ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၂)


မစုနိုင်ရင်ဆင်းရဲမည်

အချိန်က ၁၉၈၉ အာဏာသိမ်းပြီးစ လအနည်းငယ်အကြာ။ ကျနော်အပါအ၀င် ကျနော်တို့မြို့ပေါ်က လအနည်းငယ်လောက် ပျောက်သွားကြတဲ့ ကျောင်းသားတွေ တစ်ဖွဲဖွဲရှေ့ဆင့်နောက်ဆင့် ပုန်းနေကြတဲ့ နေရာတွေက ပြန်ထွက်လာကြတယ်။ ပြန်ပြီး စုစည်းမိကြတဲ့အခါ အဓိကအနေနဲ့ ဆက်မလုပ်ချင်ကြတော့တဲ့ သူတွေကလွဲပြီး ကျန်ဆက်လုပ်ကြမယ့်သူတွေကို အုပ်စုသုံးခုခွဲလိုက်တယ်။ ၈၈ လှုပ်ရှားမှုထဲမှာ လူသိများ နေတဲ့သူတွေက ပါတီအဖွဲ့ဝင်တွေအနေနဲ့ ပါတီရိပ်တွေအောက်မှာ ဆက်ပြီးလုပ်ကြဘို့။ အထူးသဖြင့် အလုံခြုံဆုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လို့ ရွေးချယ်ခဲ့ပြီး တစ်ချို့လည်း ၈၈ ကျောင်းသားခေါင်း ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမိုးသီးဇွန်ဦးဆောင်တဲ့ လူ့ဘောင်သစ်ပါတီကိုဝင်ခဲ့ကြတယ်။ အဲ သိပ်ပြီးလူသိ ထင်ရှားမဟုတ်တဲ့ အထူးသဖြင့် အလယ်တန်း၊ အထက်တန်းကျောင်းသားတွေလို လူငယ်ကျောင်းသား ကျောင်းသူတွေကိုတော့ ဗကသ (မြေအောက်) အနေနဲ့ပြန်စုစည်းပြီး ဖွဲ့စည်းပေးခဲ့ကြတယ်။

ကျနော်က အရင် မြို့နယ်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးဌာနမှာ အဖွဲ့ဝင်ဖြစ်ခဲ့တာရယ်၊ တခါတလေ လူကြားထဲမှာ တရားလှည့်ဟောခဲ့တာတွေရယ်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) NLD (Youth) ကိုဝင်ခဲ့တယ်။

အဲဒီအချိန်က စိတ်ဝင်စားစရာ ထူးထူးခြားခြားတွေအတော်ဖြစ်တယ်။ ပါတီတွေကို တရားဝင် စည်းရုံးရေး လုပ်ဖို့ ခွင့်ပြုထားတဲ့ တစ်ချိန်တည်းမှာဘဲ ဘဏ်တွေမှာ “မစုနိုင်ရင်ဆင်းရဲမည်” ဆိုတဲ့ စာတမ်းတွေ လိုက် ကပ်လာတယ်။ အဓိပ္ပါယ်က ဒေါ်အောင်ဆန်းစုကြည် (မစု) ရွေးကောက်ပွဲမှာနိုင်ရင် တစ်တိုင်းပြည်လုံး ဆင်းရဲတွင်းကျမယ်ပေါ့လေ။ အဲဒါ ကျနော်တို့ထဲကတစ်ယောက်က လူအလစ်မှာ နောက်ပစ်ကို နောက်ခံ ရောင်တူဆေးသုတ်ပြီး သွားဖျက်လိုက်တယ်။ အဲဒီတော့ “မစုနိုင်ရင်ဆင်းရမည်” ဖြစ်သွားရော။ ဆိုးတာက နောက်တစ်နေ့အရာရှိနဲ့တူတဲ့ လူတစ်ယောက် အဲဒီစာတမ်းကို လက်ညှိုးထိုးပြီး “ဘယ်မအေရိုး က လာပြီး လက်ကမြင်းသွားတာလဲ။ ခုချက်ခြင်းဖြုတ်ပစ်” ဆိုပြီး ဒေါသပေါက်ကွဲနေတာကို ကျနော်တို့ ခပ်လှမ်းလှမ်း က ကျိတ်ရီခဲ့ကြရတယ်။


မခံချင်လွန်းလို့ 

ကျနော်တို့ထဲမှာ တင်ညွန့်သန်းဆိုတဲ့ ခပ်နွဲ့နွဲ့ပုံနဲ့ ကျောင်းသားတစ်ယောက်ရှိတယ်။ သူအဖမ်းခံရတော့ အတော်ထူးဆန်းတယ်။ အဲဒီနေ့က ကျနော် ပုသိမ်ဘက်ကိုရောက်နေတာ။ ကျန်တဲ့လူတွေပြန်ပြောပြလို့ သိရတော့ ငိုအားထက်ရယ်အားသန်။ ဖြစ်ပုံက အဲဒီနေ့က ၁၉၈၉ ခုနှစ် မတ်လ (၁၂) ရက်ေ့။ ကျနော်တို့ မြို့က ကျောင်းသားတွေနောက်တစ်နေ့မှာ ရှစ်ဆယ့်ရှစ်သူရဲကောင်း စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်း မော်ကျဆုံးတဲ့အထိမ်းအမှတ် မတိုင်ခင် အမှတ်တရ ကြေငြာချက်စာဝေမယ်ဆိုပြီး မြို့နယ်သမ၀ါယမမန်နေ ဂျာဟောင်း ဦးစံသိန်းအိမ်ကို အချိန်းအချက်လုပ်ပြီးသွားကြတယ်။ အဲဒီအိမ်မှာဘဲစုပြီး စာရေး၊ ဖယောင်း စက္ကူဖောက်၊ မီးချောင်းနဲ့လှိမ့်ပြီးမိတ္တူကူးရတဲ့ လက်ဖြစ်စာလှိမ့်နည်းနဲ့ လေးငါးယောက် အလုပ်ရှုပ်နေကြ တာပေါ့။

တင်ညွန့်သန်းအမေကြီးက အသက် ၆၀ ၀န်းကျင်။ အသက်ကြီးပြီ။ နောက်ပြီးသူ့အမေက တောသူရိုးရိုး ကြီး။ အဲဒီအချိန်သူအိမ်မှာဆန်ပြာနေတုန်း ရဲထောက်လှမ်းရေးတစ်ယောက်ရောက်လာပြီး သူ့သားကို မေးပါလေရော။ အဲဒီတော့ အဖွားကြီးက ငါဘယ်သိမလဲပေါ့။ ရဲကလည်း အမျိုးမျိုးလှည့်မေးပြီးမရတော့၊ ထွက်သွားခါနီး “ဘယ်လိုအမေလဲမသိဘူး။ ကိုယ့်သားတောင် ကိုယ်.. ဘယ်ရောက်နေမှန်းမသိ..” လို့ပြော ပြီး လှည့်ထွက်တဲ့အချိန် အဖွားကြီးက “ဟဲ့။ နေဦး။ ငါနင့်ကို မပြောချင်လို့မပြောတာပေါ့ဟဲ့။ ငါကအမေဘဲ။ ငါ့သားဘယ်မှာရှိတယ်ဆိုတာ ငါသိတာပေါ့။ မနက်ကတည်းက ကိုစံသိန်းတို့အိမ်ကိုသွားမလို့လို့ပြောပြီး ထွက်သွားတာဘဲ” တဲ့။ အဲဒီတော့ ဟိုလူတွေ ဦးစံသိန်းအိမ်ကိုလိုက်သွားတော့ မီးချောင်းတွေ။ မှင်တွေ စာရွက်တွေနဲ့အလုပ်ရှုပ်နေတဲ့ တပြုံလုံးလက်ပူးလက်ကျပ်ကိုမိတော့တာပေါ့။ အကုန်လုံး ထောင်ရှစ်လစီကျ ကုန်တယ်။

ငါးလကျော်နေရပြီးတော့ သူတို့ပြန်လွတ်လာကြပါတယ်။ ထောင်အတွေ့အကြုံလေးတွေလည်း ပါလာကြ တာပေါ့။

အချဉ်မဟုတ်

ထောင်ထဲမှာ ပစ်မှုကြီးကြီးတွေကျူးလွန်ပြီထောင်ကျလာတဲ့သူတွေရှိတယ်တဲ့။ တစ်ချို့က လူသတ်၊ မုဒိန်း ကျင့်လိုမျိုးတွေ အပြင်မှာပက်ပက်စက်စက်တွေ ကျူးလွန်ပြီး အဖမ်းခံရလို့ ရောက်လာကြတာ။ အဲဒီလူတွေ ထဲမှာ တစ်ချို့က ထောင်ထဲရောက်မှ ထောင်စေတီရှေ့မှာ ဘုရားတွေ အကျယ်ကြီးအော်ရှိခိုး၊ ပုတီးတွေစိတ် ပြီး သူတော်ကောင်းကြီးတွေလို လုပ်နေကြတော့။ မျက်စေ့နောက်တဲ့တစ်ယောက်က ဘုရားရှေ့နံရံမှာ ဟိုလူ တွေမသိခင် စာသွားရေးထားတယ်တဲ့။ ဟိုလူတစ်ယောက် ဘုရားရှိခိုး၊ ပုတီးစိတ်ပြီး ထထချင်း အသံထွက် လာတယ်။ “ဘယ်.. မအေ..xxx… ငါ..xxx… မသားက လာရေးသွားတာလဲ။ ခွေးမသားတွေ….xxxx……” ဆဲသံတွေမိုးမွှန်လို့။

ကျန်တဲ့ထောင်သားတွေက ဘယ်လိုဖြစ်တာပါလိမ့်ဆိုပြီးသွားကြည့်ကြတော့ ဘုရားရှေ့နံရံက စာတမ်းကို တွေ့လိုက်ရတော့တယ်။ အဲဒါက… “ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့။ သုံးလူ့ထွဋ်ထား ငါဘုရားသည်။ မင်းတို့ထင်သလို အချဉ်မဟုတ်” တဲ့။


တစ္ဆေသံလေလား

ကျနော့အဖေဖက်က အဖိုးက လေဖြတ်ပြီးလဲတယ်။ ကိုယ်တစ်ခြမ်းသေပြီး စကားတွေဗလုံးဗထွေးဖြစ် တယ်။ အဲဒါနဲ့ ကိုယ့်မြို့ကဆေးရုံမှာကုတော့ အခြေအနေသိပ်ပြီးမတိုးတက်တာနဲ့ ရန်ကုန်ဆေးရုံကြီးကို တင်ဖို့စီစဉ်ကြရတယ်။ ကျနော်တို့ညီအစ်ကိုလည်း ဘဘကို လူနာစောင့်လိုက်သွားကြတယ်။ ဟိုရောက် တော့ ဆေးရုံကြီးရဲ့ရှေ့က ဦးနှောက်နဲ့အာရုံကြောအထူးကုဆေးရုံမှာ တင်ရတယ်။ ကျနော်တို့ညီအစ်ကိုက တစ်ယောက်တလဲ ဘဘကုတင်ဘေးက လူနာစောင့်ခုံပေါ်မှာ ဘဘကုတင်ပေါ်ကိုခေါင်းတင်ပြီး အိပ်စောင့် ကြတယ်။ ကျန်တဲ့တစ်ယောက်ကတော့ အပြင်ကတန်းလျားတစ်ခုခုပေါ်မှာ သွားအိပ်ရတယ်။ လူနာစောင့် တွေများတဲ့နေ့တွေဆိုရင် ညအိပ်စရာနေရာတောင် မရှိသလောက်ပါဘဲ။ တစ်ရက် ကျနော် လူနာဆောင် အပြင်စင်္ကြန်လမ်းပေါ်က တန်းလျားတွေမှာ လူတွေပြည့်နေတာနဲ့ အိပ်ဖို့တစ်ခုခုတော့ရှာမှဖြစ်မယ်ဆိုပြီး ဘေးဘီဝဲယာကို ကြည့်တော့ အခန်းနဲ့ကပ်ပြီးထောင်ထားတဲ့ လက်ကိုင်လေးခုနဲ့ လူနာသယ်တဲ့ကပ် (ထမ်း စင်) တစ်ခုကိုတွေ့တယ်။ ကျနော်လည်းခပ်တည်တည်နဲ့ အဲဒါကိုလမ်းလွတ်အောင် ဘေးဖက်ကိုကပ်ထား ပြီး တက်အိပ်လိုက်တယ်။ လှုပ်လိုက်တိုင်းတကျွိကျွိနဲ့ အသံထွက်နေတော့ ကောင်းကောင်း အိပ်မပျော်ပါ ဘူး။ မနက် အနားပတ်ဝန်းကျင်က ဖြတ်သွားဖြတ်လာလူနာစောင့်တွေ၊ သူနာပြုတွေက လူနာ ထမ်းစင်ပေါ် မှာ ကြံကြံဖန်ဖန်တက်အိပ်နေတဲ့ကျနော့ကို ကြည့်ပြီးရီနေကြတဲ့အသံတွေနဲ့ အိပ်ရာနိုးရတယ်။

လူနာဆောင်ထဲမှာ ဆေးရုံက ဆေးနံ့ (ဆေးရုံနံ့ခေါ်မလား) တွေမွှန်နေတာ။ ကျနော်တစ်ခါတစ်လေ အပြင် ကို ထွက်ပြီး လေကောင်းလေသန့်ရှူလေ့ရှိတယ်။ တစ်ည ကျနော်အပြင်က စင်္ကြန်ဒေါင့်ကိုထွက်ပြီး ထိုင်နေ တဲ့အချိန် လူတွေအများကြီး ဝေါကနဲဝေါကနဲ အော်ဟစ်နေသံတွေကိုကြားရတယ်။ သပိတ်ကာလက အသံ တွေအတိုင်းဘဲ။ ကျနော်စိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ ဘေးကခုံတစ်ခုပေါ်မှာ ကိုယ့်လိုပဲထိုင်နေတဲ့ ဆေးရုံ စောင့် အဖိုးကြီးတစ်ယောက်ကို အဲဒါဆန္ဒပြနေတဲ့အသံတွေလား၊ ဘာဖြစ်ပြန်ပြီလဲမသိဘူးလို့ မေးတော့ သူ က ဒီအသံတွေက ဆန္ဒပြသူတွေကိုဆေးရုံကြီးဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း မကြာခဏ ကြားရ တယ် တဲ့။ သွားကြည့်ရင်ဘာမှမရှိဘူး၊ အဲဒီအချိန်က ပစ်သတ်ခံခဲ့ရတဲ့သူတွေထဲက မကျွတ်မလွတ်သေးတဲ့ သူတွေရဲ့ ၀ိဥာဉ်တွေဖြစ်မယ်တဲ့။

ဘာဘဲပြောပြော နေ့မြင်ညပျောက် သေချင်းတရားကိုရှုမှတ် ဘာဝနာပွား ချင်ရင်တော့ ဆေးရုံက အကောင်း ဆုံး နေရာပါ။ ခဏနေ ဘေးကုတင်က လူနာတစ်ဦးအသဲအသန်ဖြစ်မယ်၊ သူနာပြုတွေပြေးဝင်လာမယ်၊ ကုတင်ကိုပတ်ပြီး လိုက်ကာတွေအရေးပေါ်ကာ၊ အောက်စီဂျင်ဗူးတွေသယ်လာပြီး နောက်တော့ အဆင်ပြေ ရင်ပြေ၊ မပြေရင်တော့ တကျွိကျွိမည်နေတဲ့တွန်းလှည်း၊ ဒါမှမဟုတ် လူနာသယ်တဲ့ကပ်ပေါ်မှာ ပိတ်ဖြူပတ် ပြီး ထုတ်သွားပြီ။ လူဆိုတာကလည်း မွေးလာပြီးရင် တစ်နေ့သေကြရတာပဲမဟုတ်လား။ ဘုန်းကြီးအို ကြီးတစ်ပါးဆိုရင် နွမ်းပါးပြီးဆေးဖိုးဝါးခမတတ်နှိုင်ကြတဲ့ သူ့ရဲ့မိသားစုကို မကြည့်ရက်တဲ့အဆုံး သူ့ဖာသာ အစာဖြတ်ရေဖြတ်ပြီး ပျံတော်မူသွားတာကိုလည်း စိတ်မကောင်းစရာကြုံခဲ့ရတယ်။


ဘာလိုချင်လဲ

ဆေးရုံမှာ ကျနော်တို့ဘဘရဲ့ နှစ်ကုတင်ကျော်လောက်မှာ ၁၄ နှစ်သား လူထွားကြီးတစ်ယောက် ဆေးရုံလာ တက်တယ်။ လူကောင်က အသက်နဲ့မလိုက်အောင်ကြီးလွန်းလို့ လူထွားကြီးလို့ခေါ်တာ။ သူက မကြာခဏ ချုံးပွဲချပြီး ရှိုက်ကြီးတငင်ငိုတတ်တယ်။ အဲဒီလိုအခါတိုင်း သူ့အမေ၊ သူ့အမ တွေ၊ အမျိုးတွေတွေက ၀ိုင်းချော့ကြရတယ်။ ကြာတော့လည်း အမှတ်တမဲ့ပေါ့။ သူက မြေကျင်းထဲကိုပြုတ်ကျပြီး စိတ်ဝေဒနာ တစ်မျိုးခံစားနေရတယ်လို့တော့ တစ်ဆင့်စကားနဲ့သိရတယ်။ ညပိုင်းဆိုရင် သူ့ရဲ့အကိုတွေလား၊ ၀မ်းကွဲညီ အကိုတွေလား လာပြီးလူနာစောင့်ပေးကြတာတွေ့တယ်။

တစ်နေ့ မနက်ရှစ်နာရီလောက် လူနာတွေကို ရောင်းလှည့်တဲ့ (လှည့်ပတ်စစ်ဆေး) ဆရာဝန်နဲ့ သူနာပြုတွေ တစ်အုပ်ထုံးစံအတိုင်း လူနာဆောင်ကို ၀င်လာတဲ့အချိန် အဲဒီကလေးကြီးက ရုတ်တရက် ဟီးကနဲငိုချလိုက် တယ်။ သူ့မေမေနဲ့ သူ့အမတွေ၊ အမျိုးတွေက ၀ိုင်းချော့ကြတာပေါ့။ သားလေးရယ် ဘာလိုချင်လို့လည်း၊ မငို ပါနဲ့၊ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ မေမေရှိတယ်၊ သားလေးဘာလိုချင်လို့လဲပြော ဆိုတဲ့ အမေ့ရဲ့စကားကို ကြားပေမယ့် ဆက်ငိုနေတယ်။ အမတွေ၊ အမျိုးတွေကလည်း သူ့အမေလိုဘဲ ၀ိုင်းချော့ကြတာပေါ့။ ပိုပြီး ရှိုက်ကြီးတစ်ငင်ဖြစ်လာတယ်။ ဆရာဝန်ကလည်း တစ်ခုတင်ကျော်လောက်ကို ရောက်လာပြီဆိုတော့ တစ်ခြားကုတင်က လူနာစောင့်တွေပါမနေသာတော့ဘဲ ကူပြီးတစ်ယောက်တစ်ပေါက် ၀ိုင်းချော့ကြတယ်။ “တိတ်ပါကွာ၊ မငိုနဲ့တော့လေ.. သားမေမေကလည်း မေးနေတာဘဲ။ ဘာလိုချင်လဲ ပြောလိုက်လေ” “မောင်လေးက တိတ်ပါကွယ်။ မမတို့ကိုပြော ဘာလိုချင်လဲ” “ကဲ… တိတ်တော့။ မင်းဘာလိုချင်လဲပြော လိုက်။ ဟိုမှာ မေမေလည်းမေးနေတယ်မဟုတ်လား” …

ဆရာဝန်နဲ့ လက်ထဲမှာ လူနာမှတ်တမ်းတွေကိုင်ထားကြတဲ့သူနာပြုတွေ သူ့ကုတင်ဘေးရောက်သွားကြ တယ်။ ဘာဖြစ်တာလဲမေးရင်းက ဆရာဝန်လည်း အခြေအနေကိုသဘောပေါက်သွားပုံနဲ့ ပြုံးကြည့်ပြီး “အေး လေကွာ။ မင်းကလည်း။ ဘာစိတ်ညစ်စရာရှိလဲ။ ဒီမှာ အေးအေးဆေးဆေးဘဲဥစ္စာ။င်းမေမေကလည်း ပြောပြီးပြီဘဲ။ သားဘာလိုချင်လဲ ပြော” ဆိုတော့ သူကရှိုက်ငိုရင်း လိုချင်တာကိုပြောလိုက်တယ်။ အားလုံး ၀ုန်းကနဲ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ တစ်ချို့တွေလည်း ၀ါးကနဲ ၀ိုင်းရီကြတယ်။ နောက် ဆရာဝန်နဲ့ သူနာ ပြုတွေကိုကြည့်လိုက်တော့ လှစ်ကနဲဘယ်ရောက်သွားပြီလည်း မသိတော့ဘူး။ လူနာဆောင်အပြင်ကိုလစ် သွားတာဖြစ်မယ်။ ဟိုကလေးဖြေလိုက်တာက “အဟင့်… အဟင့်… ဒီမိုကရေစီ” တဲ့။ ဟုတ်တယ်လေ လူ တိုင်းက ဘာလိုချင်လဲမေးနေတော့ သူလည်း သူလိုချင်တာပြောမှာပေါ့။


အန်တီစု

ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ထူးခြားချက်အနေနဲ့ကတော့ ကျနော်တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်က လူထုရှေ့ကိုထွက်ပြီး ဦးဆောင်လာ တယ်။ ဒီမိုကရေစီရရှိရေးအတွက် အားလုံးစည်းကမ်းရှိရှိတိုက်ပွဲဝင်ကြဖို့ သူကဆော်သြလိုက်တယ်။ နိုင်ငံရဲ့ ရန်ကို ကာကွယ်ဖို့ရည်ရွယ်ပြီး လွတ်လပ်ရေးတိုက်ပွဲအတွင်း ဗမာ့တပ်မတော်ကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံ တော်နဲ့ ပြည်သူလူထုလူတန်းစားအားလုံးရဲ့ကြေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေဟာ စစ်အစိုးရရုံး နံရံတွေကနေ တစ်ဖြေးဖြေးပျောက်ကွယ်လာခဲ့တာတွေ့ရတယ်။

ကျနော်တို့ ၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ မြို့နယ် NLD လူငယ်ကိုယ်စားလှယ်တွေ ရန်ကုန်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးကို ရောက်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အထွေ ထွေအတွင်းရေးမှူးဖြစ်တဲ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့နေအိမ်မှာ တွေ့ခွင့်၊ စကားပြောခွင့်လည်းရခဲ့တယ်။ ကျနော်တို့အားလုံး အန်တီ့အိမ်ကဆက်တီလေးပေါ်မှာထိုင်စောင့်နေကြတဲ့ အချိန် အန်တီက အိမ်ခန်းထဲကရေနွေးဗန်းလေးကိုင်ပြီးထွက်လာတဲ့ အမျိုးသမီးတစ်ဦးလက်ထဲက ရေနွေး ဗန်းကို လက်လွှဲယူလိုက်ပြီး ရေနွေးခွက်လေးတွေထဲကို သူကိုယ်တိုင်ရေနွေးငှဲ့ထည့်ပေးပြီး ကျနော်တို့ တစ် ယောက်စီကိုပေးတယ်။ သိပ်ပြီးယဉ်ကျေးသိမ်မွေ့လွန်းတဲ့သူ့ကို ကျနော်တို့လေးလေးစားစားနဲ့ လိုက်ငေး ကြည့်မိကြတယ်။ သူက တစ်ဖက်မှာလည်း ဘဘဦးကြည်မောင်တို့၊ ဘဘဦးတင်ဦးတို့နဲ့ အစည်းအဝေးက ရှိနေတယ်လို့ပြောရင်းက နယ်ဘက်ကအခြေအနေတွေကိုမေးတယ်။ ကျနော်တို့လည်း ပထမ မြို့နယ်ရုံးက အခြေအနေအခက်အခဲတွေကို ရှင်းပြမလို့စဉ်းစားထားပေမယ့် ပြောမထွက်တာကြောင့် ဒီလိုပါပဲအန်တီလို့ ရောချတော့ အန်တီက လူငယ်တွေအနေနဲ့ လူကြီးတွေကိုသည်းခံပြီး ဆက်လုပ်ကြဖို့တိုက်တွန်းခဲ့တယ်။ နောက်ထပ်သူပြောတာက ကျနော်တို့ကိုတောမခိုကြဖို့ပေါ့။

စိတ်ထဲမှာ နောင်ဘာတွေဖြစ်ဦးမယ်ဆိုတာ မသိတော့ တောခိုဖြစ်ရင်ဖြစ်မှာလို့ စဉ်းစားထားတဲ့ကျနော်က အလုပ်တွေသိပ်များနေတဲ့ ကျနော်တို့ရဲ့ဒီမိုကရေစီခေါင်းဆောင် အန်တီ့ရဲ့ဆုံးမစကားကို နားထောင်ရုံ သက်သက်လုပ်လာခဲ့တယ်။ ကျနော်တို့က အန်တီ့ကိုစကားပြောဆွေးနွေးတာထက်စာရင် ရတဲ့အချိန်လေး မှာ သူပြောတာကိုပဲ လေးလေးစားစားနားထောင်ခဲ့ကြတာပါဘဲ။ ဟိုတစ်ဖက်ခပ်လှမ်းလှမ်းက စားပွဲမှာလည်း ကိုယ့်ထက်အများကြီး အသက်အရွယ်ကြီးတဲ့ဘဘတွေ ထိုင်စောင့်နေကြတာကိုအားနာလို့ အချိန်မဆွဲချင် တာလည်း ပါတာပေါ့။ ကမ္ဘာကလေးစားရတဲ့ ဒီမိုကရေစီခေါင်းဆောင်ကို လူကိုယ်တိုင်မြင်ဖူးရုံသာမက စကားပါပြောခွင့်ရခဲ့တာဆိုတော့ ဒါဟာ ကျနော့ဘ၀ထဲမှာ အကြီးမားဆုံးအခွင့်အရေးပါဘဲ။


ပြေးတမ်းလိုက်တမ်း

နောက်ပိုင်း ၁၉၉၀ ခုနှစ်အစပိုင်းမှာ လုံခြုံရေးအခြေအနေတွေအရ ကျနော်တို့ပါတီရဲ့ လူငယ်အလုပ်အမှု ဆောင်တာဝန်တွေက နှုတ်ထွက်လိုက်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီတွင်းက ခေါင်းဆောင်တစ်ချို့ ကစပြီး တစ်သီးပုဂ္ဂလရွေးကောက်ပွဲဝင်ကြမယ့်ပုဂ္ဂိုလ်တွေအဆုံး အဆက်အစပ်မပြတ်ကြပါ။ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးတို့အဖွဲ့ မြို့ကိုလာတော့လည်း မြိုနယ်က တက်ကြွတဲ့လူငယ်ကျောင်းသားတွေနဲ့ အစည်းအဝေးကို သူတို့လူကြီးတစ်ချို့က နေရာပေးပြီးစီစဉ်ပေးကြတာတွေ ရှိတယ်။ ၁၉၉၀ ခုနှစ် မတ်လ (၁၀) ရက်နေ့လောက်ကတည်းက မတ်လ (၁၃) ရက်နေ့၊ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား အာဇာ နည် ကိုဖုန်းမော်ကျဆုံးခဲ့တဲ့နှစ်ပတ်လည်နေ့အတွက် အစီအစဉ်ဆွဲရတယ်။ ကျနော်တို့အဲဒီအချိန်က သိပ်ပြီး မထင်ရှားကြတဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ တက်ကြွတဲ့လူငယ်ကျောင်းသားငယ်တွေကို အခမ်းအနားတစ်ခုကို ဦးဆောင်ပြီးစီစဉ်ကြဖို့ လျှို့ဝှက်တိုင်ပင်ကြတယ်။ လူ့ဘောင်သစ်ပါတီက ရဲဘော်သူငယ်ချင်းတွေနဲ့ ကျနော် တို့က အမြဲလိုလို နောက်ကနေအလိုက်ခံနေကြရတော့ ဒီပွဲမှာ အစိုးရကို မျက်လှည့်ပွဲလေးတစ်ခုလုပ်ဖို့ စဉ်းစားကြတယ်။

၁၉၉၀ ခုနှစ်၊ မတ်လ (၁၃) ရက် မနက်ပိုင်းကတည်းက ကျနော်တို့သူငယ်ချင်းတစ်စု ကျောင်းသားတွေရဲ့ ၀တ်စုံဖြစ်တဲ့ အင်္ကျီဖြူနဲ့ ကချင်ပုဆိုးတွေကိုဝတ်ထားတယ်။ ရင်ဘတ်မှာ ညီမငယ်တစ်ချို့ အချိန်ယူအပင်ပန်း ခံပြီး လုပ်ပေးထားတဲ့ အ၀တ်နဲ့လုပ်ထားတဲ့ နှင်းဆီပန်းအမဲရောင်ရင်ထိုးတွေကိုတပ်ထားတယ်။ ကျနော်တို့ ရှစ်ယောက်လောက်ဖြစ်မယ်ထင်တယ်၊ ဈေးထဲကိုသွားကြတယ်။ နောက်ကထောက်လှမ်းရေးတွေတော့ မသိမသာလိုက်လာပြီဆိုတာ သတိထားမိတယ်။ နောက်ပြီး လ္ဘက်ရည်ဆိုင်ထိုင်တယ်။ လိုက်နေတဲ့လူ တွေလည်း ခပ်လှမ်းလှမ်းကစားပွဲခုံတွေမှာ ၀င်ထိုင်လာတယ်။ နောက်ပိုင်း နေ့လည် ၁၂ နာရီလောက် ရောက်တော့ ကိုယ့်အိမ်ကိုယ် ထမင်းပြန်စားကြပြီး လေသေနတ်ပစ်ကွင်းမှာဆုံကြဖို့ ပြန်ချိန်းကြတယ်။ နောက်တော့ တစ်နေ့ခင်းလုံးလိုလို လေသေနတ်ထိုင်ပစ်နေကြတာ ညနေလေးနာရီဝန်းကျင်အထိပဲ။ အဲဒီ လို ဟိုလိုလိုဒီလိုလိုတွေ လျှောက်လုပ်နေပြီး လူစုခွဲပြီး ကိုယ့်အိမ်ကိုယ်ပြန်ခဲ့ကြတယ်။

ကျနော်တို့ နောက်ပိုင်း ညီငယ်ညီမငယ်တွေစီစဉ်တဲ့ပွဲက ဘုန်းကြီးကျောင်းတစ်ခုမှာ အောင်အောင်မြင်မြင် ဖြစ်သွားတယ်လို့ ကြားရတဲ့အတွက် ကျိတ်ဝမ်းသာကြရသလို ကျနော်တို့နောက်လျှောက်လိုက်ပြီး ဘာမှ ထူးထူးခြားခြားလုပ်သွားတာမရှိဘဲ နောက်မှ တစ်နေရာမှာ အခမ်းအနားဖြစ်သွားတယ်လို့သတင်းရကြတဲ့ ရဲ ထောက်လှမ်းရေးနဲ့ စစ်ထောက်လှမ်းရေးတွေလည်း ကျနော်တို့လက်ချက်တစ်စုံတရာမကင်းဘူးဆိုတာကို သင်္ကာမကင်းဖြစ်ပေမယ့် လက်ပူးလက်ကြတ်မပြနှိုင်တော့ သူတို့လည်း ဒေါသဖြစ်နေကြမှာဘဲလို့ အချင်း ချင်းပြန်ပြောဖြစ်ကြသေးတယ်။


ဧည့်စိမ်း

အဲဒီနှစ်လည်ပိုင်းမှာပဲ ညအချိန်မတော် ၁၀ နာရီခွဲ ၁၁ နာရီလောက် ရဲ၊ ရဲထောက်လှမ်းရေး၊ စစ်ထောက် လှမ်းရေးတွေ လက်နက်အပြည့်အစုံနဲ့ လူ ၂၀-၃၀ လောက် အိမ်တံခါးလာခေါက်တယ်။ အဖေက တံခါးထ ဖွင့်ပေးတယ်။ အိမ်ရှေ့မှာ ကားစက်သံတွေလည်းကြားရတယ်။ သြော်… ဟုတ်ကဲ့၊ ရပါတယ်၊ ရပါတယ်ဆိုတဲ့ အဖေ့အသံနဲ့အတူ အိမ်ရှေ့က သံဘာဂျာတံခါးကို ဆွဲဖွင့်သံကြားရတော့ ကျနော် အိပ်ရာကနေထကြည့် တယ်။ အိမ်ထဲကိုချက်ချင်းရောက်လာတဲ့အရပ်ဝတ်နဲ့လူတစ်ယောက်က ညီလေးက ကိုမြတ်လား၊ ဟိုအိမ် ရှေ့က ဧည့်ခမ်းမှာထိုင်နေပေးပါ။ အကိုတို့ ဒီအိမ်ကို ရှာမလို့တဲ့။ ကျနော်သိလိုက်ပြီ။ မြို့ထဲက စီးပွားရေး လုပ် ငန်းပိုင်ရှင် မိတ်ဆွေတစ်ယောက်က မကြာခင်လေးကတင် မင်းတို့သတိထားနေကြ၊ ဒီရက်ထဲမှာ ရဲက ဘယ် အိမ်လဲတော့မသိဘူး၊ ရုတ်တရက်ဝင်ရှာဖို့ရှိတယ်နော်၊ မင်းအိမ်ဖြစ်နှိုင်တယ်လို့လည်း သတိပေးထားသေး တယ်။ ကျနော်လည်းကျနော့အနားမှာရှိတဲ့ ကိုယ့်ကိုဒုက္ခပေးနှိုင်တဲ့စာရွက်စာတမ်းတစ်ချို့ကို သေသေချာချာ ၀ှက်ထားလိုက်တယ်။ သိပ်ဝေးဝေးမဟုတ်ပါဘူး။ ကျနော်အိပ်တဲ့ကုတင်အပေါ်က ထုတ်တန်းမှာတင်ထား တဲ့ စက္ကူပြောင်းတွေထဲကတစ်ခုထဲမှာပေါ့။ အဲဒီအထဲမှာ ကျနော်တို့အရင်တောခိုသွားကြတဲ့ ရောင်းရင်း ရဲဘော်တွေရေးထားတဲ့စာတွေ၊ ABSDF ကျောင်းသားတပ်မတော်ရဲ့ ပထမဆုံးထုတ်ဝေတဲ့ ပို့စ်ကဒ်။ အဲဒီပို့စ် ကဒ်မှာ အဖြူအစိမ်းဝတ်ကျောင်းသူလေးက လက်ထဲမှာ အမ်-၁၆ M-16 သေနတ်ကိုအသင့်ပုံစံကိုင်ထားပြီး ဗမာ့တပ်မတော်ကစစ်သားတွေကိုင်နေကြ ဂျီသရီးသေနတ်ကိုခြေထောက်နဲ့နင်းထားတယ်။ အဲဒါကို ကျနော် တို့ ဓာတ်ပုံပြန်ရိုက်ပြီးထပ်ဖြန့်လိုက်ကြသေးတယ်။

ခုနအာဏာပိုင်တွေက အိမ်အနှံ့မွှေနှောက်ရှာဖွေနေကြတဲ့အချိန်၊ အိမ်ရှေ့ဧည့်ခန်းမှာထိုင်နေတဲ့ ကျနော့ရှေ့ မှာထိုင်စောင့်တဲ့ရဲထောက်လှမ်းရေးက သူ့ရဲ့ ခြောက်လုံးပြူးသေနတ်ကို စားပွဲပေါ်တင်ပြီး လှည့်ကစားနေ တယ်။ ကျနော်က ပေါက်ထွက်ပါဦးမယ်ဗျာဆိုတော့ သူက ထွက်ပြေးဘို့မကျိုးစားနဲ့လို့ ကျနော့ကိုပြော တယ်။ ကျနော်လည်း ကျနော်ကရာဇ၀တ်သားမှမဟုတ်တာ ဘာကိစ္စထွက်ပြေးရမှာလဲ၊ နောက်ပြီး ခင်ဗျား တို့သေနတ်တွေကိုင်ထားတဲ့သူတွေအများကြီးကြားထဲမှာ ထွက်ပြေးရလောက်အောင် ကျနော်မမိုက်ပါဘူး လို့ ပြန်ပြောလိုက်တယ်။ သူကကျနော့ကို ပေစောင်းစောင်းနဲ့တချက်ကြည့်ပြီး ဆက်ထိုင်နေတယ်။

အထဲက “ဆရာတွေ့ပြီ” ဆိုတဲ့အသံထွက်လာတော့ ထိတ်ကနဲဖြစ်သွားတယ်။ ကျနော်ဖွက်ထားတာတွေ တွေ့သွားပြီလားမသိဘူးပေါ့။ အားလုံးရှာဖွေပြီးပြီဆိုတော့ သူတို့ရှာထားတာတွေကို တစ်စုတစ်စုခွဲပုံထားတဲ့ ပစ္စည်းတွေကို အိမ်ရဲ့သစ်သားကြမ်းပြင်ပေါ်မှာဖြန့်ချထားပြီး ကျနော့ကိုခေါ်တယ်။ ဒါတွေက ကျနော့ပစ္စည်း တွေဟုတ်မဟုတ် အတည်ပြုတာပေါ့။ ကျနော်လည်း တစ်ခုခြင်းလိုက်ကြည့်လိုက်တယ်။ အရေးတော်ပုံ ကာလက သတင်းစာတွေ၊ မြို့နယ်ကျောင်းသာသမဂ္ဂကထုတ်ထားတဲ့သတင်းစာတွေ၊ ပုံနှိပ်တဲ့နေရာမှာသုံး တဲ့ ဖယောင်းစက္ကူတွေ၊ ညှစ်သုံးရတဲ့ အနက်ရောင်မှင်ဗူးအသစ်တစ်ဗူးနဲ့ သုံးလက်စတစ်ဗူး၊ ပန်းချီစုတ်တံ တွေနဲ့ တခြားစာရေးကရိယာတွေပါ။ ဖွက်ထားတာတွေကို သူတို့မတွေ့ဘူးဆိုတော့ ကျနော်ရင်အေးသွား တယ်။ ဟုတ်တယ်လို့ ကျနော်ပြောတော့ သူတို့အထဲမှာဦးဆောင်လာတဲ့ ပထမလူက ညီလေး လက်မှတ် ထိုးပေးပါ၊ အကိုတို့ ရှာဖွေပုံစံနဲ့သိမ်းရမယ်လို့ပြောတယ်။ ရပါတယ်ဆိုပြီးထိုးပေးလိုက်တာပေါ့။ အဲဒီနောက် အဖေ့ဆီမှာ ကျနော့ကို စစ်ဆေးမေးမြန်းစရာရှိလို့ ခေါ်သွားခွင့်တောင်းတယ်။ အဖေကလည်းရပါတယ်ပေါ့။ ကျနော်လိုက်ထွက်မယ်အလုပ် အမေက နောက်ကနေ “သားကြီး။ အကျီ င်္အ၀တ်အစားလဲသွားလေ။ ညဖက် ၀တ်အိပ်တဲ့အ၀တ်တွေနဲ့” ဆိုလို့ ကျနော် အိမ်နောက်ဖက်အခန်းဝကအမေ့ဆီကို ပြန်လှည့်လာတယ်။ အမေ က ကျနော့အ၀တ်တွေယူလာပြီးပေးတဲ့အချိန် ဘေးဘီကိုအကဲခတ်တော့ သူတို့ကအိမ်ရှေ့မှာ အဖေနဲ့စကား ဆက်ပြောရင်းစောင့်နေကြတာကို အခွင့်ကောင်းယူပြီး အ၀တ်လဲနေတဲ့အချိန် အမေ့ကိုကျနော်ဖွက်ထားတဲ့ စာရွက်စာတမ်းတွေအားလုံးကို ညတွင်းချင်းမီးရှို့ဖျက်ဆီးပစ်လိုက်ပါလို့ ပြောရတယ်။ အမေကလည်း မသိ ချင်ယောင်ဆောင်ပြီး ခေါင်းညိမ့်ပြတယ်။ ရပြီ။  

ကျနော့ကိုလက်ထိပ်မခတ်ပါ။ သူတို့နဲ့အတူ ဒီအတိုင်းအေးအေးဆေးဆေးပဲ ခေါ်သွားတယ်။ ဂျစ်ကား တစ်စီးပေါ်ရောက်တော့ ဦးဆောင်လာတဲ့သူကပဲ ကားမောင်းပြီး ကားနောက်ခန်းကကျနော့ဘေးမှာ လက်နက်ကိုင် ရဲတစ်ချို့ညှပ်ထိုင်တယ်။ ကျနော်အဲဒီညက အရင်ဆုံးအဖမ်းခံရတာ။ ကျနော်ကားပေါ်ရောက် မှ သူတို့နောက်ထပ်ဝင်စရာအိမ်တွေရှိသေးတယ်လို့ ပြောနေသံကြားရပြီး ကားတွေ ဦးတည်ပြီးသွားနေကြ တဲ့အနေအထားကိုကြည့်တော့ ကျနော့လုပ်ဖော်ကိုင်ဖက် ကျောင်းသားနှစ်ဦးရဲ့အိမ်ကို ခုနအတိုင်းဝင်ရှာကြ ပြီး သူတို့ကိုပါစစ်ဆေးဖို့ဝင်ခေါ်လာကြတယ်။ ကျနော်တို့သုံးယောက်ကို ကားသုံးစီးခွဲပြီးခေါ်စစ်ကြတယ်။ တစ်ယောက်က မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကော်မတီ (မ၀တ) ရုံးမှာ၊ နောက်တစ်ယောက်က လည်း ရဲစခန်းမှာပေါ့။ ကျနော့ကိုတော့ စစ်ထောက်လှမ်းရေးရုံးကို ခေါ်သွားတယ်။ ကျနော်အဲဒီအချိန်က စဉ်းစားမိတာက ငါ့အတွက်ထိပ်တိုက်စိန်ခေါ်မှုတော့ဖြစ်နေပြီ စကားမှားရင်တောင် ထောင်ကျအနှိပ်စက်ခံရ နှိုင်တယ်၊ ထောင်ကျရင် သူတို့လက်ထဲမှာ သေလူလိုဘာမှလွတ်လွတ်လပ်လပ်ဆက်လုပ်လို့ရတော့မှာ မ ဟုတ်တော့ဘူး သတိထားပြီးကိုယ့်ထွက်ပေါက်ကို ကိုယ်ရှာမှဖြစ်မယ်လို့ စဉ်းစားထားတယ်။

အဲဒီ စစ်ထောက်လှမ်းရေးရုံးမှာကျနော့ကို စစ်မေးတဲ့သူက ခုနကအဖွဲ့ကိုဦးဆောင်လာတဲ့သူဘဲ။ ကျနော်က သူငယ်ချင်းတွေဆီကနာမည်ကြားဖူးထားတော့ “အကိုက ဗိုလ်ကြီးသန်းတိုးလား” လို့ မေးကြည့်တော့ သူက မဟုတ်ပါဘူး အကိုကသူ့ရဲ့အောက်က တပည့်တစ်ယောက်ပေါ့တဲ့။ ဒါပေမယ့် အဲဒါ ဗိုလ်ကြီးသန်းတိုး ကိုယ်တိုင်ပါဘဲ။ သူက မြို့နယ်စစ်ထောက်လှမ်းရေးဌာနတာဝန်ခံလေ။ ကျနော်လည်း သူမေးတဲ့မေးခွန်းတွေ ကိုဖြေရင်း အဓိကအတိုက်အခံပါတီဖြစ်တဲ့ မြို့နယ် NLD ပါတီက လူတွေမကောင်းကြောင်းတွေ ဖြီးဖြန်းပြီး လျှောက်ပြောပစ်လိုက်တယ်။ သူ့တပည့်တစ်ယောက်က ဘေးကနေပြီး ကျနော်ပြောတာတွေကို ရေးမှတ်နေ တယ်။ သူမေးပြီးအပြင်ကိုထွက်သွားတဲ့အချိန်မှာ တခြားတစ်ယောက်ဝင်လာပြီး အရင်အတိုင်းပြန်မေးတော့ ထပ်ပြောရပြန်တယ်။ ဗိုလ်ကြီးသန်းတိုး ပြန်ဝင်လာပြီးဆက်မေးတယ်။ ည ၂ နာရီကျော် ၃ နာရီဖြစ်လာ တော့ ကျနော်မျက်လုံးစင်းပြီး အိပ်ငိုက်လာပြီ။ မေးခွန်းတွေကိုလည်း မမှားရအောင်ဂရုစိုက်ပြောရတော့ အရမ်း ပင်ပန်းလာတယ်။ ကျနော်က အိပ်ချင်ပြီဗျာ၊ ကျနော်အိပ်ငိုက်ပြီး ပြောချင်တာတွေလျှောက်ပြောနေ ရင် အကိုတို့ပိုပြီးအလုပ်ရှုပ်မယ်။ ကျနော်အိပ်လို့ရမလားဆိုတော့ ဗိုလ်ကြီးသန်းတိုးကဘဲ “အာ.. ရပါတယ်။ ဆောရီး အကိုတို့ရုံးအောက်မှာ ကိုယ့်ညီအိပ်ဖို့စီစဉ်ပေးမယ်ဆိုပြီး ခေါင်းအုံးတစ်လုံးနဲ့ စောင်တစ်ထည်ရှာ ပေးလိုက်တယ်။ ကုတင်ကတော့ အဲဒီရုံးအောက်က စားပွဲခုံတွေကိုဆက်ပြီး အဲဒီခုံတွေပေါ်တက်အိပ်ရတာ။ တကယ်အိပ်တော့ ဟိုတွေးဒီတွေးနဲ့တော်တော်နဲ့အိပ်မပျော်ပြန်ဘူး။ အိပ်နေကျ အိပ်ယာမဟုတ်တာလည်း ပါတာပေါ့။ နောက်တော့ မှေးကနဲအိပ်ပျော်သွားတယ်။

မနက်ခြောက်နာရီမထိုးခင် ကျနော်အစောကြီးနိုးလာတယ်။ အိမ်ကအကျင့်အတိုင်း စောင်ကိုခေါက်သိမ်းပြီး ခေါင်းအုံးပေါ်မှာ သေသေသပ်သပ်ပြန်တင်ထားပေးလိုက်တယ်။ အိမ်သာက အဆောက်အဦရဲ့ အပြင်မှာဆို တော့ ကျနော်အပြင်ထွက်ရတယ်။ အပြင်မှာအတော်အေးနေပြီ။ ကျနော်မျက်နှာသစ်ပြီးတဲ့အချိန်မှာ အောက်ထပ်က စစ်ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ယောက်နိုးလာပြီ။ ကျနော်သူ့ကို နှုတ်ဆက်ပြီး။ သူတို့က ကျနော့ကို လ္ဘက်ရည်နဲ့အီကြာကွေးဝယ်ကြွေးကြတယ်။ မနက် ၇ နာရီခွဲ ရှစ်နာရီလောက်မှာ တစ်ယောက် ၀င်လာပြီး ဆက်မေးတယ်။ အဓိကပိုလာတာက ကျနော့ခြေရင်းကမှန်ဘီရိုထဲက ရှာတွေ့လာတဲ့ပစ္စည်းတွေ အကြောင်း။ ကျနော်က မှင်ဗူးတွေ၊ စာရွက်ထုတ်တွေက ကျောင်းသားသမဂ္ဂမှာ ကျနော်ကပြန်ကြားရေး  တာဝန်ယူတဲ့အချိန် အခြေအနေမကောင်းလို့ရွှေ့ကြပြောင်းကြတော့ ကျောင်းသားတွေက ကျနော့ကို သိမ်း ထားဖို့ လာအပ်ထားတာလို့ရှင်းပြတယ်။ သူတို့ကိုလည်း ကျနော်လက်ရှိသုံးနေတာဟုတ်မဟုတ် စစ်ဆေး ကြည့်နှိုင်တယ်လို့ ပြောခဲ့တယ်။ နောက်ပြီး သတင်းစာတွေကိုတော့ တကယ်ဖြစ်ခဲ့တဲ့ ရှစ်လေးလုံးအရေး တော်ပုံအမှတ်တရ သမိုင်းအနေနဲ့သိမ်းထားချင်လို့လို့ ပြောလိုက်တယ်။ သူကနောက်ပိုင်း ကျနော့ကို အသင့်ယူလာတဲ့ စာရွက်လွတ်တွေပေါ်မှာ ကျနော့အကြောင်းတွေရေးဖို့ထုတ်ပေးတယ်။ ကျနော် ညက ပြောထားတဲ့အတိုင်းမှတ်မိသလောက် ပြန်ချရေးပေးလိုက်တယ်။

မနက် ၉ နာရီလောက်မှာ အသားညိုညိုခပ်တောင့်တောင့် အသက် ၅၀ ၀န်းကျင်လောက်ရှိတဲ့ တပ်မှူးဆိုတဲ့ လူတစ်ယောက်က မေးချင်တာရှိတယ်ဆိုလို့ ကျနော် ရုံးခန်းကိုသွားရပြန်တယ်။ သူကလည်း အရင်လူတွေ လိုပဲ နာမည်၊ မိဘတွေရဲ့နာမည်၊ နေရပ်လိပ်စာ၊ ပညာအရေအချင်းနဲ့စလာပြန်တော့ ကျနော်က အရင်လူ တွေလည်းမေးထားတာရှိတယ်၊ ညကတည်းကအခုအချိန်အထိ ဒါတွေကိုဘဲထပ်တလဲလဲဖြေနေရတဲ့အပြင် လက်ရေးနဲ့ပါ ကျနော်ရေးထားတာရှိတော့ တောင်းကြည့်လိုက်လို့ရပါတယ်လို့ ကျနော်ပြောထဲ့လိုက်တယ်။ ဒါနဲ့သူက ကိုယ်ကဒါမျိုးမှကြိုက်တာ၊ ကဲ… ဒီစာရွက်က မင်းရေးထားတာမဟုတ်လားဆိုပြီး အိတ်ထဲကနေ စာရွက် တစ်ရွက်ကို ကျနော့ရှေ့ကစားပွဲပေါ်ကို ဖတ်ကနဲပစ်တင်လိုက်ပြီး မေးတယ်။ ကျနော်က အဲဒီလက် ရေးနဲ့ ရေးထားတဲ့ အစိုးရဆန့်ကျင်ရေးစာရွက်ကို ခပ်တည်တည်နဲ့ကောက်ဖတ်လိုက်ပြီး လက်ရေးလက် သားညံ့တာရယ်၊ စာလုံးပေါင်းတွေမှားနေတာတွေက ကျနော်ရေးတာမဟုတ်ဖူးဆိုတာသေချာနေပြီ။ ဒါက အလယ်တန်းကျောင်းသားတစ်ယောက်ယောက်ရေးထားတဲ့ လက်ရေးမျိုးဘဲလို့ မှတ်ချက်ပေးရင်း ကျနော် မနက်ကရေးထားရတဲ့ လက်ရေးနဲ့တိုက်ကြည့်ဖို့ သူ့ကိုပြောလိုက်တယ်။ (တကယ်တော့ အဲဒီစာက ကျနော် နဲ့ တွဲနေတဲ့ ကျောင်းသားတွေထဲက ရုက္ခဗေဒကသူငယ်ချင်းတစ်ယောက်လက်ချက်။ သူကစာကို ညာလက် နဲ့ရေးရင် အာဏာပိုင်တွေကလိုက်ရတာလွယ်နေမှာစိုးလို့ ဘယ်လက်နဲ့လက်ရေးဖျက်ရေးပြီး လျှောက်ဝေ ထားတာလို့ နောက်မှသိရတယ်။) သူက “ဒါဆိုရင်၊ မင်းကိုတည့်တည့်ဘဲမေးမယ်ကွာ။ မင်း… ဘာဖြစ်လို့ နိုင်ငံရေးသမားတွေရဲ့အိမ်တွေကို ၀င်ထွက်နေလဲ” တဲ့။ ကျနော်က သူ့ကို လက်ရှိန၀တဥက္ကဌ ဗိုလ်ချုပ်ကြီး စောမောင်ပြောခဲ့တဲ့စကားတွေဖြစ်တဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ရွေးကောက်ပွဲနိုင်တဲ့ ပါတီကို အာဏာလွှဲပေးပြီးရင် စစ်တပ်ကဘားတိုက်တွေကိုပြန်မယ်ဆိုပေမယ့် တကယ်မျှမျှတတဖြစ်မလာ မှာကို စိုးရိမ်ကြောင်းနဲ့ ကျနော်တို့ကျောင်းသားတွေအနေနဲ့ လက်ရှိအတိုက်အခံပါတီနဲ့ တစ်သီးပုဂ္ဂလနိုင်ငံ ရေးသမားတွေကို ရွေးကောက်ပွဲမှာ လူထုဆန္ဒနဲ့အညီဖြစ်စေချင်လို့ ကူညီနေတာပါလို့ သူ့ကိုပြောလိုက်တာ နဲ့တစ်ဆက်ထဲ “ရွေးကောက်ပွဲက မှန်မှန်ကန်ကန်တော့ ဖြစ်မှာပါ နော်” လို့ မေးလိုက်တယ်။ သူက ဆတ်က နဲ ကျနော့မျက်နှာကိုစေ့စေ့ကြည့်တယ်။ နောက် စားပွဲကိုလက်ဝါးနဲ့ ဘုန်းကနဲရိုက်ပြီး “မင်းတို့ စောင့်ကြည့် ပေါ့” ဆိုတော့။ ကျနော် ပုခုံးအသာကြုံ့ပြီး သူ့ကိုပြုံးပြလိုက်တယ်။ သူက ဆက်ပြောစရာကုန်သွားပုံနဲ့ ထ ထွက်သွားတယ်။



ကျနော်အခန်းအပြင်ကိုရောက်တော့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ယောက်က အဆင့် သုံးလေးဆင့်ပါ တဲ့ အ၀ါရောင်ထမင်းချိုင့်တခုလာပေးတယ်။ မင်းအိမ်ကပို့ပေးတာတဲ့။ ကျနော်သိလိုက်ပြီ၊ အမေဘဲဖြစ်ရ မယ်။ ဘာဖြစ်လို့ဒါတွေလိုက်လုပ်ပေးနေရတာလဲ မလိုပါဘူးလို့ ကိုယ့်ဟာကိုယ်ညည်းသလိုပြောပြီး ထမင်း စားဖို့ထမင်းချိုင့်ကိုဖွင့်လိုက်တော့ ကျနော်ကြိုက်တဲ့ ၀က်သားဟင်းနဲ့သီးစုံချဉ်ဟင်း၊ ဘာလချောင် ကြော်လေးနဲနဲအပြင် သရက်သီးမှည့်ကိုပါ အခွံနွှာပြီးလှီးထည့်ပေးထားသေးတယ်။ ကျနော့ဘေးမှာ စားနေ ကြတဲ့ ထောက်လှမ်းရေးရဲဘော်တွေက ဟင်းကောင်းပုံမရဘူး။ ကျနော်မျိုမကျတော့ဘူး။ ဒါနဲ့ ကျနော် ဟင်း နဲနဲနဲ့ဝအောင်စားပြီး သူတို့ကို အားလုံးပေးလိုက်တယ်။ မနက် ၁၁ နာရီလောက်မှာ ကျနော်နဲ့ကျနော့ သူငယ်ချင်းကျောင်းသားတွေကို ရဲစခန်းကတစ်ဆင့်ပြန်လွှတ်ပေးလိုက်တယ်။ ရှာဖွေပုံစံနဲ့သိမ်းသွားတဲ့ ရှစ် ဆယ့်ရှစ်ဆန္ဒပြပွဲကာလက သတင်းစာဟောင်းတွေနဲ့ စာရွက်စာတမ်းတွေကို  အစိုးရအကြည်ညိုပျက်စေ သော စာရွက်စာတမ်းများထားရှိမှုဆိုပြီး နှစ်လအတွင်း မြို့ကနေဘယ်မှမသွားရဘူးဆိုပြီး ရဲစခန်းမှာ အပတ်စဉ် လက်မှတ်ထိုးရတယ်။

xxxxxxxxx
                                                                                                                                                                                              ဆက်ပါဦးမည်.....
                                                                                                                                                                                                                            ရဲဘော်မြတ်

No comments:

Post a Comment