ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၃)



ဆက်ဖြစ်တဲ့ခြေလှမ်းများ


ကျနော်ပြန်လွတ်လာတော့ ကျနော့ အဖိုးအဖွားတွေရဲ့အိမ်ကို သွားတယ်။ အိမ်ရှေ့ကနေ ၀င်လာတဲ့ကျနော့ ကို ကျနော့အဖွားက ဟဲ့… သားကြီး… လို့ အသံတုန်တုန်နဲ့ လှမ်းခေါ်တယ်။ မျက်ရည်တွေလည်း ၀ိုင်းလာ တယ်။ ကျနော်ကအဖွားလက်ကိုအသာကိုင်ပြီး ဘာမှမဖြစ်ဘူး၊ ကျနော်ပြန်လာပြီလေလို့ပြောရတယ်။ လေငန်းဖြစ်နေတဲ့ဘဘက အိမ်ရှေ့သစ်တံခါးဘောင်ကိုမှီထိုင်နေရင်းက ဘာဖြစ်တာလဲလို့ အသံဗလုံး ဗထွေးနဲ့ လှမ်းမေးတယ်။ အဖွားက သူမသိအောင်မျက်ရည်သုတ်ပြီး ဘာမှမဟုတ်ပါဘူးလို့ ပြန်ပြောတယ်။ နောက်တော့ဘဘသိသွားတယ်။ ဘယ်ရမလဲ သူကပါးတာမှ လှစ်နေရော။ ကျနော့ကို ခေါ်ပြီးဆူပါလေ ရော… “အစိုးရကို ငါလည်းမကြိုက်ဘူး၊ မင်းလက်ထဲမှာ သူတို့လိုသေနတ်မရှိဘဲ သွားလုပ်မနေနဲ့။ မင်းသူတို့ ကိုချချင်ရင် သေနတ်ရှာပြီးပြန်ချ။ မတန်မရာတွေမလုပ်ပါနဲ့။ ငါတို့ပဲစိတ်မကောင်းဖြစ်ရမယ်” တဲ့။ ဘဘက လယ်သမားမျိုးရိုး။ မြို့ပေါ်မှာ ဆေးရွက်ကြီးကုန်သည်လုပ်ပြီး အခြေချခဲ့တာ။ ကျနော့အဖေဖက်က ရှမ်း နွယ်ကြတယ်။ ကျနော့ဘဘရဲ့အဖေ၊ ကျနော့အဘေးကို ကျနော် နှစ်သုံးနှစ်သားလောက်က ရွာကိုသွား လည်ရင်း တွေ့ခဲ့ဖူးတယ်။ အရပ် ခုနစ်ပေလောက်ရှိတယ်။ သူက ထိုင်ပြီးကွမ်းတမြုံ့မြုံ့နဲ့ နှီးထိုးနေတာ။ ဆံပင်ကို ရောင်တစ်စောင်းချထားပြီး ကိုယ်လုံးကိုယ်ပေါက်အတော်တောင့်တယ်။ တကိုယ်လုံးမှာလည်း ဆေးမှင်ကျောင်တွေအပြည့်ထိုးထားတာ သူ့ဒူးအောက်အထိရောက်တယ်။ အမေတို့ဖက်က မြန်မာ စစ်စစ်တွေ။ ပညာရေးမျိုးရိုးတွေလို့ပြောရမယ်။ အမေဘက်ကအဖိုးက အရင်ကခေတ်က ခရိုင်ပညာဝန် တစ်ယောက်လုပ်ခဲ့ဖူးတယ်။ ကျနော့ဦးလေးနှစ်ယောက်နဲ့အဒေါ်က ကျောင်းဆရာဆရာမတွေ။ ဦးလေး တစ်ယောက်ဆိုရင် တက္ကသိုလ်တစ်ခုမှာမော်ကွန်းထိမ်းလုပ်ခဲ့တာရှိတယ်။

နောက်ပိုင်း ၁၉၈၉ မှာ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) က သူ့အစီအစဉ်နဲ့သူ အာဇာနည်နေ့ ရန်ကုန်မှာ ချီတက်အလေးပြုမယ်လို့ ကြေငြာခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့မြို့လေးမှာလည်း ဖြစ်အောင်လုပ်မယ်ဆိုပြီး ပန်းခွေနှစ်ခုရှာပြီးထလုပ်ထည့်လိုက်တော့ မထင်မှတ်ပဲ ကျနော်တို့တန်းစီပြီးချီတက်နေကြတဲ့လမ်းကြောင်း တစ်လျှောက် လူငယ်တွေအင်အားဝင်ဖြည့်လာပြီး လူအင်အား ၆၀ ကျော်ဖြစ်သွားတယ်။ ဈေးကြီးကိုဖြတ် ၀င်ရမယ့်လမ်းကြောင်းကိုလည်း ရဲကပိတ်ထားလို့ မြို့ထဲကနေပတ်ပြီးချီတက်ကြရတော့ တမြို့လုံးဟိုးလေးတ ကျော်ဖြစ်သွားတယ်။ မြို့ထဲကလူတွေက ထွက်ကြည့်ကြတဲ့အပြင် တစ်ချို့ဆိုရင်အနောက်ဖက်ခပ်လှမ်းလှမ်း က ဘာဖြစ်မလဲလို့ လိုက်ကြည့်ကြတယ်။ သူ့တို့ အာဏာပိုင်တွေထဲက အရပ်ဝတ်နဲ့တစ်ယောက် လာ ညှိတယ်။ သူက ဘယ်နှစ်ဖွဲ့လည်းမေးတော့ ကျနော်တို့က လူငယ်တစ်ဖွဲ့၊ ကျောင်းသားတစ်ဖွဲ့လို့ ပြောလိုက် တယ်။ သူက ခွင့်ပြုပေးဖို့ သူ့အထက်အရာရှိနဲ့ညှိနှိုင်းပေးပါ့မယ်ဆိုပြီး ခနနေတော့ သူက အိုကေလို့ပြော တယ်။ ကျနော်တို့ ပန်းခွေနှစ်ခုကအရှေ့မှာတစ်ခု၊ အလယ်မှာတစ်ခုဖြစ်သွားပြီး ရှေ့ဆုံးကပန်းခွေပေါ်မှာ “ကျောင်းသားလူငယ်များလွမ်းသူ့ပန်းခွေ” အဲ.. အနောက်ဖက်ကပန်းခွေမှာတော့ “လူငယ်ကျောင်းသားများ လွမ်းသူ့ပန်းခွေပေါ့”။ ဟိုရောက်တော့ အလားလုံးအတူတူဝင်ခွင့်ရခဲ့တယ်။ အဲဒီချီတက်မှုမှာလည်း အာဇာ နည်ကုန်းကိုအရောက် အများတောင်းဆိုချက်အရ ကျနော်ဦးဆောင်ရပြန်ပါတယ်။ ကျနော်တို့ ကံကောင်း တယ်လို့ဆိုမလား အာဏာပိုင်တွေက အာဇာနည်ကုန်းကိုဝင်ခွင့်ပြုခဲ့တဲ့အပြင် ဖမ်းတာဆီးတာတွေလည်း မလုပ်ခဲ့ဘူး။ ရ၀တ ရပ်ကွက်လူကြီးအဖြစ်အရွေးခံထားရတဲ့ အဖေက မြို့နယ်ငြိပ်ပိ (မ၀တ) ရုံးမှာ အဲဒီလှုပ် ရှားမှုဗွီဒီယိုခေါ်ပြတာကြည့်ပြီး ပြန်လာတဲ့အခါ "ဟေ့ကောင်… အကြီးကောင်… မင်းအိမ်ဦးခန်းမှာပဲသွားနေ စမ်းပါကွာ၊ နိုင်ငံရေးမလုပ်ပါနဲ့တော့။ ငါတစ်သက်လုံးရှာကြွေးပါ့မယ်၊ မင်းလုပ်တာနဲ့ တစ်မိသားစုလုံးဒုက္ခ ရောက်ကုန်လိမ့်မယ်" ဆိုတာမျိုး ခေါ်ပြီး ဆူခဲ့သေးတယ်။ အဲ… အဲဒီအချိန်က ရန်ကုန်ကျောင်းသားတွေနဲ့ တခြားမြို့နယ်တွေက ကျောင်းသားတွေတော့ ဗိုလ်ချုပ်ကိုအလေးပြုကြတဲ့အတွက် အဖမ်းအဆီးခံကြရတယ် ကြားတယ်။

၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနေ့ကိုရောက်လာတယ်။ ကျနော်တို့ ကျောင်း သားတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်တဲ့ NLD မဲအနိုင် ရရေးအတွက် အင်အားထွက်ပြဖြစ်တယ်။ အားလုံးလူတစ်ရာကျော်လောက်ရှိမလားဘဲ။ ကျောင်းသား ၀တ်စုံအဖြူနဲ့ ကချင်ပုဆိုးဝတ်ထားကြတယ်။ NLD ရဲ့ အမှတ်အသားဖြစ်တဲ့ ခမောက်တွေကို ဆောင်းထား ကြတယ်။ စက်ဘီးတွေမှာ ပါတီအလံတွေချည်ထားတယ်။ ရည်ရွယ်ချက်က ပါတီစုံဝင်ပြိုင်ကြတော့ မဲတွေ ပြန့်ကုန်ပြီး ကြားကနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတဖြစ်လဲ မဆလပါတီ ၀င်စားသွားမှာစိုးလို့။ ကျနော်တို့ တစ်မြို့လုံးလှည့်ပြီး တစ်ယောက်မဲဝင်ထည့်ရင် ကျန်တဲ့သူအားလုံး အပြင်ကစောင့်ပေးကြတယ်။ မဲရုံတစ်ခုမှာဆိုရင် တာဝန်ကျတဲ့သူတစ်ယောက်ထွက်လာပြီး ညီလေးတို့ဘယ်သူတွေလဲဆိုတာ အကိုတို့ သိပါတယ်။ ဒီရွေးကောက်ပွဲကို မှန်မှန်ကန်ကန်ဖြစ်အောင် အကိုတို့တာဝန်ယူပေးနေပါတယ်။ စိတ်ချပါ၊ လူထုဆန္ဒအတိုင်းဖြစ်စေရမယ်လို့ ကတိထွက်ပေးတာမျိုးလည်းရှိတယ်။ အဲဒီညနေက ပထမဆုံး ရေဒီယိုက မဲအနိုင်ရတဲ့သူတွေစာရင်းကို ကြေငြာပေးတယ်။ NLD NLD NLD တွေချည့်ထပ်နေတယ်။ လက် ခုတ်သံတွေလည်း တစ်ဖြောင်းဖြောင်း။ ကျနော်တို့မြို့နယ်မှာလည်း မဲဆန္ဒနယ်နှစ်ခုစလုံး NLD ပဲ နိုင်တယ်။ ၀မ်းသာလွန်းလို့ အိမ်ရှေ့တွေမှာထွက်ပြီးကနေကြတဲ့ အဖွားကြီးတွေ။ အောင်ပွဲခံနေကြတဲ့လူထု။ မဖော်ပြ နှိုင်လောက်အောင်ပြီးပြည့်စုံနေတဲ့ ပီတိအပြုံးတွေနဲ့လေ။ ဒီပီတိတွေဟာ တစ်လတောင်မခံခဲ့ပါဘူး။


တွေးမိတွေးရာ

ကျနော်ငယ်ငယ်က ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေစာထဲမှာသင်ရတော့ ဗိုလ်ချုပ်ကို သူရဲကောင်းကြီး တစ်ဦးအနေနဲ့ရော၊ သူ့ရဲ့ရှင်းလင်းပြတ်သားတဲ့မိန့်ခွန်းအပိုင်းအစတွေကိုကြားဖူးထားတော့ လူနားလည် အောင် ပြောတတ်သူအဖြစ်အနေနဲ့ပါ အတော်လေးသဘောကျတယ်။ တခြားသူရဲကောင်းတွေအများကြီးရဲ့ အကြောင်းတွေကိုလည်း ကျောင်းမှာသင်ရတယ်။ ကျနော်က နောက်ပိုင်း မွန်-မြန်မာနှစ်လေးဆယ်စစ် အတွင်းက တိုက်ပွဲထဲကပေါ်လာတဲ့ မွန်သူရဲကောင်းကြီးလဂွန်းအိမ်ကို အရမ်းကြိုက်သွားတယ်။ သူ့ရဲ့ ရဲရင့်မှု၊ ပြည့်ဝမှု၊ ရိုးသားမှု၊ သစ္စာတရားကြီးမားမှုနဲ့ ကျေးဇူးတရားအလေးထားမှုပုံရိပ်တွေက ကျနော့ အတွက် လမ်းညွှန်ဖြစ်ခဲ့တယ်။ ဟိုတုန်းက လမ်းပေါ်မှာသူများရိုက်သွားလို့ ခေါင်းမှာသွေးတွေထွက်ပြီး လဲနေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့တော့ ဒူးတွေညွှတ်၊ ခေါင်းတွေမူးလာပြီး အနားကတိုင်တစ်တိုင် ကို အပြေးကိုင်ပြီးရပ်ရတဲ့ ကျနော့သတ္တိက သူ့ခြေမှုန်တစ်မှုံလောက်တောင်ရှိတာမဟုတ်ဘူး။ ကျနော်က ရန်ဖြစ်ခဲတယ်။ ဒါပေမယ့် ကိုယ်မှန်တယ်ထင်ရင်တော့ရမ်းတတ်တာလောက်တော့ရှိတယ်။ ဒါတွေက ကျနော်ငယ်ငယ်က တစ်ခါမှအိပ်မက်မမက်ခဲ့ဖူးတဲ့ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်သွားအောင် ပို့ပေး ခဲ့တာများလား။

ကျနော်တို့ငယ်ငယ်က ကျောင်းမှာသင်ရတဲ့ တောကစားထွက်လာရင်း မျက်စေ့လည်လမ်းပျောက်နေတဲ့ မင်းသားလေးနဲ့ နောင်လာနောက်သားတွေစားဖို့ သရက်ပင်စိုက်နေတဲ့အဖိုးအိုဇတ်လမ်းကို သိပ်ကြိုက် တယ်။ နောက်မျိုးဆက်ကို ဒုက္ခပေးမယ့် အဆိပ်ပင်မျိုးကျတော့ လူ့တာဝန်အရ ရှင်းသင့်တယ်မဟုတ်လား။ ကိုယ့်မျိုးဆက်မှာရှင်းသွားနှိုင်ရင် နောင်မျိုးဆက်က ကိုယ်မရှင်းနှိုင်လို့ထားခဲ့တဲ့ အဆိပ်ပင်ကြောင့် မျိုးဆက် ပျက်စီးမယ့်အရေးမရောက်တဲ့အပြင် အဆိပ်ပင်ရှင်းရတဲ့အလုပ်ပိုမရှိတဲ့အတွက် ကျနော်တို့ထက်ပိုကောင်း တဲ့ လူနေမှုဘ၀ကို ပိုင်ဆိုင်နှိုင်ကြမယ်လေ။ လွပ်လပ်မှုမရှိတဲ့လူ့အသိုင်းအ၀ိုင်းအနေနဲ့ တိုးတက်ထွန်းကား မှု ဖြစ်လာဖို့၊ အမှီခိုကင်းဖို့မလွယ်ဘူး။ မြန်မာနိုင်ငံမှာ အောက်ခြေနင်းပြားလူတန်းစားကစပြီး ၀န်ကြီးချုပ် အထိ လုံခြုံစိတ်ချရမှုမရှိတဲ့စံနစ်ကို ကျနော်တို့အနာဂတ်အတွက် မထားခဲ့ချင်ဘူး။ အများကောင်းကျိုး အတွက် အောင်မြင်အောင်လုပ်နှိုင်တယ်၊ မလုပ်နှိုင်ဘူးဆိုတာကတော့ အင်အား၊ အရည်အချင်း၊ အခြေအ နေနဲ့ အချိန်အခါတွေအားလုံးအပေါ်မှာ မူတည်နေတာပါ။ အဆုံးအဖြတ်ဆိုတာက အချိန်အခါကျမှပေးတာ အကောင်းဆုံးမဟုတ်လား။ အချိန်အခါမရောက်ခင် ပြောဆိုနေတာတွေဟာ ‘အထင်’တွေဘဲ ဖြစ်လေ့ရှိ တယ်။

ကျနော်ငယ်ငယ်ကတည်းက တနင်္လာတို့ သေင်္ကြာနေ့တို့တိုင်း ဆံပင်ညှပ်တယ်။ အဲ.. အဲဒီနေ့တွေမှာ ဖွင့်တဲ့ ဆံပင်ညှပ်ဆိုင်ကိုတော့ ရှာရတာပေါ့။ ကျနော်တို့မြန်မာတွေက ကလေးတွေမေးခွန်းထုတ်ရင် မကြိုက် ကြဘူး။ အဲဒါဟာ လူတစ်ယောက် တိုးတက်ဖို့အတွက် အတားအဆီးဖြစ်နေတယ်လို့ ကျနော်ထင်တယ်။  ကျနော်ကတော့ ကျနော်သိချင်တာတွေကို မေးလို့မရတဲ့လူနဲ့တွေ့ရင် နောက်တစ်ခါ မေးလို့ရမယ့်သူနဲ့တွေ့ဖို့ အခွင့်အရေးကိုစောင့်တယ်။ အခွင့်အရေးရတာနဲ့ ကိုယ်သိချင်တာကို မေးတော့တာဘဲ။ အဲ… ဘယ်ရောက် သွားပြီလဲ.. ဟုတ်ပြီ… ဆံပင်ညှပ်တဲ့ကိစ္စ။ ကျနော့ကို မိဘဆွေမျိုးတွေအပါအ၀င် လူကြီးအတော် များများက တနင်္လာနဲ့ သောင်္ကြာ ဆံပင်မညှပ်ဖို့ တားကြတယ်။ ကျနော်က မရဘူး… သိပ်စူးစမ်းတယ်။ ကျနော် ဆယ့်သုံးလေးနှစ်သားလောက် အဖိုးအဖွားတွေတိုက်တွန်းတာနဲ့ မဟာစည်မှာ တရားသွားထိုင်ဖြစ် တယ်။ ဘယ်ရမလဲ အဲဒီ ဆံပင်ညှပ်ရင်ရှောင်ရတဲ့နေ့တွေကိစ္စကို ဆံပင်မရှိတဲ့သူကို သွားမေးတော့တာပေါ့။ ကျနော်တို့မြို့က မဟာစည်သာသနာ့ရိပ်သာက ဘုန်းဘုန်းတစ်ပါးကိုမေးကြည့်တာပါ။ သူက နှံ့စပ်တယ် လေ။ သူရှင်းပြတာကဆိုေ မြတ်စွာဘုရားက သိဒ္ဓတ္ထဗုဒ္ဓတာ့သောင်္ကြာနေ့သားတဲ့။ သူက လူ့ဘ၀ကိုငြီးငွေ့ပြီး တရားထူးရှာဖို့ ‘ဆံ’ပယ်တာက တနင်္လာနေ့တဲ့။ အဲဒီတော့ ရှေးလူတွေက သောင်္ကြာသားတွေဟာ ဘုရားကိုတုပြီး တနင်္လာနေ့မှာဆံပယ်တာမလုပ်ဖို့ တားခဲ့တာဆိုဘဲ။ အဲဒါက ကျနော်အရင်က တစ်ခြားလူ တွေပြောခဲ့တားခဲ့တဲ့ တားမြစ်ချက်တွေထက် သဘာဝကျတယ်ထင်တယ်။ ယုတ္တိယုတြာလည်းပိုရှိတယ်။ အဲဒီတော့ သောင်္ကြာသားမဟုတ်တဲ့လူတွေနဲ့ ဒီပညတ်ချက်က မဆိုင်ဘူးပေါ့။ အဲဒါကိုဘဲ အခုအချိန်အထိ တစ်သက်လုံးယူထားတယ်လေ။ ဘုရားကတော့ သောင်္ကြာသားမဟုတ်တဲ့ကျနော် ဘယ်နေ့မှမရှောင်ဘဲ ဆံပင်ညှပ်နေတာကို ဗွေယူမယ်မထင်ပါဘူး။

ကျနော်တို့လူဖြစ်လာပြီဆိုရင် တိရိစ္ဆာန်တွေထက်ထူးခြားတဲ့ စဉ်းစားဆင်ချင်နှိုင်စွမ်းရှိတဲ့ဦးနှောက်ကို ပိုင် ဆိုင်ခွင့်ရကြတယ်။ ဒါဟာကျနော်တို့အတွက် မဟာအခွင့်အရေးပါဘဲ။ စဉ်းစားဆင်ချင်ခွင့်ကို ငယ်စဉ် ကတည်းကအပိတ်ပင်ခံရတယ်ဆိုရင် လူတစ်ယောက်အတွက်တိုးတက်မှုကိုတားဆီးခံရတယ်လို့ မြင်တယ်။ ဒါကြောင့် သူများနှိုင်ငံတွေမှာ ကလေးတွေကိုစဉ်းစားတွေးခေါ်ပြောဆိုမှုတွေကို အားပေးကြတယ်လေ။ ကလေးတစ်ယောက်ပြောတဲ့လုပ်တဲ့အလုပ်က သူကိုယ်တိုင်နဲ့အခြားသူတွေအတွက် အကျိုးမရှိတာ၊ အန္တရာယ်ဖြစ်စေတာကလွဲပြီး ကျန်တာတွေကိုတားဆီးမှုမလုပ်သင့်ပါဘူး။ ကျနော်တို့ငယ်ငယ်က အိမ်မှာ မိဘကြောက်ရတယ်၊ ကျောင်းမှာဆရာဆရာမတွေကို ကြောက်ရတယ်။ အသိုင်းအ၀ိုင်းမှာ ကိုယ့်ထက် အသက်ကြီးတဲ့လူတွေကို ကြောက်ရတယ်။ ကိုယ်လုပ်နှိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တဖြည်းဖြည်းနဲလာပြီး ဖြစ်မှာမဟုတ်ပါဘူးဆိုပြီးတွေးကြောက်တာတွေက ဘာကိုလုပ်လုပ် အောင်မြင်မှုတွေ နဲ့ဝေးစေခဲ့တယ်လို့ စဉ်းစားမိတယ်။ နောက်ပြီး ကလေးတွေကိုလက်ရွယ်ချိန်းခြောက်ပြီး သူတို့သိချင်တာ တွေကို တားဆီးနေမဲ့အစား စိတ်ရှည်သည်းခံပြီးရှင်းပြပေးတာအကောင်းဆုံးပါ။ ကိုယ်မွေးလာတဲ့ကလေးက ကိုယ့်ထက်ပိုပြီး တော်လာတာ၊ အဆင့်မြင့်လာတာ ဂုဏ်ယူစရာကောင်းသလို စိတ်ချမ်းသာစရာလည်း ကောင်းတာပါဘဲ။ အခြေခံကစပြီးမြေတောင်မြှောက်ပေးတယ်ဆိုတာ စပြီးပျိုးကတည်းက လောင်းရိပ်မိနှိုင် တဲ့အ၀န်းအ၀ိုင်းမှာ မပျိုးထောင်မိဖို့အရေးကြီးတာပါ။ ဒါတွေဟာ ကျနော်တို့အသိုင်းအ၀ိုင်းမှာ အခြေခံက စပြီးပြုပြင်ပြောင်းလဲရေးလုပ်ရမယ့်အနေအထားတွေလို့ နားလည်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ဘယ်အ လုပ်ကိုပဲလုပ်လုပ် အဲဒီလုပ်ရပ်က ကိုယ့်အနာဂတ်မျိုးဆက်အတွက်ဘာအကျိုးရှိမလဲဆိုတာကို အလေး အနက်စဉ်းစားပြီး လုပ်သွားနှိုင်မယ်ဆိုရင် လူ့တာဝန်ကိုကြေပြွန်အောင်ထမ်းဆောင်သွားနှိုင်မယ်လို့ စဉ်းစား မိတာပါဘဲ။


သိနေသူများ

ဒီအဖြစ်အပျက်နှစ်ခုစလုံးက တစ်ခုနဲ့တစ်ခု အချိန်သိပ်မကွာဘူး ပထမအကြိမ်မှာ အမေက သားကြီး… မင်းမလဲကွယ် ဒီနှစ်ထဲ ရုံးရောက်ဂတ်ရောက်နဲ့ မင့်ကြီးကြီးတို့ကပြောတယ်။ တို့မြို့မှာ ဗေဒင်ဆရာမကြီး တစ်ယောက်ရှိတယ်၊ သူပြောတာသိပ်မှန်တာလို့ပြောလို့ ကျနော်အမေ့မျက်နှာပေါ်ကစိုးရိမ်စိတ်တွေ တစ်စုံ တစ်ရာလျော့သွားပါစေတော့ဆိုပြီး ဗေဒင်ကြည့်လိုက်သွားတယ်။ ဗေဒင်သာပြောတာ ဟိုက လက္ခဏာ ဆရာမကြီး။ ကျနော့လက်ကိုဆွဲယူကြည့်ပြီး ကျနော့မျက်နှာကိုတစ်ချက်စူးစိုက်ကြည့်တယ်။ နောက် ပြီးတော့ “သားက၊ သွားတော့မှာဘဲ။ သားရဲ့လက္ခဏာမှာပြနေတယ်။ အဲဒီခရီးကခရီးရှည်မယ်” လို့ တန်း ပြောချလိုက်တယ်။ ကျနော်က ဟန်ဆောင်ပြီးဟုတ်လို့လားလို့ပြန်မေးတော့ သူကကျနော့ကိုထပ်မကြည့် တော့ပဲ အသက် ၂၂ နှစ် ပြည့်ပြီးမှထွက်ဖို့အကြံပေးတယ်။ ကျနော် နဲနဲအံ့သြသွားတာအမှန်ဘဲ။ သူပြောတဲ့ အချိန်အထိတော့ မစောင့်နှိုင်ခဲ့ပါဘူး။

နောက်တစ်ခေါက်ကျတော့ ကျနော်ကျောင်းမှာအရင်းနှီးဆုံးတတွဲတွဲပေါင်းတဲ့သူငယ်ချင်း ညီညီရဲ့ ယောက်ဖ ကြီး။ သူကခြေတစ်ဖက်မရှိတော့တဲ့စစ်ဗိုလ်ဟောင်းဖြစ်ပြီး အစိုးရဌာနတစ်ခုမှာအရာရှိတစ်ယောက်လေ။ ညီညီရဲ့ မမကြီးကသူနဲ့အိမ်ထောင်ပြုပြီး သူတို့မိသားစုက တစ်ခါတစ်လေမိဘတွေဆီကို ပြန်လာလည် လေ့ရှိတယ်။ အဲဒီ ၁၉၉၀ ခုနှစ်ထဲမှာဘဲ သူတို့ကျနော်တို့မြို့ကို တစ်ပတ်လောက်လာနေပြီး အပြန်ကျတော့ ကျနော်တို့ ညီညီရဲ့သူငယ်ချင်းတွေလည်း သူတို့ကို အထုတ်အပိုးကူသယ်ပြီး သင်္ဘောဆိပ်ကို လိုက်ပို့ကြ တယ်။ သင်္ဘောစောင့်ရင်းခနထိုင်နေကြတုန်း ညီညီရဲ့ယောက်ဖအကိုကြီးက ဟေ့… ညီလေးရဲ့ လက်ပြစမ်း၊ တစ်ချက်ကြည့်ရအောင်ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကျနော့လက်ကိုဆွဲယူပြီး လက္ခဏာ အရေးအကြောင်း တွေကို ကြည့်တယ်။ မျက်မှောင်ကြုတ်စဉ်းစားရင်းနဲ့.. ဟာ.. ညီလေး၊ မင်းက သွားတော့မှာဘဲ။ အားလုံး အစီအစဉ်လုပ်ထားပြီတဲ့။ ဟ… လာပြန်ပြီလား၊ နောက်တစ်ယောက်။ ကျနော်က အကိုကြီးကလည်း ဘာ တွေပြောနေတာလဲဆိုတော့… “မညာပါနဲ့ကွာ၊ အကိုသိတယ်၊ အကိုလည်းသူတို့ထဲကလာတာပဲလေ။ မလွယ်ဘူးညီလေး။ သူတို့မှာအားလုံးရှိနေတယ်၊ အချိန်စောင့်ပါ” လို့ပြောခဲ့သေးတယ်။ ကျနော့ရဲ့ လက္ခဏာ က ဘာတွေရှင်းရှင်းလင်းလင်းပြခဲ့လို့ လူတွေကြိုသိနေကြတာပါလိမ့်လို့ စဉ်းစားခဲ့မိသေးတယ်။ ဘာဘဲပြော ပြော ကျနော်ထွက်မလာခင် အဲဒီလက္ခဏာဆရာနှစ်ယောက်ကတော့ ကျနော်ဘာလုပ်တော့မယ်ဆိုတာ သိနေပုံရှိခဲ့ကြတယ်လို့ ပြောရမယ်။


နှုတ်ဆက်ခဲ့ပါတယ် 

အဲဒီအချိန်က ၁၉၉၀ ရွေးကောက်ပွဲပြီး နောက်တစ်လ။ စစ်အစိုးရကဖမ်းထဲ့လိုက်တာလည်း ရွေးကောက် ပွဲမှာ အနိုင်ရတဲ့အမတ်တွေပါပါတော့ ကျနော်တို့အတွက် ပြည်တွင်းလှုပ်ရှားရေး လုံခြုံမှုမရှိတော့ဘူး။ အဲဒီ တော့ လက်နက်ကိုင်တောလှန်ရေးလုပ်တောခိုဖို့ဘဲရှိတော့တယ်။ နို့မို့ ကျနော်တို့ ခြင်းထဲကကြက်တွေလို အချိန်မရွေးအဖမ်းခံရပြီး ရန်သူ့လက်ထဲမှာရောက်သွားနှိုင်တယ်။ ဆက်နေရင် ကျိန်းသေအဖမ်းခံရမယ့် အနေအထားလေ။ ကျနော်တို့အားလုံးစောင့်ကြည့်ခံနေကြရတယ်။ အဲဒီတော့ ကျနော်တို့ တောခိုဘို့ပြင်ကြ ရတော့တယ်။ ကျနော်တို့ တစ်ခါတစ်လေ မြို့စွန်ကလ္ဘက်ရည်ဆိုင်တစ်ခုမှာ ဆုံရပ်လုပ်လေ့ရှိတယ်။ အဲဒီ ဆိုင်လေးက မိသားစုအားလုံးက ကျနော်တို့အမျိုးတွေလိုဖြစ်လာကြတယ်။ ကျနော် အိမ်ကနေ အ၀တ်အ စား တစ်စုံစနှစ်စုံစ စက်ဘီးခြင်းထဲကိုထုတ်ထည့်သွားပြီး အဲဒီအိမ်မှာအပ်ထားတယ်။ သုံးလေးရက်လောက် အဲဒီလို နဲနဲစီခွဲပြီးအပ်ထားတော့ အိမ်ကနေအထုတ်အပိုးဆွဲပြီးထွက်မှာမဟုတ်တဲ့အတွက် လူမသိလောက် ဘူး။ နောက်ဆုံး သွားမယ့်နေ့မနက်ကျမှ ကျနော် ကျောပိုးအိပ်ကိုကြွတ်ကြွတ်အိတ်နဲ့ ထည့်ပြီး စက်ဘီးခြင်း ထဲထည့်ယူသွား၊ ဟိုမှာရှိပြီးသားအ၀တ်အသုံးအဆောင်တွေကို တစ်ခါထည်းဖြည့်ပြီး အဲဒီနေရာကနေ ထွက်ဖို့လုပ်ရတာ။ နိုင်ငံရေးလှုပ်ရှားဖက်ကျောင်းသားတွေထဲက လုပ်ဖော်ကိုင်ဖက်တွေကိုတောင် အားလုံး အသိပေးခဲ့တာမဟုတ်ဖူး။ တကယ်သွားမယ့်သူနဲ့ သွားတဲ့သူအဆင်ပြေအောင်ထွက်နှိုင်ရေး စီစဉ်ပေးမယ့် သူတွေလောက်ပဲ သိကြတယ်။

မသွားခင်ည… ကျနော်တို့အစီအစဉ်ကို သိထားတဲ့ သူငယ်ချင်းတွေအားလုံးလေးငါးယောက်လောက်ရှိမယ်၊ သူတို့က ကျနော်တို့မသွားခင်နှုတ်ဆက်ပွဲလုပ်မယ်ဆိုတော့ မြို့မှာဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုမှာ အရက်ဝိုင်းဖွဲ့ပြီး နှုတ်ဆက်ပွဲလုပ်ဖြစ်ကြတယ်။ ဖြစ်ချင်တော့ ကျနော်တို့နဲ့သုံးလေးစားပွဲကျော်လောက်မှာ ရဲ ထောက်လှမ်းရေးတစ်ယောက် လာထိုင်တယ်။ သူလည်းဘီယာမှာသောက်ပေါ့။ ကျနော်တို့ သောက်ကြစား ကြရင်း တဖြည်းဖြည်း အသံတွေကျယ်လာတယ်။ ကောင်းလာကြပြီလေ။ အဲဒီအထဲ ကျနော်တို့ထဲက တစ်ယောက်က ဆတ် ကနဲထပြီး ဟိုရဲထောက်လှမ်းရေးဆီကိုသွားနှုတ်ဆက်တယ်။ “ကျနော်တို့ မနက် သွားကြတော့မှာ။ အဲဒါခင်ဗျားကိုလာနှုတ်ဆက်တာ” ဆိုဘဲ။ ကျနော်လည်း တားမရတော့ပြီမို့ မသိချင် ယောင်ဆောင်ပြီး ဆက်သောက်နေလိုက်တယ်။ အဲဒီရဲထောက်လှမ်းရေးကလည်း သူတို့အပတ်ခံရ တာများပြီဆိုတာက တစ်ကြောင်း၊ ကိုယ့်လူရဲ့မူးကြောင်ရူးကြောင်ပုံစံကြောင့်တစ်ကြောင်းကြောင့် သူက ကျနော်တို့အဖွဲ့ထဲကသူ က တကယ်ပြောနေတယ်မထင်ဘူး။ အဲဒါလည်း ကံကောင်းသွားတယ်။ နောက်ပိုင်း ကျန်ခဲ့တဲ့သူတွေကိုသူက အဲဒီနေ့ကအဖြစ်အပျက်အကြောင်း မကြာခဏပြောလေ့ရှိတယ်တဲ့။ သူလုံးဝ မထင်လိုက်မိလို့ ကျနော်တို့လွတ်သွားတဲ့အကြောင်းပေါ့။ ည ၁၁ နာရီကျော်တော့မှ ကျနော်တို့အားလုံးထ ကြတယ်။ တစ်အုပ်လုံး စက်ဘီးတွန်းတဲ့သူတွန်းလမ်းလျှောက်တဲ့သူလျှောက် ပြန်လာကြရင်း တစ်ယောက် က မျက်ရည်ဝိုင်းပြီး ကျနော့ကိုမသွားဖို့ ပြောတယ်။ ကျနော်လည်း ဆုံးဖြတ်ပြီးသားအလုပ်ကို အနှောက် အယှက်မလုပ်စေချင်တာပြောပြီး စကားမြန်မြန်ဖြတ်၊ အိမ်ပေါ်တက်ခဲ့တယ်။ ဒီနှုတ်ဆက်ပွဲမှာပါပြီး ကျန်ခဲ့ကြ တဲ့ သူငယ်ချင်းရဲဘော်တွေ တစ်ချို့နောက်ပိုင်းထောင်ကျကြတယ်။ သူတို့နဲ့ အနှစ် ၂၀ ကျော် ပြန်မဆုံဖြစ် တော့ဘူး။

ကျနော်အိမ်မှာအိပ်တဲ့ကုတင်က အဖေနဲ့အမေတို့အခန်းဝမှာ။ အခန်းဖွဲ့ထားတာမဟုတ်တဲ့နေရာမှာ တစ် ယောက်အိပ်ခြင်ထောင်လေးချပြီးအိပ်တာ။ ကျနော်မနက် အိမ်ကထွက်တော့မှာမို့ အဲဒီညက တော်တော်နဲ့ အိပ်မပျော်ပါ။ သက်ပြင်းတိုးတိုးချမိတာလဲ ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး။ မနက် ၉ နာရီခွဲလောက်မှာ သူငယ်ချင်းတွေနဲ့ တစ်နေရာမှာစုဆုံပြီး အတူတူသင်္ဘောဆိပ်ကိုဆင်းကြမယ်ဆိုပြီးချိန်းထားခဲ့ပြီ။ ဖေဖေနဲ့ မေမေတို့ကိုလည်း ဒီခရီးစဉ်ကိုအသိမပေးရဲတော့  အဲဒီညသန်းခေါင်ကျော်လောက် ဖေဖေမေမေတို့ အိပ် မောကျတဲ့အချိန်မှာ ကုတင်ပေါ်ကဆင်း မိဘတွေရဲ့အခန်းဝက ဒူးထောက်ပြီး စိတ်ထဲကရည်ရွယ်ရင်း တိတ် ဆိတ်စွာနှုတ်ဆက်ကန်တော့ခဲ့တယ်။ ဒါဟာ ကျနော့ဘ၀မှာ အမေ့ကိုနောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ခဲ့တယ်။


အဝေးဆီသို့

၁၉၉၀ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့။ ကျနော်အိမ်ကထွက်ခဲ့တဲ့နေ့။ အဲဒီနေ့မှာ ကျနော်က ဆုံနေကျလ္ဘက် ရည်ဆိုင်ကိုသွား၊ အပ်ထားတဲ့အ၀တ်အစားနဲ့ ခရီးမှာလိုအပ်မယ့်ပစ္စည်းပစ္စယတွေကိုသွားပြီး ထုတ်ပိုး ပြင်ဆင်ရတယ်။ မနက် ၁၁ နာရီဝန်းကျင်လောက်။ ကျနော်နဲ့ မင်းဇော် ဆိုက္ကားပေါ်တက်ပြီး သင်္ဘောဆိပ်ကို ဆင်းတယ်။ မိုးတွေကတစ်ဖွဲဖွဲပေါ့။ ကျနော်က ကျနော့ရဲ့အင်္ကျီစုတ်ပုဆိုးစုတ်ကို ၀တ်ထားပြီး၊ ညစ်ပေနေတဲ့ ဦးထုတ်တစ်လုံးကိုဆောင်းထားတယ်။ သူများတွေမှတ်မိမှာစိုးလို့ ရုပ်ဖျက်ထားတာလေ။ ကျနော်တို့ကို သူငယ်ချင်းကျောင်းသားရဲဘော်တစ်ယောက် စက်ဘီးနဲ့မယောင်မလည်လိုက်ပို့ပေးတယ်။ သူက ကျနော်တို့ သင်္ဘောပေါ်တက်ပြီး သင်္ဘောထွက်တဲ့အထိ ကမ်းပေါ်ကလ္ဘက်ရည်ဆိုင်လေးမှာ ထိုင်စောင့်ပြီးမှ ပြန်ထွက် သွားတာ တွေ့လိုက်တယ်။ ကိုယ်ကြီးပြင်းခဲ့တဲ့မွေးဇာတိက အပြီးခွာလာခဲ့ရတယ်ဆိုတဲ့အသိက ရင်ထဲမှာရှိ နေတော့ ဟာတာတာကြီး။ သာရဝေါကနေ စာပို့ရထားနဲ့ ဖြစ်သလိုလိုက်ကြတယ်။ နောက် လက်ပံတန်း ရောက်မှ ပြည်-ရန်ကုန် အမြန်လော်ကယ်ရထားကို ပြန်စီးကြတယ်။ ရန်ကုန်ကနေ မော်လမြိုင်ရောက်ပြီး ခရီးစဉ်စလို့ရမယ့် ရွာအထိလိုက်ပို့ပေးနှိုင်မယ့်သူကိုရှာကြရတယ်။ မွန်ဦးဇင်းတစ်ပါးလိုက်ပို့ပေးတယ်။ သူက လမ်းကြောင်းသိပြီးသားသူဆိုတော့ သူ့ကို ဟိုမှာနေလို့မဖြစ်လို့ထွက်လာကြတယ်ဆိုတာရယ်၊ မော်လမြိုင် မှာလည်း လုံခြုံရေးအရ၊ ကြာကြာနေလို့မဖြစ်ကြောင်း တောင်းပန်လျှောက်ထားတော့မှ သူကခပ်လန့်လန့်နဲ့  လိုက်ပို့ပေးတာ။ မော်လမြိုင်ကနေ ရေးမြို့ကိုသွားတဲ့ရထားလမ်းဘေးက လမိုင်းဆိုတဲ့ရွာကို ရောက်တယ်။

အဲဒီကနေ နောက်တစ်ရက် လမ်းကြောင်းအဆက်အစပ်ကိုသိတဲ့ လိုက်ပို့ပေးမယ့်ကျနော်တို့မြို့က အဘိုး ကြီး ဦးအုန်းသန်းကိုစောင့်ပြီး ခရီးဆက်ခဲ့ကြတယ်။ သူ့သား ကျနော်တို့လုပ်ဖော်ကိုင်ဘက် ရဲဘော် တောကြက်က ၈၈ ကတည်းကတောခိုသွားတာ။ ကျနော်နဲ့အတူတူ သူငယ်ချင်းလုပ်ဖော်ကိုင်ဘက်တွေဖြစ် တဲ့ အမွှာအကြီးကောင်အောင်ကျော်ရယ်၊ မင်းဇော်ဆိုတဲ့ တရုတ်လူမျိုး ကျောင်းသားတစ်ယောက်လည်း ပါ တယ်။ လမိုင်းဘူတာမှာ ရထားပေါ်ကဆင်း ယူလာတဲ့ကျောပိုးအိတ်ကိုယ်စီနဲ့ကျနော်တို့ ဘူတာကိုဖြတ်ပြီး ၀င်လာတော့ စစ်ဦးထုပ်ဆောင်းထားတဲ့ အရပ်ဝတ်လူတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ ပုခုံးပေါ်ကို လက်တင်ပြီး ကျနော်တို့ကိုစူးစူးစိုက်စိုက်ကြည့်နေတယ်။ သူ့ရဲ့ကြည့်ပုံကိုကျနော်မကြိုက်တော့ ခပ်စူးစူး တစ်ချက် ပြန်စိုက်ကြည့်ရင်းဘေးကဖြတ်လျှောက်သွားလိုက်တယ်။ နောက်ထပ် နှစ်နှစ်လောက်ကြာတော့ သူနဲ့ကျနော် တောထဲမှာပြန်တွေ့ကြတယ်။ အဲဒီလူက စစ်တပ်ကဆက်သွယ်ရေးရဲဘော်တစ်ယောက်ပေါ့။ နောက်ပိုင်း သူတပ်ကပြေးလာတယ်။ ကျနော်တို့စကားစမည်ပြောရင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်မှာ တွေ့ခဲ့ကြတယ်ဆိုတာကို ချက်ခြင်းပြန်ပြီးမှတ်မိကြတယ်။

လမိုင်းရွာက ကျနော်တို့ကိုလမ်းပြလိုက်လုပ်ပေးမယ့်သူတစ်ယောက် ထည့်ပေးတယ်။ ယောင်္ကျားလျှာလိုလို အမျိုးသမီးဘဲ။ သူကဦးဆောင်ပြီးသွားတယ်။ ကျနော်တို့က နောက်ကလိုက်ပေါ့။ တနေရာရောက်တော့ လယ်ကွင်းထဲမှာ တခြားကရင်လူမျိုးတစ်ယောက်နဲ့ဆုံတယ်။ အဲသူက ရှေ့မှာကရင်စစ်သားရှိတယ်တဲ့။ ကျနော်တို့နဲနဲလန့်သွားတယ်။ အဲဒါသူ့ကိုသေချာအောင် အဲဒါကေအင်န်ယူ KNU က စစ်သားလား။ ဗမာ စစ်တပ်က စစ်သားတွေလားပေါ့။ သူက ကေအင်န်ယူကဗိုလ်တစ်ယောက်ရဲ့ အဖွဲ့လို့ပြောတော့မှ စိတ်သက် သာရာရတော့တယ်။ ဒီခရီးက ကျနော်တို့လိုစိတ်နောက်ကိုယ်ပါ လက်နက်ကိုင်တိုက်ပွဲဝင်ချင်တဲ့ ကျောင်း သားပေါက်စတွေအတွက် ရှေ့ဘာဖြစ်ဦးမယ်ဆိုတာလုံးလုံးမသိတဲ့ စွန့်စားမှုကြီးတစ်ခုပါဘဲ။ ကျနော်တို့က လည်း တောထဲမှာလမ်းကျဉ်းလေးတွေတိုးသွားလိုက်၊ တောင်တွေတက်လိုက်နဲ့ လမ်းတွေလျှောက်နေရင်း ကျနော်တို့ကိုယ်ကျနော်တို့အရမ်းတက်ကြွနေတာပေါ့။ အဲ… ကျနော်တို့ သုံးလေးရက်လောက် လမ်း လျှောက်ပြီး တောင်တက်တောင်ဆင်းတွေများလာတော့ ကျနော်တို့နောက်ကနေ ရှေ့ကသွားတဲ့ ရွာဆက် လိုက်ပို့တဲ့ကင်းသမားတွေကိုလိုက်အော်ရတယ်… ကျနော်တို့ကိုစောင့်ပါဦးပေါ့။ ဒေသခံကရင်နဲ့ မွန်လူမျိုး တွေက မိန်းကလေးတွေပဲဖြစ်ဖြစ် ဒီလိုတောဝင်တောင်တက်လမ်းကိုကြွမ်းနေကြပြီ။ လျှောက်တာအေးအေး ဆေးဆေးဘဲ။ မြန်တာလဲမပြောနဲ့။ ရှစ်ဆယ့်ရှစ်မှာ “သေမှာမကြောက်လို့ ပေတရာ လျှောက်ခဲ့တဲ့” ကျနော် တို့သာ နောက်ကနေယက်ကန်ယက်ကန်ဖြစ်ကုန်ကြတာ။ နောင်…တောထဲမှာကြာမှသာ “အတက်ဖြေးဖြေး အဆင်းပြေး သီအိုရီ” ကို အလေ့အကျင့်ရသွားကြတာ။ တကယ်ဘဲ အဲဒီအချိန်က တောင်တက်မှာ အင်ပြည့် အားပြည့်တက်ချသွားပြီး။ အဆင်းကျတော့ ထိန်းဆင်းကြတော့ ဒူးတွေပါတစ်ဆတ်ဆတ်တုန်ပြီး ခရီးမတွင် ဖြစ်ကုန်ကြတဲ့အပြင်။ နောက်နေ့ခရီးကို ဆက်သွားဘို့တောင် လန့်လာကြတယ်။

တောင်ကြီးဖ၀ါးအောက်ဆိုတဲ့စကားကိုသတိရမိတယ်။ ကရင်ပြည်နယ် ဒေါနတောင်ကြောတစ်ခုပေါ်မှာဖြတ် လျှောက်ကြတော့ ကျနော်တို့တိမ်တွေထဲမှာရောက်နေတယ်။ တိမ်တွေက အဲဒီတောင်ကြီးကိုပတ်ထားတာ လေ။ ကျနော်တို့ရှေ့မှာ မြူတွေလိုဆိုင်းနေပြီး အနီးတစ်ဝိုက်လောက်ကိုပဲမြင်ရတော့တယ်။ ၁၃ ရက် ခြေလျင်ခရီးဆိုတော့ တောင်တွေဘယ်နှစ်လုံးလောက်ဖြတ်ခဲ့ကြတယ်ဆိုတာ မမှတ်မိတော့ဘူး။

ရွာတစ်ရွာကထွက်တော့ န၀တစစ်ကြောင်းတစ်ခုလှုပ်ရှားနေလို့ သတိထားသွားကြလို့ မထွက်ခင် ရွာသား တွေက သတိပေးလိုက်တယ်။ အဲဒါနဲ့ ကျနော်တို့ ရှေ့ကလူကိုမျက်စေ့မပြတ်သတိထားကြည့် သူတို့သွား သလိုလိုက်သွား သူတို့လုပ်သလိုလိုက်လုပ်နဲ့ သတိကြီးကြီးထားပြီးခရီးဆက်ကြတယ်။ ကင်းသမားက ရှေ့ဆုံး သူ့နောက်ကအောင်ကျော်၊ အဲဒီနောက်က အဘိုးကြီး၊ ကပ်လျှက်က ကျနော် ပြီးတော့မင်းဇော်ပေါ့။ ရှေ့ကလူရပ်ရင် ကိုယ်လည်းသတိနဲ့ရပ်။ ရှေ့ကလူက၀ပ်နေတာတွေ့ရင် ကိုယ်လည်းနောက်ကလိုက်ဝပ်။ ဘေးကပ်ရင် ကိုယ်လည်းဘေးကပ်နဲ့ပေါ့။ တစ်နေရာရောက်တော့ ချောင်းလေးထဲကိုရှေ့ကလူတွေက ဆင်းရင်း တစ်ဘက်ကိုဒလကြမ်းပြေးတက်သွားကြတယ်။ ဘာပါလိမ့်ပေါ့။ အဘိုးကြီးလည်း ပုံမှန် ချောင်းဖြတ်နေရင်းက ၀ရုန်းသုန်းကားပြေးတက်သွားတယ်။ ကိုယ်လည်း ဘေးဘီတောင် မြောက်ဝဲယာ ကြည့်ပြီး ချောင်းထဲအသာဆင်းလိုက်တယ်။ ချောင်းလည်လောက်ရောက်တော့ ပျားတုတ်ခံရပါလေရော။ ချောင်းပေါ်မှာဖြတ်ပြီးကိုင်းနေတဲ့ သစ်ကိုင်းပေါ်ကပျားအုံကို ရှေ့ကတစ်ယောက် ၀င်တိုက်သွားပုံရတယ်။ ပူထူပြီး ပြေးလိုက်ရတာအမောပဲ။ အဲ… နောက်ကဆက်ထိတာက ကျနော်နဲ့ကပ်လျှက်လိုက်လာတဲ့ မင်းဇော်ပေါ့။ အဘိုးကြီးကအပေါ်ရောက်တော့ “ရီးထဲ။ ရှေ့ကပျားတုတ်ခံရလည်း အော်သွားပေါ့။ တိတ်တိတ်ကလေးပြေးတက်သွားရလား။” လို့ ဟိုကောင်တွေကိုအပြစ်တင်တော့ အောင်ကျော်က “နာလွန်း တော့ မပြောနှိုင်တော့ဘူးဗျို့။ လွတ်အောင်ဘဲပြေးရတာ” တဲ့။ မောရတဲ့ကြားထဲ လူတွေက အဖုအပိန့်တွေပါ ခရီးလက်ဆောင်ထပ်ရလာသေး။

အဲ ၁၃ ရက်တစ်ဝကြီးလမ်းလျှောက်အပြီးမှာတော့ ကျနော်တို့ ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) ရဲ့ ဈေးကွက်ရွာကြီးတစ်ခုဖြစ်တဲ့ အဇင်းရွာ တဘက်ကမ်းကိုရောက်လာကြတယ်။ ကိုယ့်ရှေ့ မှာ လူတွေအများကြီးဘဲ။ မိုးရွာလို့ရေမြုတ်နေတဲ့တံတားကို ဖြတ်လျှောက်နေကြတာ။ ကျနော်တို့လည်း အဲဒီတံတားကိုပဲကူးရမှာလေ။ ပြဿနာက ရေမြုတ်နေတဲ့တံတားကိုက ပေါင်လည် လောက်ထိရေရောက် နေတာ။ ပုဆိုးတွေကိုမပြီး အောက်ကအတွင်းခံဘောင်းဘီ မပေါ်ရုံတမည် (အဲပေါ်ရင်လည်းပေါ်မယ်) ဖြတ် လျှောက်ရမှာ။ တဘက်ကထိုင်ကြည့်နေတဲ့လူတွေလည်းအများကြီး။ ရှေ့က ကရင်ကောင်မလေးတွေတောင် ထမီတို့၊ စကပ်တို့ ‘မ’ သွားနေသေးတာ ကိုယ်လည်း ဘာဖြစ်လို့မသွားနှိုင်ရမလဲဆိုတဲ့ ရဲဆေးတင်ပြီး ကျနော်တို့ ပုဆိုးကိုခါးလောက်နီးပါးထိ ‘မ’ ပြီးဖြတ်ကြရတယ်။ ဟိုဘက်ရောက်တော့ ဟိုဟိုဒီဒီလိုက်ကြည့် မိနေသေးတယ်။ လူတိုင်းကကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဒါကိုသတိထားမိပုံလည်းမရပါဘူး။ သူတို့က ရိုးနေတဲ့ပုံ။ ဘာဘဲဖြစ်ဖြစ် လွတ်မြောက်နယ်မြေ (နောက်ပိုင်း လူတွေခေါ်တဲ့အခေါ်အဝေါ်) ရောက်ပြီဆို တော့ စိတ်အေးရပြီပေါ့။ ဒူးပလာယာခရိုင်ရုံးရဲ့ခရိုင်ဥက္ကဌကြီး ဖူးတာအယ်က ညောင်တုန်းဇာတိ။ ကျနော်တို့ကို နွေးနွေးထွေးထွေးကြိုဆိုခဲ့သလို သူ့ရုံးမှာ ကျနော်တို့လလောက် နေခဲ့ကြတယ်။ သူက မွန်တော်လှန်ရေးကိုကူညီခဲ့သလို ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေကိုလည်း အပြည့်အ၀ထောက်ခံခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး တဖက်သားကိုလေးစားမှု အမြဲပြခဲ့တယ်။ ပစ္စည်းမဲ့တော်လှန်ရေးသမား တစ်ဦးရဲ့ ဘ၀ကို ခုံခုံမင်မင်ခံယူသွားခဲ့သလို သူ့ရဲ့ယုံကြည်ချက်ကိုသေတဲ့အထိ ဆုတ်ကိုင်သွားတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်။ အခုသူမရှိတော့ဘူး။ ကျန်းမာရေးကြောင့် ဆုံးရှာပြီ။

အဲဒီကမှတဆင့် ကျနော်တို့အစီအစဉ်က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖြစ်သည့် ABSDF ကို ခရီးဆက်ရန်သာ။ ကျနော်နဲ့ပါတဲ့ အောင်ကျော်တို့၊ မင်းဇော်တို့က လူ့ဘောင်သစ်ပါတီအဖွဲ့ဝင်တွေဖြစ်လို့ ကိုမိုးသီးဇွန်နဲ့သိပြီးသားဆိုတော့ ပြည်တွင်းမှာက တည်းက ကိုမိုးသီးဇွန်ကတောခိုသွားပြီး ဥက္ကဌဖြစ်နေပြီဖြစ်ပြီဆိုတာကြားခဲ့ပြီးသား။ ကျနော်တို့ကလည်း ဒီ အတိုင်းတော့မရဘူး လက်နက်ကိုင်တော်လှန်ရေးလုပ်မှဖြစ်တော့မယ်ဆိုတာကိုယုံကြည်ပြီးသားဆိုတော့ မာနယ်ပလောအခြေစိုက် ကျောင်းသားတပ်မတော်ကို မဲဆောက်ကတဆင့်ခြေလှမ်းဆက်ခဲ့ကြတယ်။

မဲဆောက်ကိုဖုန်တစ်ထောင်းထောင်းနဲ့ခရီးဆက်ခဲ့ရပြီး ကျနော်တို့လူသစ်သုံးယောက်စလုံး တစ်လလောက် ငှက်ဖျားတက်၊ အားပြတ်ပြီးလဲနေကြတော့တယ်။ ကျနော်တို့တည်းတဲ့ မဲဆောက်က KNU စခန်းရုံးက အတော်ကျယ်တယ်။ ကျနော်တို့ကို အိမ်ခန်းလေးတစ်ခုပေးထားတယ်။ ကရင်ဆေးမှူးတွေက သူတို့မှာရှိတဲ့ ငှက်ဖျားဆေးမျိုးစုံတိုက်တယ်။ မသက်သာဘူး။ စားလို့မ၀င်ရတဲ့အထဲ ဆေးတွေမူးပြီး အော့အန်ကုန်တယ်။ တစ်ကိုယ်လုံးလည်းနုံးချည့်နေတာပဲ။ နှစ်ပတ်ကျော်ကျော်အထိ မသက်သာကြတော့ တိုင်းရင်းသားကရင် ရဲဘော်တွေ၊ သူတို့ရဲ့မိသားစုတွေတစ်အုပ် ကျနော်တို့တဲကို ဂီတာတစ်လုံးနဲ့ စုပြီးရောက်လာကြတယ်။ ခရစ်ယာန်ဓမ္မတေးတွေဆိုပြီး ကျနော်တို့ကိုဆုတောင်းပေးကြတယ်။ မေတ္တာရဲ့အစွမ်းလို့ပဲပြောရတော့ မှာဘဲ။ ကျနော်တို့ နောက်တစ်ရက်နှစ်ရက်လောက်မှာ ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာကြတယ်။

နောက်ပိုင်း ကိုမိုးသီးကကျနော်တို့ကိုလာတွေ့ပြီး ကျောင်းသားတပ်မတော် ဗဟိုဌာနချုပ်အတွက် ခရီးစဉ်ကို မဲဆောက်တာဝန်ခံတွေကတစ်ဆင့် စီစဉ်ပေးခဲ့တယ်။ ဗဟိုကော်မတီဝင်ကိုစိုင်းမြင့်သူနဲ့အတူ ကားတစ်တန်၊ လှေတစ်တန်ခရီးဆက်ပြီးတဲ့အခါ တော်လှန်ရေးဌာနချုပ် မာနယ်ပလောဒေသက ကျောင်းသားတပ်မတော် ဌာနချုပ်ကို ရောက်ခဲ့ကြတယ်။

xxxxxxxxx
                                                                                                                                                                                                      ဆက်ပါဦးမည်.....ရဲဘော်မြတ်


No comments:

Post a Comment