူ့ညီအရင်းလိုအရမ်းခင်တဲ့ ကိုတိုက်ဂါးဆိုတာ လာလာလည်လေ့ ရှိတယ်။ သူက သူ့ဆီမှာစားစရာရှိတိုင်း ကျနော့ကိုမျှကြွေးတယ်။ သူက မြန်မာ့လက်ဝှေ့ထိုးတာလည်း ၀ါသနာပါတယ်။ မာနယ်ပလောမှာ ပွဲတွေလမ်းတွေရှိတဲ့အချိန် လက်ဝှေ့ပွဲတွေရှိပြီဆိုရင် သူက လက်ဝှေ့ သွားထိုးပြီး ကျနော့ကိုလ္ဘက်သုတ်လိုက်ဝယ်ကြွေးတယ်။ လ္ဘက်ရည်လည်းတိုက်တယ်။ အဲ… တစ်ခုဘဲ.. သူလက်ဝှေ့ထိုးပြီးကျနော့ဆီဝင်လည်တော့ “ဟေ့… တို့တွေ မာနယ်ပုလောမှာ လ္ဘက်ရည်သွားသောက်ကြရ အောင်၊ ငါလက်ဝှေ့ထိုးလာတော့ ပိုက်ဆံနဲနဲရလာတယ်ကွ” လို့ခေါ်တယ်။ ကျနော်သူ့မျက်နှာကို ကြည့် လိုက်တော့ အထိုးခံထားရတာအဖုအပိန့်တွေနဲ့။ မျက်လုံးတစ်လုံးကလည်းပိတ်တော့မယ်။ ဟာဗျာ… ခင်ဗျားပုံကိုကြည့်တာနဲ့တင် ခင်ဗျားကြွေးတာမစားရက်တော့ဘူးလို့ပြန်ပြောဖြစ်တော့ သူက “ညီလေး ကလည်းကွာ အဲဒါတွေခနနေပျောက်သွားမှာပါတဲ့”။ တကယ်တော့ ကိုယ့်အပေါ်မှာ အဲဒီလောက်ကောင်း တဲ့ ရဲဘော်ညီအကိုမောင်နှမတွေ အများကြီးတွေ့ခဲ့တာ ကျနော့အတွက် အမြတ်ပါဘဲ။
ရယ်စရာပြောတတ်တဲ့ရဲဘော်တွေထဲမှာ မုဒုံဘက်က ကိုစိုးလွင်တစ်ယောက်ရှိတယ်။ သူ့ကို ကြီးမိုက်လို့ ၀ိုင်းခေါ်ကြတယ်။ ကြီးလေ မိုက်လာလေဆိုတဲ့သဘောပေါ့။ သူကလည်း ကျေကျေနပ်နပ်ခံယူပါတယ်။ သူငယ်ချင်းရဲဘော်တွေနာမည်ပြောင်ပေးတဲ့အခါ ကျေကျေနပ်နပ်မဖြစ်တာက ကျနော်တို့မြို့မှာမွေးပြီး ရန်ကုန်မှာကြီးတဲ့ကိုသက်။ ကိုသက်က ကြိုးတွေ၊ အပ်တွေ စုဆောင်းထားလေ့ရှိတယ်။ ကျနော်တို့ စစ်အင်္ကျီ ဘက်တံဆိပ်တွေကို အပ်ပျောက် တကယ့်ကိုသေသေသပ်သပ်ချုပ်ပေးနိုင်တဲ့ သူလည်းဖြစ်တယ်။ ကျောပိုးအိပ်၊ ဖိနပ်ကအစ သူ့ရဲ့ဣစ္ဆာသရအိပ်ထဲက အပ်တွေကြိုးတွေနဲ့ချုပ်ပေးလေ့ရှိတယ်။ အဲဒီတော့ ရဲဘော်တွေက ထီးချုပ်တယ်၊ ဖိနပ်ချုပ်တယ်ဆိုပြီးသူ့ကို နာမည်လှလှလေးဝိုင်းပေးလိုက်တယ်။ ကုလား ကြီး။ သူ့ကို ကုလားကြီးလို့ခေါ်ရင် သူပြန်ပြောလေ့ရှိတာက “ရီး..ကုလားကြီးပါ့လား” တဲ့။
ကိုစိုးလွင်ပြောပြောနေတဲ့ ရီစရာထဲမှာက အမှတ်တရ တစ်ခုရှိတယ်။ မွန်အဖိုးကြီးနဲ့ မွန်မလေးတစ်ယောက် စက်ဘီးချင်းတိုက်မိကြတယ်တဲ့။ ဂျိန်းကနဲ တိုက်အပြီး ကောင်မလေးက “ဘကြီးလုပ်၊ တစ်ချက်မဟုတ်၊ ကျမ စပုတ်… ပြတ်” လို့ မကျေမနပ်ပြောတယ်။ ဘကြီးလုပ်တာနဲ့ ကျမစက်ဘီးက စပုတ်တိုင်တွေပြတ် ကုန်ပြီလို့ပြောတာလေ။ အဘိုးကြီးက ကုန်းထလာပြီး ဒေါသတကြီးပြန်ပြောလိုက်တာက “နင့်စပုတ်ပြတ်၊ အကြောင့်.. မဟုတ်…၊ ငါ့ဂွေး…လိမ်” တဲ့။ နင့်စပုတ်တိုင်ပြတ်တာကိစ္စမရှိဘူး ငါ့စက်ဘီးဂွေလိမ်သွားပြီလို့ ပြောတာ။ မွန်သံနဲ့ထွက်ပြောကြည့်ရင် အရမ်းရီရတယ်။
ကျနော်တို့တပ်ရင်းက ရဲဘော်အများစုက KNU ရဲ့ နာမည်ကြီး ၀မ်ခခံစစ်အတွေ့အကြုံရှိကြတယ်။ ရန်သူပစ် လိုက်တဲ့ လက်နက်ကြီးကျည်ဆံတစ်လုံးက ဆန်အိတ် ၁၂ အိတ်ဖိုးလောက်ရှိတာဆိုတော့ ဂျိန်းဆိုပြီးဟို ဘက်က အသံထွက်လာတိုင်း ခံစစ်ထဲကလူတွေ သွားပြန်ပြီ ဆန်အိတ် ၁၂ အိတ် လို့ပြောလေ့ရှိကြတယ် တဲ့။ ဒီပြည်တွင်းစစ်က ကျနော်တို့အားလုံးကိုဆင်းရဲသားတွေဖြစ်ပြီး ကမ္ဘာ့အလယ်မှာမျက်နှာငယ်ငယ် နေရအောင် လုပ်ထားတာပါလားလို့လည်း စဉ်းစားမိသေးတယ်။ သူတို့က လက်နက်ကြီးသံကိုနားထောင်ပြီး အဲဒီလက်နက်ကြီးသံက ကိုယ့်အနားကိုကျလာမယ့် လက်နက်ကြီးလား အဝေးကိုကျော်ပြီးသွားကွဲမှာလား ဆိုတာကို သိကြတယ်။ ကိုယ်တိုင်လက်တွေ့ကြုံမှ သူတို့ပြောတာမှန်တယ်လို့လက်ခံရတယ်။ လေချွန်သလို ရွှီးဆိုတဲ့အသံရှည်က ခေါင်းပေါ်ရောက်တဲ့အထိ မပျောက်သေးရင် ၀ပ်ကျင်းပေါ်တက်ပြီး ထမင်းတောင် အေးအေးဆေးဆေး စားလို့ရသေးတယ်တဲ့။ အဲဒီရွှီးဆိုတဲ့အသံက အနားအရောက် ရှပ်ကနဲပျောက်လို့က တော့ နီးရာကျင်းထဲ ဒိုင်ဗင်ထိုးပေတော့တဲ့။ ဒီအတွေ့အကြုံကို စောထခံစစ်မှာလက်တွေ့စမ်းခွင့်ရတယ်။
သူတို့ဝမ်ခအတွေ့အကြုံမှာ တဘက်ရန်သူကထုလိုက်တဲ့ လက်နက်ကြီးကျည် (အသီး) တစ်ခုက ခေါင်း ပေါ်က၀ါးရုံမှာ ညပ်ပြီးတ၀ှီးဝှီးလည်နေတော့ ပုန်းတဲ့လူပုန်း၊ ၀ပ်တဲ့လူဝပ်နဲ့ နောက်တော့ အဲဒါကြီးက အရှိန် သေပြီး ဗုတ်ကနဲမြေကြီးပေါ်ပြုတ်ကျလာတယ်တဲ့။ မကွဲဘူး။ တချို့လက်နက်ကြီးကျည်တွေလဲ မကွဲဘဲ မြေကြီးထဲ၊ ရွှံ့ထဲမှာ ဖွတ်ကနဲလာစိုက်နေတာလည်းရှိတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ရဲဆေးဖြစ်တဲ့ “သေနတ် ဆိုတာပစ်တိုင်းထိတာမဟုတ်ဘူး” ဆိုတဲ့ အဆိုက မှန်တာပေါ့။ အဲဒါနဲ့တပြိုင်တည်း နောက်ထပ်အဆို တစ်ခုလည်းရှိသေးတယ်။ “ထိမယ့်ကောင်ဆိုရင်လဲ ကျည်ဆံမှာကိုယ်ပိုင်နံပါတ်နဲ့ကို လိုက်လာတာတဲ့” ဟင်… ကောင်းရော။ ဒါကြောင့် “ပူမနေစမ်းပါနဲ့ကွာ၊ ဘာမှမဖြစ်ရင်၊ ဘာမှမဖြစ်လို့ဘဲ” ဆိုတဲ့ စကားကြီး ထွက်လာတာဖြစ်မယ်။
လောကွားလူက ဗဟိုရုံးရဲ့ ညာဘက်ခပ်လှမ်းလှမ်းမှာ စစ်ရုံးရှိတယ်။ တစ်ရက်တော့ အဲဒီစစ်ရုံးဘက်က ဗဟို ရုံးရှေ့က လမ်းလေးအတိုင်း လူတွေတ၀ုန်းဝုန်းပြေးဆင်းလာတာတွေ့ရတယ်။ မှတ်မိသလောက် ဦးရီထွန်း၊ ကိုတိတ်ကြီး၊ စစ်ဦးစီးချုပ်ကိုကျော်ထင်ရယ်၊ နောက် ဗဟိုဆက်သွယ်ရေးတပ်ဖွဲ့ဝင်တစ်ချို့ရယ်။ ကြည့်ရတာ နောက်ကြည့်နောက်ကြည့်နဲ့ ပြေးဆင်းလာကြတော့ တစ်ခုခုတော့ နောက်ဖက်မှာ အန္တရာယ်ရှိတဲ့သဘော။ အောက်ကလူတွေကလည်း ထွက်ပြေးရမှာလိုလို။ ဘာလဲဟ။ ရန်သူရောက်လာတယ်လဲ သတင်းမကြားပါ ဘူးပေါ့။ နောက်မှ သူတို့ထဲကတစ်ယောက်ကပြောတယ်။ KNU KE (လက်နက်ထုတ်လုပ်ရေးတပ်) က ဒုံး ကျည်တစ်ခုကို မီးရှို့ပြီးစမ်းပစ်ကြည့်တာ ဒုံးကျည်ကတည့်တည့်မသွားပဲ ကွေ့ပြီးသူတို့နောက်ပြန်လိုက်လာ လို့တဲ့။ တော်သေးတာပေါ့ သူတို့ဒုန်းကျည်က ကွဲသံလဲမကြား ဘယ်ကျသွားမှန်းမသိလို့။ နဂိုကမှ ဗဟိုမှာ နေ့တိုင်းလိုလို ညာဦးထီး (ငါးပိ) နဲ့ချည့်လိုလိုစားကြရလို့ အဟာရကမပြည့်ရတဲ့အထဲ သူတို့နောက်လိုက် ပြေးတဲ့သူပြေးနေရသေးတယ်။ အဲဒီငါးပိတွေကြောင့်လားမသိဘူး၊ ကျနော်တို့လက်ချောင်းတွေ ခနခန၀ဲ ပေါက်ပြီး ကုတ်နေကြရတယ်။ ၀ဲကုတ်ရတာလဲ တစ်ခါတစ်လေ ဇိမ်ကျသား။
ပထမဆုံးရှေ့တန်းခရီး
KNU တပ်မဟာ (၃) တပ်ရင်း (၇) ရွှေကျင်နယ်ဖြစ်တဲ့ ကျောက်ကြီးဘက်က ကျောက်ကြိုး စခန်းဘက်ကို ကျနော်တို့ ပထမဆုံးစည်းရုံးရေးဆင်းတဲ့အဖွဲ့နဲ့ ပထမဆုံးရှေ့တန်းထွက်ဖြစ်တယ်။ စည်းရုံးရေးဆိုတာကလဲ အနေအထားသွားကြည့်တာမျိုးဆိုတော့ ကျနော်တို့ အဲဒီမှာ ကြိမ်ခုတ်၊ ၀ါးခုတ်၊ ရွှေတူး လုပ်နေကြတဲ့ သူတွေရဲ့ စခန်းအပေါ်ဖက်ဘုရားကုန်းမှာ ယာယီနေရာယူကြတယ်။ ကျနော်တို့ သုံးလေးယောက် သေနတ် မပါဘဲ ၆၂ မမ လောင်ချာကျည်ဆံတွေကို၊ ခပ်တည်တည်နဲ့ သင်အူကြိုးနဲ့သိုင်းပြီး နောက်ကျောမှာလွယ် သွားကြတယ်။ အမှန်က သူ့သေနတ်နဲ့သူထည့်ပစ်ရတာ။ တပ်ရင်းမှာ ၆၂ မမ သေနတ်ကမရှိသေးဘဲ အဲဒီ ကျည်ဆံတွေချည့်ဘဲရှိနေတာဆိုတော့ တစ်ခုခုအသုံးဝင်ကောင်းရဲ့လို့စဉ်းစားပြီး သယ်သွားကြတာ။ ရွာသား တွေကကျနော်တို့ကိုတွေ့ပြီး ကျောင်းသားတွေမှန်းသိသွားကြတယ်။ ကျနော်တို့ မောင်းပြန်သေနတ်တွေ အပြင် လက်နက်ကြီးတွေတောင် တစ်ယောက်တစ်လက်ကိုင်ထားနှိုင်တဲ့ကျောင်းသားတွေကို အထင်ကြီး သွားတာပေါ့။ ဒါကြီးတွေက တကယ်တန်းပြောရရင် ထိပ်တိုက်သာတိုက်ပွဲဖြစ် ကျနော်တို့ ဘယ်လိုပစ်ရမှန်း သိတာမဟုတ်ဘူး။ အဲဒါက ရှေ့တန်းပထမဆုံးအတွေ့အကြုံသာဆိုတယ် ကျနော်တို့ တိုက်ပွဲတစ်ပွဲမှ မတိုက် ခဲ့ရဘူး။ ရန်သူက ရွာသားတွေဆီကသတင်းအရ လက်နက်အင်အားတောင့်တဲ့ ကျောင်းသားတွေရောက် နေတဲ့အပြင် နောက်ချန်အင်အားတွေဘယ်လောက်များရှိလည်းမသိဘူးလို့ထင်နေလို့ လာမစမ်းသေးတာ လည်း ဖြစ်နှိုင်တယ်။
သူတို့ဆီက ကျနော်နောက်တန်းကိုပြန်လာတဲ့အချိန် ရန်သူ့လှုပ်ရှားစစ်ကြောင်းတစ်ခုဝင်လာတယ်။ ၆၂ တွေသုံးခွင့်ရသွားတယ်။ ကျန်ခဲ့တဲ့ရဲဘော်ထဲက တစ်ယောက်က ၆၂ အသီးတွေ (ကျည်ဆံ) ကို ၀ါးခြမ်းပြား ထဲထည့် ဓာတ်ခဲခြောက်လုံးနဲ့ရှော့ခ်ရိုက်ပြီးပစ်တယ်။ အနားမှာ ရွာသားတစ်ယောက်နှစ်ယောက်ရှိတယ်ဆို ဘဲ။ ရွာသားလက်ညှိုးထိုးပြတဲ့ ရန်သူပြန်ထွက်သွားတဲ့လမ်းကို ချိန်ပြီးပစ်ထဲ့လိုက်တာ ကျဉ်ဆံထွက်သွား တာက တခြားဖက်ကိုတဲ့။ နောက်တစ်နေ့ ရွာသားသတင်းအရ လမ်းကြောင်းပြောင်းပြီးဆုတ်သွားတဲ့ ရန်သူ့ စစ်ကြောင်းထဲကိုကျကွဲတာ အရာရှိတွေတောင်ဒဏ်ရာရကုန်တယ်ဆိုဘဲ။ ပစ်တဲ့သူက မထိဘူးဆိုပြီး သဘောထားသလို သူ့ကုသိုလ်နဲ့သူဖြစ်တာလို့ ပြောရမယ်။ ကျောင်းသားတပ်မတော်က ကျောင်းသားတွေရဲ့ ခေတ်ပေါ်လက်နက် ပိုပြီးနာမည်ကြီးဖို့ ဖြစ်လာပြန်တာပေါ့။ ကျနော်တို့ နောက်ပိုင်း အဲဒီဒေသကိုအခြေခံပြီး ရဲဘော်သစ်တွေအများကြီး စုဆောင်းလို့ရခဲ့တယ်။
အဲဒီပဲခူးဒေသမှာ ရွှေကျင်နေကြတဲ့ မိသားစုတွေထဲက ဆယ့်သုံးနှစ်ပတ်ဝန်းကျင်လောက်ရှိတဲ့ ကောင်မ လေးတစ်ယောက်ဆိုရင်.. အဲဒီကောင်မလေးက အကြော်ကြော်ပြီး ဗန်းနဲ့ထွက်ရောင်းတယ်။ ကျနော်တို့ စခန်းချနေတဲ့နေရာကိုရောက်တော့ သူကကျနော်တို့ကို အကြော်ဝယ်စားပါဦးလို့ပြောတယ်။ ကျနော်က “ဟဲ့.. ကလေးရဲ့ တို့ကတော်လှန်ရေးသမား။ တော်လှန်ရေးသမားဆိုတာ ငမွဲတွေ။ ဘယ်မှာပိုက်ဆံရှိမှာလဲ” လို့ပြောတော့သူက သူ့ဗန်းထဲကအကြော်လေးငါးခုကို အင်ဖက်နဲ့ထုတ်ပြီး ကျနော့လက်ထဲထိုးထည့်ပေးရင်း “စားပါဦးရဲ့။ ဦးတို့ပြောတဲ့ ဒီမိုကလိုစီကြီးရတဲ့အခါ ပြန်ပေးပေါ့” တဲ့။ ကြည့်စမ်း ကိုယ်တို့စည်းရုံးရေး ကောင်းပုံ။
ထူးထူးဆန်းဆန်း
အဲဒီနောက် ၉၁ နှောင်းပိုင်း KNU တပ်မဟာ (၃) နယ်မြေဘက်ကို နောက်ထပ်နှစ်ခေါက်ရောက်ခဲ့သေး တယ်။ ပထမအကြိမ်တော့ နောက်တန်းကနေပြီး အရှေ့မှာရောက်နေကြတဲ့ရဲဘော်တွေအတွက် ပစ္စည်းတွေ သွားပို့ရင်း။ ရှေ့တန်းဝန်းကျင် စည်းရုံးရေးသဘောပါ။ အင်အားထပ်ဖြည့်ဖို့ ရဲဘော် ၃၀ ကျော်လောက် လည်း ပါတယ်။ အဲဒီလမ်းမှာ ကျနော်ကစစ်ကြောင်းနောက်ဆုံးရောက်သွားပြီး ရှေ့ကသွားတဲ့ရဲဘော်ကို ချောင်းသေးသေးလေးအကူးမှာ မျက်ခြေပြတ်သွားတော့ ချောင်းရိုးအတိုင်းအထက်ဘက်ကိုတက်ပြီး လမ်း လိုက်ရှာတာ လျှိုမြောင်ကြီးတစ်ခုကြားထဲကိုရောက်သွားတယ်။ ကျနော်မိနစ် ၃၀ လောက် ချောင်းအတိုင်း ဆန်တက်သွားတော့ ရေညှိတက်နေတဲ့ကျောက်တုံးကြီးတွေက လူတပ်ရပ်နီးပါးလောက် အကြီးကြီးတွေ လူသူမရောက်တဲ့ နေရာတစ်ခုဘဲ။ ကျနော်လမ်းလွဲနေပြီဆိုတာ ရိပ်မိလိုက်တယ်။ လာရာလမ်းအတိုင်း နောက်ကြောင်းပြန်ဆင်းတော့ အမှောင်ကသန်းနေပြီ။ တဖက်ကိုဆက်သွားရမယ့် လမ်းကြောင်းသေးသေး လေးကိုရှာတွေ့တော့ အမြန်တက်ပြီး ၁၅ မိနစ်လောက်ပဲလျှောက်ရသေးတယ် အရှေ့မှာဆက်သွားရမယ့် မြေလမ်းလေးတွေက သုံးခွဖြစ်နေတယ်။ ကျနော့ရှေ့ကရဲဘော်တွေက လမ်းပြသွားတဲ့အမှတ်အသား ရှိမရှိ ရှာကြည့်သေးတယ်။ ဘာမှမတွေ့ဘူး။ အဲဒါမှဒုက္ခ။ အဲဒီဒေသတွေက ရန်သူလည်းအချိန်မရွေးရောက်နှိုင်တဲ့ ဒေသဖြစ်တဲ့အပြင် လမ်းမှားပြီးရန်သူစခန်းဖက်ရောက်သွားရင် ကျနော့မှာသေနတ်တစ်လက်ထဲနဲ့ လူ တစ်ယောက်ထဲလေ။
ကျနော် လမ်းဝကသစ်ပင်ငုတ်တစ်ခုပေါ်မှာထိုင်ပြီး လမ်းသုံးခုကိုမျက်နှာမူ သေနတ် ကိုပေါင်ပေါ်တင်ပြီး ဆေးပေါ့လိပ်ထုတ်ပြီးမီးညှိသောက်ရင်း ဘယ်လမ်းကိုလိုက်ရမလဲလို့စဉ်းစားနေမိတယ်။ ညာဘက်အစွန်ဆုံး လမ်းက အကောင်တစ်ကောင်ကောင် ကိုယ့်ဖက်ကိုပြေးလာတဲ့ အသံကြားရတော့ ကျနော်လှမ်းကြည့်လိုက် တယ်။ ဟား… အညိုနဲ့အဖြူရောင်စပ် ခွေးလေးတစ်ကောင်ပါလား။ အမြှီးလေးက အဖြူရောင်လေး။ အမြှီးကိုရမ်း.. ကျနော်ကိုကြည့်ပြီးတ၀ုတ်ဝုတ်နဲ့ဟောင်တယ်။ သူထွက်လာတဲ့လမ်း အတိုင်းပြန်ပြေးသွား တယ်။ ကျနော်လှမ်းကြည့်နေတုန်းမှာ သူပြန်ထွက်လာပြီးထပ်ဟောင်ပြန်တယ်။ မျက်နှာကျက မြေခွေးလို ပုံစံမျိုးလေး။ သူက သုံးကြိမ်ဟောင်လိုက် ပြန်ပြေးလိုက်လုပ်နေတော့ ကျနော်က ငါ့ကိုလာခေါ်တာလား မသိဘူး။ ခွေးရှိရင်လူရှိမှာပဲဆိုပြီး သူပြေးဝင်တဲ့လမ်းအတိုင်း ထလိုက်သွားတယ်။ ဆယ် မိနစ်တောင်မရှိဘူး ကျနော် ချောင်းကျယ်ကြီးတစ်ခုဘေးက ခြေတံရှည်ကရင်အိမ်တစ်လုံးကိုတွေ့တယ်။ အဲဒီအိမ်ကခွေးတွေက ထိုးဟောင်တော့ အိမ်ရှင်ကရင်အမျိုးသားတစ်ယောက်ထွက်လာပြီး ဆရာလေး ၀င်လာတာနောက်ကျတာ ပဲ။ ဆရာတို့အဖွဲ့တွေ အစောပိုင်းကတည်းက ဖြတ်သွားကြတယ်၊ အခုဆို ရွာမှာ နားနေကြပြီထင်တယ်လို့ ဖော်ဖော်ရွေရွေထွက်ပြီးကြိုတယ်။ ကျနော့ကို ညဖက်မှောင်နေပြီမို့ အချင်းချင်း လူမှားပြီးပစ်တာခတ် တာတွေဖြစ်နှိုင်တဲ့အတွက် သူ့ဆီမှာဘဲညအိပ်ဖို့တိုက်တွန်းတယ်။ သူ့မိသားစုဝင်တွေဖြစ်တဲ့ မိန်းမနဲ့ကလေး နှစ်ယောက်လောက်လည်း တဲထဲကမီးဖိုဘေးမှာ မီးလှုံနေကြတာတွေ့ရတယ်။ သူက အတော်ဘဲ ဆရာ ရောက်လာတာ၊ ကျနော့မြင်းကြီးမနက်က သေသွားလို့ မြင်းသားချက်ထားပြီး စားမယ့်ဧည့် သည်မရှိလို့ ထမင်းတစ်ခါထည်းစားဆိုပြီး ထမင်းတွေချက်ခြင်းခူးခပ်ကြွေးတယ်။ ကျနော် အရမ်းအလုပ်ဖြစ် သွားတယ်။ မောမောပန်းပန်းနဲ့ ထမင်းကောင်းဟင်းကောင်းစား၊ မီးလှုံကြရင်း သူတို့မိသားစုနဲ့စကားလက် ဆုံကျပြီး ညကိုးနာရီလောက် သေနတ်ဘေးချ၊ ကျောပိုးအိပ်ကိုခေါင်းအုံးပြီး ပါလာတဲ့စောင်ပါးလေး ခြုံပြီးအိပ်လိုက် တာ မနက် နာရီလောက်မှ တစ်ရေးနိုးတော့တယ်။ ကရင်တဲတွေက ၀ါးနဲ့ဆောက်ထားကြ တာဆိုတော့ တဲပေါ်မှာလမ်းလျှောက်ရင် ၀ါးသံတကျွိကျွိနဲ့လေ၊ အသံကြားရင် ကျနော်ဆတ်ကနဲ နိုးတာဘဲ။
ကျနော်စမ်းချောင်းဘေးကိုဆင်း ကိုယ်လက်သန့်စင်လိုက်ပြီး အထုတ်အပိုးပြင်၊ ခရီးဆက်ထွက်ဖို့လုပ်တော့ အိမ်ရှင် အကိုကိုထပ်တွေ့တယ်။ သူက ရွာကနီးနီးလေး၊ ဘီးလင်းချောင်းကိုဖြတ်ပြီး နောက်ဆယ်မိနစ် လောက်ပဲ လျှောက်ရမှာလို့ပြောတယ်။ သူ့ကိုကျေးဇူးတင်စကားပြောရင်း မနေ့ကညနေကတွေ့ခဲ့တဲ့ သူ့ ခွေးလေးက ခွေးချောလေးဘဲလို့ပြောတော့ သူက “ဟာ.. ဆရာကလည်း၊ ကျနော့မှာ ကရင်ခွေးပိန်ပိန် ညောင်ညောင်၊ ညစ်ညစ်ပတ်ပတ်ကောင်တွေဘဲရှိတာပါ။ ဆရာပြောတဲ့ခွေးမျိုးက မြို့ပေါ်မှာ သူများ တွေမွေး တဲ့ခွေးမျိုးတွေ။ အဲဒါကျနော့ခွေးမဟုတ်ပါဘူး” ဆိုပြီး သူ့အိမ်အောက်က သူ့ခွေးလေးကောင်ကိုပြတယ်။ ကျနော်ကြည့်တော့ ဟိုခွေးမျိုးတစ်ကောင်မှမပါဘူး။ သူပြောခဲ့သလို ခွေးဝဲစားတွေချည့်ဘဲ။ မနေ့က တွေ့ခဲ့ တဲ့ခွေးကဘာလဲဆိုတာ အခုအချိန်အထိကျနော်စဉ်းစားလို့မရဘူး။ အဲဒီလိုမျိုး ထူးခြားတဲ့အတွေ့အကြုံတွေ ကလည်းရှိသေး။
တောချောက်လေသလား
ကျနော်တို့ဆီမှာ ရန်သူဆီကတိုက်ပွဲတွေမှာ သိမ်းထားတဲ့ ဂျီသရီးသေနတ်တွေနဲ့ ကျည်ဆံတွေ အဆင်သင့် ရှိနေတယ်။ ဂျီသရီးကို ကျနော်တို့သိပ်မကြိုက်ဖူး။ သေနတ်က အရမ်းလေးလွန်းတာရယ်၊ တောတိုးတဲ့ အခါမှာ ဂျီသရီးသေနတ်ကရှည်လွန်းတော့ ဟိုချိတ်ဒီချိတ်နဲ့ လှုပ်ရှားရတာမသွက်လက်ဖူး။ နောက်တစ် ချက်ကတော့ သေနတ်ပြောင်းပူလာတဲ့အခါမှာ ကျည်ဆံဂျမ်းဖြစ်ပြီး ဆက်ပစ်လို့မရတာတွေလည်းရှိတယ်။ တခြားသေနတ်တွေမရှိတဲ့အခါတွေမှာတော့ လိုရင်လိုသလိုသုံးပါတယ်။ ဒါပေမယ့် ဂျီသရီးသေနတ်က တောတွင်းပြောက်ကြားစစ်ဆင်ရေးတွေအတွက် သိပ်တော့ အသုံးမ၀င်လှပါ။ ကျနော်တို့ စခန်းချထားတဲ့ ၀န်းကျင်က ရွာသားတွေက နောက်ပိုင်းကျနော်တို့နဲ့ခင်မင်ပြီး အ၀င်အထွက်တွေရှိလာတယ်။ အဲဒီအထဲမှာ ကိုဘရီဆိုတဲ့ ရွာသားတစ်ယောက်က လက်သိပ်ဖြောင့်တယ်။ သူက ကျနော်တို့ဆီမှာတစ်ခါတစ်လေ စိတ်ကူးပေါက်ရင် အဲဒီသိမ်းထားတဲ့ဂျီသရီးသေနတ်တွေထဲက တစ်လက်နဲ့ ကျည်ဆံလေးငါးတောင့်လောက် လာငှားပြီး တောကောင်ပစ် အမဲလိုက်လေ့ရှိတယ်။ သူထွက်တိုင်းလိုလို မျောက်တို့၊ ချေတို့ တစ်ခုမဟုတ် တစ်ခုဆွဲပြီး ပြန်လာတာပဲ။ ကျနော်က အမဲလိုက်တဲ့အလုပ်က တယ်ဟုတ်ပါလားဆိုပြီး အဲဒီဒေသမှာ အထိုင်တာဝန်ယူထားတဲ့ ကျနော်တို့မြစ်ဝကျွန်းပေါ်ဖက်က ကိုဂါဆိုတဲ့အကိုကြီးတစ်ယောက်နဲ့အတူ တော လိုက်ချင်စိတ် ပေါက်လာတယ်။ တစ်ညနေ ကျနော်လည်းကိုဂါနဲ့တောလိုက်မယ်ဆိုတော့ သူက ဟာ… ကောင်းတယ်၊ ကျနော်လည်းအဖော်ရတာပေါ့လို့ဆိုတော့ ကျနော်လည်းလိုက်သွားဖြစ်တယ်။ အဲဒီ ပဲခူးတိုင်း နယ်ဘက်လူတွေက နတ်တို့ ထူးခြားတဲ့ဓလေ့ထုံးစံတို့ကို အယုံအကြည်တော်တော်ကြီးကြတယ်။ အဲဒီ ဒေသခံတွေအပြောအရဆိုရင် တစ်ခါက ဓလေ့ထုံးစံကိုစော်စော်ကားကားသွားလုပ်တဲ့ ရန်သူစစ်ကြောင်း တစ်ခုလုံးတောင် အစရှာလို့မရအောင်ပျောက်သွားခဲ့ဖူးတယ်ဆိုဘဲ။
ကျနော်က အဲဒါတွေကိုနားလည်တာမဟုတ်ဘူး။ ဘာဘဲဖြစ်ဖြစ် ညပိုင်း ကိုဂါနောက်ကိုလိုက်ပြီး တော လိုက်ထွက်ချင်တာတစ်ခုဘဲ။ ညနေပိုင်း ကျနော်တို့စားသောက်ပြီး အေးအေးဆေးဆေးမှ သွားမယ်ဆိုလို့ ညနာရီလောက်မှ ကျနော်တို့နှစ်ယောက် အေက ၄၇ သေနတ် တစ်ယောက်တစ်လက်ဆွဲပြီး ထွက်လာခဲ့ ကြတယ်။ တောင်ခြေကိုရောက်တော့ ကျနော်တို့ခြေမျက်စေ့သာသာလောက်ရှိတဲ့ ချောင်းလေးတစ်ခုကို နှစ်ယောက်သားဖြတ်ပြီး တောင်ကြောပေါ်တက်ခဲ့ကြတယ်။ မှောင်ထဲမှာ လက်နှိပ်ဓာတ်မီးလေးတောင့်ထိုး တစ်လက်နဲ့ ကိုဂါက ရှေ့ကထိုးပြီးတောင်ပေါ်တက် တောတိုး ကျနော်ကနောက်ကလိုက်ခဲ့တယ်။ ကျနော်တို့ ညဖက် ပုဇင်းရင်ကွဲသံတွေ ဆူဆူညံညံကြားထဲမှာ တောကောင်တစ်ကောင်တစ်လေ တွေ့လိုငြားနဲ့ မျက်စေ့ ဖွင့်၊ နားစွင့်ပြီး သွားကြတယ်။ ကျနော်တို့တောကို တိတ်တိတ်ဆိတ်ဆိတ်တိုးနေကြတာ တစ်နာရီကျော်၊ နှစ် နာရီရှိသွားတဲ့တိုင်အောင် ဘာဆိုဘာမှမတွေ့ဘူး။ ညက မြူတွေနှင်းတွေကြားထဲမှာ အတော်လေးအေးနေ ပြီ။ အဲဒီတော့ ကိုဂါက ညီလေး… ခန နားကြမယ်ဆိုပြီး ကျနော်တို့နှစ်ယောက်သား အနားဝန်းကျင်က သစ် ရွက်ဝါးရွက်ခြောက်တွေကိုစုပြီး မီးပုံလေးဖိုကြတယ်။
ကျနော်တို့ပါလာတဲ့ဆေးပေါ့လိပ်လေးတွေထုတ်ပြီး မီးညှိသောက်ကြရင်း တောကောင်ရှာမတွေ့ဖြစ်နေ တော့ တခြားသူတွေလည်းတောလိုက်နေကြတာများတော့ တောကောင်တွေမရှိတော့တာဖြစ်မယ်ဆိုပြီး ကျနော်က “ကိုဂါရေ… တောကလည်း (လူတွေ)ခြောက်လွန်းလို့လားမသိဘူး။ ဘာဆိုဘာကောင်မှကို မတွေ့တော့ဘူး။ ပြေးကုန်ကြပြီထင်တယ်” လို့ပြောလိုက်တယ်။ နာရီဝက်လောက်နေတော့ ကျနော်တို့ ပြန်ထပြီး လမ်းပြန်လျှောက်ကြတယ်။ ကျနော်တို့တိုးရင်းတိုးရင်း ကြိမ်တောတွေထဲရောက်သွားပြီး ကျနော် တို့နှစ်ယောက် ညပ်နေကြတယ်။ ကြိမ်ဆူးတွေကို ပါလာတဲ့ဓားနဲ့ခုတ်ရှင်းပြီး တိုးသွားပေမယ့် ခရီးမတွင် တော့ဘူး။ ကိုဂါက ညီလေး… ပြန်ကြမယ်ဆိုတော့ ကျနော်တို့ဆက်မသွားတော့ဘဲ နောက်ပြန်လှည့်ခဲ့ကြ တယ်။ ကျနော်တို့လမ်းပျောက်နေပြီ။ ဘယ်ကိုပြန်ထွက်ရမယ်ဆိုတာတော့ မမှတ်မိလောက်အောင် တောက ရှုပ်ထွေးသွားတယ်။ ကျနော်တို့ နှစ်နာရီဝန်းကျင်လောက်လျှောက်ပြီးတော့မှ အဆင်းလမ်းကိုပြန်တွေ့တယ်။ တောင်ကြောပေါ်ကနေ ရွာသားတွေစခန်းချထားတဲ့ တဲတွေကိုပြန်တွေ့ရတော့ ကျနော်တို့ ပြန်ဆင်းလာကြ တယ်။ ကျနော်တို့နဲ့ မနီးမဝေးမှာ ‘ချေ’ဟောက်သံကြားတယ်။ ကျနော်က ‘ချေ’သံကြားတယ်.. သွားပစ်ကြ မလားဆိုတော့ ကိုဂါက ကျနော့ကိုခေါင်းခါပြတယ်။ သူ့ကိုပြန်ကြည့်တော့ သူကတစ်ခုခုစိုးရိမ်နေတဲ့ပုံနဲ့ပေါ့။
ချောင်းလေးကိုရောက်တော့ ကျနော်တို့ချောင်းကိုပြန်မဖြတ်ခင် ကိုဂါက “ညီလေး… တစ်ခုခု ထူးဆန်းနေ တာ သတိထားမိလား” လို့မေးတယ်။ ကျနော်ကခေါင်းခါပြတော့ သူက ဒီမှာကြည့်ဆိုပြီး သစ်ရွက်ခြောက် တစ်ရွက်ကို ချောင်းရေထဲကိုချလိုက်တယ်။ အဲဒီသစ်ရွက်က အထက်ကိုဆန်တက်သွားတယ်။ ကျနော် လည်း မျက်စေ့လည်သွားတယ်။ ဟုတ်တယ် အဲဒီချောင်းရေက ကျနော်တို့ဖြတ်ကူးလာတဲ့အချိန်က အနေ အထားနဲ့ပြောင်းပြန် ပြန်စီးနေတာ။ ကျနော်တို့ချောင်းရေကိုဖြတ်ကူးကြတော့ ရေက ပေါင်လည် လောက် အထိ နက်နေပြန်တယ်။ ကျနော်တို့ပြန်လာခဲ့တယ်။ ကိုယ်တွေနဲ့ခင်တဲ့ ရွာသားတစ်ယောက်ရဲ့ တဲကိုရောက် တော့ မနက် နာရီကျော်နေပြီ။ အပြင်မှာလည်းအရမ်းအေးနေတော့ ကျနော်တို့ သူ့တဲအောက်မှာ သစ်တုံးကြီးတွေကို ဆိုင်ပြီးဖိုထားတဲ့မီးပုံဘေးမှာ ခဏလောက်ဝင်ထိုင်ကြတယ်။ နိုးလာတဲ့ အသက် ၅၀ ၀န်းကျင်လင်မယားက ကျနော်တို့ကိုထပြီးနှုတ်ဆက်ပြီး ဘယ်ကပြန်လာလဲမေးတော့ ကျနော်တို့ တော လိုက်သွားပြီး အပြန်ဝင်တာလို့ ပြောဖြစ်တယ်။ ခနနေတော့ ဟာ… ဗိုလ်ကြီးတို့ တစ်ကိုယ်လုံးလဲ စိုရွှဲနေပြီ။ ဘယ်ချောင်းမှာ ချော်လဲလာကြသလဲဆိုတော့ ကျနော်က ဒီအနားကချောင်းဖြတ်ကူးလာတာလို့ပြောတော့ သူတို့တဟားဟားရယ်ကြတယ်။ ပြီးတော့ “ဗိုလ်ကြီးတို့က အတော်နောက်တာပဲ။ ဒီ ‘မဒမ’ ချောင်းက ခြေချင်းဝတ်လောက်ပဲ ရှိတာ” ဆိုတော့ ကျနော်နဲ့ကိုဂါ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။
နောက်တစ်နေ့ကျမှ ဒေသအတွေ့အကြုံရှိတဲ့ကိုဂါက ကျနော့ကိုပြန်ပြောပြတယ်။ ကျနော်တို့ တောင်ပေါ်မှာ မီးလှုံတော့ ကျနော်က တောခြောက်တယ်လို့ပြောခဲ့တဲ့စကားက မှားသွားတဲ့အတွက် တောခြောက်ခံရတာ တဲ့။ သူက ကျနော်မသိအောင် ဆိုင်ရာပိုင်ရာတွေကိုတောင်းပန်ပြီး လမ်းပြန်တွေ့ခဲ့တာဆိုဘဲ။ နောက်ပြီး သူက အဲဒီညကကြားရတဲ့ ချေဟောက်သံဆိုတာလဲ အသံက ပုံမှန်ထက်သြနေတော့ ကျားဖြစ်နှိုင်တယ်တဲ့။ ကျားက အသံတုလုပ်ပြီးမျှားခေါ်တတ်တယ်တဲ့။ အဲဒီအနားဝန်းကျင်မှာ လူတွေပြောနေကြတဲ့ ကိုးတောင် ကျော်ရှိတဲ့ နတ်ကျားဆိုတာ သွားလာနေတတ်တယ်။ အဲဒီနတ်ကျားကိုပဲပစ်မယ်ဆိုပြီး တခြားတောကောင် တွေတွေ့တာတောင် ရှောင်ပြီး ကျားနောက်လိုက်ရင် တွေ့ရပစ်ရတတ်တယ်တဲ့။ ဒါပေမယ့် ဘယ်သူကမှ အဲဒီကျားကို ထိအောင်ပစ်လို့မရဘူးလို့လည်း ကြားခဲ့တယ်။
ကျနော် မုဆိုးကြီး
ကျနော်တောမခိုခင်က ရှစ်ဆယ့်ရှစ်အရေးတော်ပုံအပြီး အစိုးရကဖွဲ့ပေးထားတဲ့ ရဲဘော်ဟောင်းများအဖွဲ့ရဲ့ လေသေနတ်ကွင်းမှာ လေသေနတ်ပစ် သွားကျင့်လေ့ရှိတယ်။ ကျနော်ရယ် အောင်ကျော်ရယ်က အရှိန်ရ လာတော့ လေသေနတ်အတော်လေးဖြောင့်လာတယ်။ ကျနော်တို့နောက်လိုက်နေကြတဲ့ ရဲထောက်လှမ်း ရေးတွေနဲ့ လောင်းကြေးစားကြေးပစ်ရင် ကျနော်တို့ခဏခဏနိုင်တယ်။ အဲဒီတော့ ကျနော် ရှေ့တန်းမှာ ရောက်နေတုန်း ကျနော်တို့စခန်းထဲကနေ ကြိမ်ခုတ်တဲ့ရွာသားတွေရဲ့တဲစုကိုဖြတ်ပြီး အမဲလိုက်လေ့ရှိတယ်။ တကယ်တော့ အောင်ကျော်က အပေါ်မှာလှုပ်ရှားနေတဲ့ ပစ်မှတ်တွေဖြစ်တဲ့၊ ရှဉ့်တို့ ငှက်တို့ကို ထိတယ်။ ကျနော်တစ်ခါမှမထိဘူး။ ငါးမျှားတာကလွဲရင် အကုသိုလ်နဲ့အကျိုးမပေးတာလားမသိ။ ညနေစောင်း အသာ လေး သေနတ်လွယ် တောတိုး၊ တစ်နာရီတစ်နာရီခွဲလောက် ပြန်ထွက်လာ။ အဲ ဘာကောင်မှမရတော့ ကျနော် အပြန်မှာ လမ်းဘေးကဍရင်ကောက်ရွက်လို့ ခေါ်တဲ့အရွက်လေးတွေကို ဟင်းချိုချက်သောက်ဖို့ တစ်ပွေ့ခူးခူးပြီး ပြန်ခဲ့လေ့ရှိတယ်။ အဲဒီလိုတောတိုးနေတာ တစ်ပတ်လောက်ကြာလာတယ်။ ရွာသားတွေ လည်း ရင်းနှီးလာပြီဆိုတော့ တစ်ရက် ကျနော် ညနေစောင်း ထုံးစံအတိုင်းသေနတ်လေးလွယ်ပြီး တောထဲ အ၀င် ကျနော့ကို “ဗိုလ်ကြီး… ဍရင်ကောက်ပစ်. သွားမလို့လား” တဲ့။ ကျနော်လည်း မထူးတော့ပါဘူးဆိုပြီး ရှက်ရှက်နဲ့ အေးဗျာကျနော်သွားပစ်တိုင်း ဍရင်ကောက်ပဲရတယ်လို့ သွားဖြီးပြန်ဖြေရင်း ကုတ်ချောင်းကုတ် ချောင်း ပြန်လစ်ခဲ့ရတယ်။ တွတ်ပီ ဒီနေ့ ကံမကောင်းပါလား။
မိုးထဲရေထဲ
နောက်တစ်ခေါက်ရှေ့တန်းကိုဆင်းတော့ ကိုယ့်ထက်ငယ်တဲ့ရဲဘော် ကိုဇော်လေးတစ်ယောက် လမ်းမှာတင် ဖျားပြီး မလိုက်နှိုင်ဖြစ်တယ်။ ကျနော်က ရန်သူ့ထိမ်းချုပ်မှုအောက်ကဒေသတွေဖက်ကို မရောက်သေးတော့ ရှေ့ကသွားနေတဲ့စစ်ကြောင်းကို ကျနော် ကိုဇော်လေးကို စောင့်ခေါ်ပြီးနောက်ကလိုက်ခဲ့မယ်၊ သစ်ကိုင်းသစ် ခက်တွေနဲ့ လမ်းခွဲတွေရှိရင်လမ်းပြပေးခဲ့ဘို့မှာပြီး ဖြေးဖြေးလိုက်ခဲ့တယ်။ တောထဲမှာ ညနေလေးနာရီဝန်း ကျင်ဆိုရင် စပြီးမှောင်လာပြီ။ မိုးတွေကလည်း ဖွဲဖွဲဖွဲဖွဲရွာနေတယ်။ ငါးနာရီခွဲလောက်မှာ ကျနော်တို့ ချောင်း ကလေးတစ်ခုကို လှမ်းမြင်ရတယ်။ ချောင်းရေကဒူးလည်လောက်ပါဘဲ။ ကိုဇော်လေးက ထိုင်ချလိုက်ပြီး ကိုမြတ်.. ခင်ဗျားဆက်သွားနှင့်ဗျာ။ ကျနော်တော့ ဒီနေ့ဒီမှာဘဲအိပ်တော့မယ်တဲ့။ ကျနော်က ဟာ… ဟေ့… ရွာက သိပ်မဝေးတော့ဘူးထင်တယ်။ နောက်ထပ် မိနစ်၊ ဆယ်မိနစ်လောက်တော့ ဆက်လျှောက်ပါဦး ဆိုတော့ သူကမရတော့ဘူးတဲ့။ ဒါနဲ့ကျနော်လည်း အနီးဝန်းကျင်မှာ မိုးခိုဖို့ အပင်ကြီးကြီးတစ်ပင်အောက်ကို သူ့ကိုပါ တွဲခေါ်ပြီးဝင်ရတယ်။ မိုးကာတွေကို ယာယီအမိုးအဖြစ် အပေါ်မှာ ကြိုးတွေနဲ့ တစ်ယောက်စာ ချည်ပေးလိုက်ပြီး။ သူ့ကို ပေးနားလိုက်တယ်။ ကျနော်က သူ့ခြေရင်းဘက်မှာ ၀င်ထိုင်တယ်။ မိုးကသိပ်မလုံ ဘူး။ သူချမ်းနေတော့ ကျနော့စောင်ကိုပါသူ့ကိုပေးပြီး ကျနော့ပုခက်ကိုကျနော် စောင်လိုလုပ် ပြီးခြုံထားရ တယ်။ တောနက်ထဲမှာအိပ်ကြရတာဆိုတော့ ကျနော်လည်းအိပ်မပျော်ဘူး။ တစ်ညလုံးလိုလို မှေးကနဲ အိပ်ပျော်သွားလိုက်၊ ပြန်ထပြီးကင်းစောင့်လိုက်နဲ့ပေါ့။ မိုးကလည်း တစ်စိမ့်စိမ့်ကိုရွာနေတာဆိုတော့ ကျနော့ တစ်ကိုယ်လုံးလဲ စိုထိုင်းထိုင်းဖြစ်နေတယ်။ မနက် နာရီကျော်လောက် ကိုဇော်လေးအိပ်ယာထလာတယ်။
ကျနော်က အခြေအနေဘယ်လိုလဲ။ သက်သာရဲ့လားဆိုတော့ သူက အဖျားကျသွားပြီ၊ သွားကြစို့လို့ပြန် ပြောရင်း အထုတ်အပိုးပြင်တယ်။ ရွာကို ၁၀ မိနစ်ကျော်လောက်ပဲ သွားလိုက်ရပါတယ်။ ကျနော်တို့ကို မျှော်နေတဲ့ ရှေ့စစ်ကြောင်းကရဲဘော်တွေနဲ့ ပြန်တွေ့တယ်။ ကျနော်အအေးမိပြီး ဖျားပါလေရော။ ရှေ့တန်း အထိုင်စခန်းနေရာကလည်း မဝေးတော့ဘူးလို့ကြားထားတော့ ကျနော်လည်း နောက်ကဖြေးဖြေးပဲ လိုက်ခဲ့ တော့မယ်၊ ခင်ဗျားတို့သွားနှင့်ကြလို့ပြောလိုက်တယ်။ ကျနော်ငှက်ဖျားပြန်တက်တယ်။ လမ်း လျှောက်နေ ရင်း တုန်ချမ်းနေတော့ နေရောင်အောက် လမ်းဘေးကိုဆင်းပြီး သေနတ်ကိုပေါင်ကြားထဲညှပ်၊ ပုဆိုးချုံပြီး ခြုံတွေထဲမှာ ၀င်ကွေးရတယ်။ ဖြတ်သွားကြတဲ့ဆင်သမားတွေက ကျနော့ကိုတွေ့တော့ ရဲဘော်လေး ဘာဖြစ်လဲလာမေးကြပြီး သူတို့ရေနွေးကြိုပြီး ငန်းဆေးတစ်ခွက်တိုက်သွားတယ်။ ကျနော် သက်သာတော့ တစ်ခါ ထလျှောက်ပေါ့။ အဲဒီမှာအတော်ဆိုးတယ်။ ခြေလှမ်းလေးငါးလှမ်းလောက်လျှောက်တိုင်း ခေါင်းထဲမှာ တစ်ဒုံးဒုံးနဲ့ တူနဲ့လာထုနေသလိုခံစားရတယ်။ ကျနော်တစ်ရွေ့ရွေ့ပဲ လျှောက်နှိုင်တော့တယ်။ တကယ်တော့ တစ်ရက်ခရီးကို ကျနော်နှစ်ရက်လောက်လျှောက်နေတာလေ။ နွားလေးခိုစခန်းကိုရောက်တော့ ကျနော့ကို ဒီခရီးကို ဒီလောက်ကြာအောင်လာရပါ့မလားဆိုပြီး အရင်ရောက်နေပြီးသား တခြားအဖွဲ့ကတစ်ယောက်က လှောင်ပြောင်ပြောတာတောင်ခံလိုက်ရသေးတယ်။ ကျနော်က သူ့ကိုပြန်ပြောဖို့ထက် ကိုယ့်ကိုယ်ကိုယ် တောင် မနဲဖြစ်နေတာဆိုတော့ အနားယူလို့ရမယ့်တဲတစ်ခုကိုဘဲဦးတည်ပြီး လှဲအိပ်နေလိုက်ရတယ်။
အဲဒီနွားလေးခိုစခန်းမှာ ကိုထွဋ်တို့လို လူ့ဘောင်သစ်ရဲဘော်တွေနဲ့ခင်မင်ခွင့်ရတယ်။ ကိုထွဋ် ချက်ကြွေးတဲ့ ပဲဟင်းက ကျနော်တောထဲမှာရှိစဉ် စားရတဲ့အစားသောက်ထဲမှာ လက်ရာအပြောင်မြောက်ဆုံးပေါ့။ ကုလား ပဲကို အစေ့မပျက် အိနေအောင်ချက်ထားတာ။ ကျနော် သူ့ကိုတွေ့တိုင်း ကုလားပဲဟင်းချက်ကြွေးဖို့ ပူဆာ လေ့ရှိတယ်။ အဲဒီရဲဘော်တွေအားလုံး စိတ်ထားကောင်းကြသလို နွေးထွေးကြတယ်။ ညီရင်းအကိုတွေ တွေ့နေရသလိုပါဘဲ။
ဒုတိယံပိငှက်ဆိုးဒဏ်
လမ်းမှာမိုးမိလာလို့ဖျားနေတဲ့ကြားက အတက်အဆင်းတစ်နာရီခွဲလောက်ရှိတဲ့ ပတ္တလားတောင်ထိပ်ကို ရန်သူတက်လာမယ်သတင်းကြားလို့ အပေါ်မှာရှိပြီးသား တပ်ရင်းမှူးကိုရောဘတ်နဲ့ အဖွဲ့ဆီကိုလိုက်ရင်း ရန်သူပြန်ဆင်းသွားပြီကြားတာကတစ်ကြောင်း ကျန်းမာရေးအခြေအနေကလည်းမကောင်းတော့ နောက် နေ့ပြန်ဆင်းလာခဲ့တဲ့ပြီး ရှေ့တန်းနောက်ထိုင်စခန်း နွားလေးခိုက လူ့ဘောင်သစ်ရဲဘော်တွေဆီအရောက် ကျနော် နောက်သုံးရက်ထပ်ပြီး သတိမေ့သွားပြန်တယ်။ အဲဒီအချိန်က ရှေ့တန်းကိုရောက်လာတဲ့ အသက် သခင်ကျေးဇူးရှင် ညွန့်ပေါင်းအစိုးရပြန်ကြားရေးဝန်ကြီး ဦးလှဖေ (ပျော်ဘွယ် လွှတ်တော်အမတ် ၁၉၉၀) သာ အတင်းလူလွှတ်ပြီးဆေးတွေသွားဝယ်ခိုင်းတာမျိုး အချိန်မီမကယ်ခဲ့ရင် ကျနော့ဇတ်လမ်းကပြီးပြီ။ ပြန် ကောင်းသွားတော့ ဗဟိုက နောက်ထပ်တော်လှန်ရေးသီချင်းတွေ၊ စစ်ချီတေးတွေကိုဆိုပေးဖို့ အကြောင်း ကြားလာတာနဲ့ ဗဟိုကိုပြန်မယ့်အဖွဲ့တစ်ဖွဲ့နဲ့ ပြန်လိုက်ခဲ့ရတယ်။ ကျနော့ရဲ့ တန်ဖိုးရှိတဲ့တော်လှန်ရေးကာလ ခြောက်ရက်ကို ငှက်ဖျားစားသွားတယ်ပြောရမလား။
ကျနော်အမုန်းဆုံး တိရိစ္ဆာန်က ‘ခြင်’ ဖြစ်သွားတယ်။ အဲဒီကျနော်တို့ကို တောထဲမှာဒုက္ခအကြီးအကျယ်ပေးခဲ့ တဲ့ခြင်က မဲမဲအကောင်သေးသေးလေးတွေ။ အင်္ဂလိပ်လို အနောဖလိ Anopheles လို့ခေါ်တယ်။ ငှက်ဖျား သယ်လာတဲ့ကောင်ပေါ့။ ဒေသကိုလိုက်ပြီးအရောင်အသွေးကွာရင်သာကွာမယ်၊ ဒုက္ခပေးပုံချင်းကတော့ အတူတူပဲ။ အဲဒီခြင်လေးတွေက ခြုံတွေထဲမှာပုန်းအောင်းနေပြီး ညပိုင်းရောက်မှ ထွက်ကိုက်ကြတာ။ လက်ကိုလာကိုက်နေလို့ ပွတ်ချလိုက်ရင် သုံးလေးကောင်ပါလာတယ်။ အဲ... တစ်ချို့နေရာတွေမှာဆိုရင် လမ်းသွားနေတဲ့လူကိုတောင် လိုက်ကိုက်တာတွေရှိတယ်။ ကျနော်တို့ တောထဲမှာအနေကြာလာတော့ ခြင်နဲ့ပါတ်သက်ပြီး ကြွမ်းလာတာတစ်ခုရှိတယ်။ အဲဒါက လက်တစ်ဖက်တည်းနဲ့ အနားမှာ ပျံနေတဲ့ခြင်ကို လက်နဲ့ဖမ်းတာ။ သူပျံနေတဲ့ လမ်းကြောင်းကိုကြည့်ပြီး ဖျတ်ကနဲလှမ်းဖမ်းလိုက်တာ။ ဘေးက မမြင်ဖူးတဲ့ လူက ထိုင်ကြည့်နေရင် ကျနော်တို့ကို သိုင်းတတ်တယ်ထင်နေဦးမယ်။ ဒါပေမယ့် တစ်ကောင်မဟုတ် တစ်ကောင်တော့ အကိုက်ခံရမှာဘဲ။ ခြင်ထောင်ထောင်အိပ်တာထက်စာရင် စောင်ခေါင်းမြီးချုံပြီး အိပ်ကြ တာဆိုတော့ ဒီအကောင်သေးသေးလေးတွေက လွတ်တဲ့အပေါက်က ၀င်ကိုက်နေကြတာလေ။ ခပ်ကြောင် ကြောင် တစ်ယောက်နှစ်ယောက်ကလွဲလို့ ဘယ်သူမှ ရှေတန်းထွက်တဲ့အခါ ခြင်ထောင်တို့၊ ခေါင်းအုံးတို့ကို အလေးခံပြီး မသယ်ဘူး။ ကျောပိုးအိပ်ထဲမှာ သွားတိုက်ဆေးနဲ့သွားတိုက်တံပါမယ်၊ ဘရိတ်ဓားပါမယ်၊ ဆပ်ပြာတုံးပါမယ်။ အုန်းဆီပါမယ်။ သူက တခါတလေ ခေါင်းလိမ်းရုံတင်မဟုတ်ဖူး၊ သေနတ်တိုက်လို့လည်း ရတယ်။ ဂျပန်ဖိနပ်တစ်ရံပါမယ်၊ အရပ်ဝတ်တစ်စုံနဲ့ ယူနီဖောင်းတစ်စုံပါမယ်၊ ဗလာစာအုပ်နဲ့ဘော့ပင်ပါမယ်၊ စောင်ပါးတစ်ထည်ပါမယ်၊ ဒါလောက်ပါပဲ။ ဒါတောင် တစ်ချို့ဆို မသယ်နှိုင်လို့လမ်းမှာလွင့်ပစ်ခဲ့တာတွေ  ရှိ သေးတယ်။ ကြောပိုးအိပ်အပြင် ဖျင်နဲ့အခိုင်ချုပ်ထားတဲ့ ဆံကြိုးတစ်ချောင်းသယ်ရမယ်။ စစ်ပစ္စည်းတွေ ကြည်ဆံတွေထည့်ထားတဲ့ အီကွင့်မန့်တစ်ခုပါမယ်။ သေနတ်တစ်လက်နဲ့ ကျည်တစ်ချို့ပါမယ်။ တစ်ခါတစ် လေလည်း လက်နက်ကြီးကျည်တွေကို မျှသယ်ပေးရတာရှိတာပေါ့။ 
xxxxxxxxx
                                                                                                                                                                                                         ဆက်ပါဦးမည်....
ရဲဘော်မြတ်



No comments:

Post a Comment