စောထခံစစ်
၉၂ အကုန်လောက် တပ်ရင်းကရဲဘော်တွေအများစုရှေ့တန်းလှုပ်ရှားစစ်ကြောင်းနဲ့
အတူရှိနေတဲ့အချိန် ဗဟို က အရေးပေါ်အထူးစစ်ကြောင်းအတွက်
လူလိုတယ်ဆိုပြီးခေါ်ပြန်တယ်။ အဲဒီအချိန် ကိုယ့်တပ်ရင်းက
တပ်စိတ်တစ်စိတ်တောင်လူမပြည့်လို့ တပ်ရင်းမှူးကို ကျနော်ပါလိုက်သွားမယ်လို့
ခွင့်တောင်းတော့သူက ခွင့်ပြုတယ်။ တပ်ရင်း ၂၁၀ တပ်ရင်းမှူး
ကိုဆန်းလင်းနဲ့အတူ ကိုကျင်သန်းဦးနဲ့ ရဲဘော်သစ်တွေပါ ပါလာ တယ်။
အထူးတပ်သာဖြစ်တာ အားလုံးပေါင်းမှ လူ ၄၀ တောင်မပြည့်ဘူး။ ကျနော်မှတ်မိသလောက်
ကျနော် တို့ ၃၆ ယောက်ပဲရှိတယ်။ စောထဒေသဖက်ကို
နွားသယ်တဲ့လှေကြီးနဲ့တက်သွားပြီး ကမ်းကပ်တာနဲ့ နောက် ကျောဖက်က
တောင်ပေါ်ကိုချက်ချင်းတက်ပြီး နေရာယူရတော့တယ်။ စောထရွာထဲက ရွာသားတွေကတော့
ထိုင်းဖက်ကမ်းကို တစ်ရွေ့ရွေ့ရွှေ့နေကြပြီ။
ရန်သူစစ်ကြောင်းတစ်ကြောင်းပျောက်နေတယ်လို့ ရှမ်းတပ်တွေ က ကရင်ကို
သတင်းပို့ထားတယ်တဲ့။ ကိုဆန်းလင်းလည်း ကျနော်တို့ကို သူ့ရဲဘော်သစ်တွေကိုပါ
ညှပ်ပြီး ထိမ်းပေးဖို့ မေတ္တာရပ်ခံတယ်။ ကျနော်တို့ သဘောတူတယ်။
ကျနော်တို့ရောက်လို့ ၀ပ်ကျင်းတွေတူး၊ ထမင်း စားပြီး ဘာမှမကြာလိုက်ဘူး၊
အဲဒီညနေ ရန်သူတပ်တက်လာတယ်။
ကျနော်နဲ့အတူ တစ်ကျင်းထဲ တာဝန်ကျတဲ့ ထားဝယ်သားကိုလှသိန်းက
ကိုမြတ်ရန်သူတက်လာပြီတဲ့။ ကျနော်က ဘယ်မှာလဲမေးတော့။ သူက ဟိုမှာလေ
ပုဆိုးစလွယ်သိုင်းနဲ့တက်လာတာတစ်ယောက်တွေ့တယ် တဲ့။ ကျနော်
ဟိုအထက်ဖက်ကကျင်းမှာရှိတဲ့ ရဲဘော်တွေကို သတိပေးဖို့ ခဲလုံးသေးသေးလေးတွေ
ကောက်ပြီး လှမ်းပစ်လိုက်တယ်။ သူတို့ခေါင်းထောင်ကြည့်တယ်။ ကျနော်တို့
အောက်ဖက်ကို မေးငေါ့ပြ တော့ သူတို့လည်းသဘောပေါက်သွားကြတယ်။ ရယ်ဒီပေါ့။
နောက် ရန်သူတွေ အပြုံလိုက်ပြေးတက်လာ တယ်။ တိုက်ပွဲကကြမ်းတယ်။ အောက်မှာ
ရန်သူတွေကအများကြီး မဲမဲမဲမဲ ဟိုပြေးဒီပြေးနဲ့ ကျနော်တို့က ပစ်ကွင်းအရ
အသာစီးက။ နောက်ပိုင်း လက်နက်ကြီးကျတဲ့ အနေအထားကိုကြည့်ပြီး ဒီစစ်ကြောင်းက
စစ်ကြောင်းကြီးတစ်ခုဘဲလို့ နားလည်လိုက်တယ်။ ကျနော်တို့ ကျည်ကိုချွေတာပြီး
ပစ်ရတယ်။ အချိန်ဆွဲပြီး ထိမ်းထားတဲ့သဘော။ နောက်က တပ်ခွဲမှူး
ရှမ်းကြီးကိုကျော်ဇော တက်လာပြီး ကျနော့ကို ကိုမြတ် ဆုတ်မယ်ဆိုမှ
ကျနော်ရှေ့ကိုလှမ်းကြည့်တော့ အငယ်လေးက သေနတ်ကိုခါးစောင်းတင်ပြီး တက်ပစ်နေ
တာတွေ့တယ်။ သူ့ကိုလဲနောက်ကနေ ခဲသေးသေးနဲ့လှမ်းပေါက်တော့ ဘာလဲတဲ့။
ဆုတ်မယ်ဆိုတာ လက်ဟန်ခြေဟန်ပြပြီး သူကျနော့ကို ကျော်ပြီးဆင်းအသွား။ ကျနော်
ကျင်းထဲက ထထွက်လိုက်တယ်။ ထွက်ထွက်ခြင်း သစ်ကိုင်းတစ်ခုနဲ့ခလုတ်တိုက်ပြီး
ရှေ့ကို ဟပ်ထိုးဆင်းသွားတယ်။ ကျည်ဆံတစ်ချို့ခေါင်း ပေါ်က ရွှီးကနဲရွှီးကနဲ
ဖြတ်သွားတယ်။ လူက ဖိန်းကနဲတောင်ဖြစ်သွားတယ်။ ကျနော်တို့အဲဒီ ပထမပွဲမှာ
တစ်ယောက်မှအထိအခိုက်မရှိဘူး။
တောင်ပေါ်ကနေလျှောချပြီးဆုတ်တော့ ၂၁၀ က ရဲဘော်တိုင်းကျော်တော့
ဖင်မှာငုတ်စူးတယ်။ အဆိုးရွား ကြီးမဟုတ်ပါဘူး။ ကျနော်တို့တောင်အောက်ကို
သုံးစုကွဲပြီးရောက်သွားတယ်။ အဲဒီအချိန် အတော်မှောင်နေ ပြီဆိုတော့ ရန်သူလည်း
ဆင်းလိုက်မှာမဟုတ်တော့ဘူး။ ကျနော်တို့ မှောင်ထဲမှာ နေရာရွှေ့ပြီး
ရန်သူ့ကျည် လွတ်ရာ သံလွင်မြစ်ကမ်းနဘေးမှာ နေရာယူကြတယ်။ ကျနော်ကြားလိုက်တာက
ကျနော်တို့ အဲဒီတောင် ကုန်းမှာ တစ်နာရီကျော်ကျော်လောက်
ထိမ်းပေးထားနှိုင်တော့ နောက်ဖက်က KNU စခန်းထိုင်ရုံးအဖွဲ့အပါ အ၀င် ရွာသားတွေ
တိမ်းရှောင်ဖို့ အချိန်ရသွားတယ်။ ကျနော်တို့ကို KNU ဗဟိုက
ဂုဏ်ပြုလွှာတစ်ခုပို့ပေး လိုက်တယ်လို့လည်း ကိုဆန်းလင်းဆီက ကြားတယ်။
နောက်တစ်နေ့ အရင်တောင်နဲ့ အမြင့်အတူနီးပါးလောက်ရှိတဲ့
နောက်ထပ်တောင်ကုန်းတစ်ခုကို ပြန်တက် ပြီးနေရာယူကြတယ်။ မနက်ပိုင်း
အေးအေးဆေးဆေးဘဲ။ တိုက်ပွဲဖြစ်တိုင်း ကျောင်းသားတပ်မတော်ကွ၊
သေရဲရင်တက်ခဲ့လို့ အော်တော့ တစ်ဘက်ကုန်းက ရန်သူတွေဆီက
နေ့လည်ပိုင်းအသံထွက်လာတယ်။ “ဟေး… ကျောင်းသားတွေလား” တဲ့။ ဒီဘက်ကလည်း
ဟုတ်တယ် ဘာဖြစ်လဲဆိုတော့ သူတို့က “သစ္စာ ဖောက် ဒုဗိုလ်မှူးကြီးအေးမြင့်ကို
မယုံနဲ့” “မြန်မာပြည်မှာ ဒီမိုကရေစီရနေပြီကွ၊ ပြန်လာကြည့်ဦး” တဲ့။
နောက်ပိုင်းဟိုအော်ဒီအော် အပြန်အလှန်အော်နေရင်းက သူတို့က
ထမင်းစားပြီးပြီလား ငါတို့တော့ ၀က်သား နဲ့စားတယ်၊
မင်းတို့ဘာဟင်းနဲ့စားလဲတဲ့။ ကိုယ့်ဖက်က တစ်ယောက်က အေး ငါတို့တော့
ထုံးစံအတိုင်း ငါးပိ တို့စရာပေါ့ကွာ၊ ငှက်ပျောဖူးတော့ ရှိတယ်၊
တို့စားဖို့ယူမလားလို့လှမ်းအော်မေးတယ်။ အဲဒီတော့သူတို့က မလုပ်နဲ့ဦး၊
မလုပ်နဲ့ဦး ငါတို့ထမင်းစားဦးမယ်တဲ့။ ငှက်ပြောဖူးက အာပီဂျေ RPG
ကျည်ဆံသီးနဲ့တူတယ်လေ။
အဲဒီညနေတော့ သူတို့တက်မလာခင် သူတို့စစ်ကြောင်းကို အပေါ်စီးကနေ
သွားနေတာတွေ့တော့ ခန့်မှန်း ခြေ လူအင်အား ၅၀၀ ကျော်လောက်ရှိတယ်လို့
ကိုလှသိန်းကပြောတယ်။ ဟာ ဒါဆိုစစ်ကြောင်း တစ် ကြောင်းထဲမှ မဟုတ်ဘဲလို့
ကျနော်ကပြောတော့ ကိုကျော်ဇောက အဲဒါ တစ်ဗြူဟာတက်ထိုးတာဖြစ်မယ် တဲ့။ အဲဒီညနေ
သူတို့ ကျနော်တို့ကုန်းကို တက်လာကြတယ်။ ဖြစ်တာနဲ့ ထုံးစံအတိုင်း
ဂျိန်းဂွမ်းဘဲ။ ကျနော် အခြေအနေကို တက်ကြည့်လိုက်တော့
ကျနော့မျက်နှာနဲ့တည့်တည့်မှာ ဒဿကိုင်ထားတဲ့ အာပီဂျီဖင် ကြီးက
တည့်တည့်ကြီးဆိုတော့ “ဟေ့.. မင့်အဘ၊ ငါ့မျက်နှာနဲ့တည့်တည့်ကြီး”
လို့လှမ်းအော်တော့ သူလှည့် ကြည့်တယ်။ သူ့ကို ဘယ်ဘက်ကိုပစ်ရမယ် ဆိုတာကို
ကြည့်ပြီးပြောတော့ သူညာဘက်ကို ရွှေ့သွားတယ်။ အဲဒီနောက်ကျနော် နောက်ဖက်ကို
လှည့်ပြီး ပြန်လာတုန်း ဂျိန်းကနဲသူ့အနားကို ရန်သူ့လက်နက်ကြီးတစ်လုံး ကျတယ်။
ဖုံတွေကြားထဲမှာ မနဲကြည့်ယူရတယ်။ ဟား… ဒဿက အဲဒီနေရာမှာပါလား။
ကျနော်ပြေးတက် သွားတော့ ကိုကျင်သန်းဦးလည်း တဘက်က ပြေးတက်လာတယ်။ “ဟေ့… ဒဿ၊
ရလား” ကိုကျင်သန်းဦးရဲ့ စိုးရိမ်တစ်ကြီးလေသံ။ ကျနော် ဒဿဘေးရောက်တော့ သူက
“ရပါတယ်။ ဘာမှ မဖြစ်…” စကားကတ၀က် တပြက်။ နောက်သူကျနော့ဖက်ကို
သူ့ခေါင်းကိုသူပြန်စမ်းရင်း ယိုင်ဆင်းလာတယ်။ ဟာ… ခေါင်းကိုထိထား တာကိုး။
ကျနော့သေနတ်ကို အမြန်လွယ်လိုက်ပြီး သူ့ကို လက်တစ်ဖက်က ဆွဲထိမ်းထား၊
နောက်တစ်ဖက် က သူ့လက်ထဲက ကျည်ထည့်ပြီးသား အာပီဂျီကိုဆွဲ။ အာပီဂျီကို
ကိုကျင်သန်းဦးကို လွှဲပေးလိုက်ပြီး။ ဒဿကိုလည်း ဆေးမှူးဆီကို
တွဲပြီးပို့ပေးလိုက်ရတယ်။ လက်နက်ကြီးအစစင်လို့ ခေါင်းကိုရှပ်ထိတာလေ။
အဲဒီပွဲအပြီး ဆုတ်မိန့်အရ ထပ်ပြီးဆုတ်ကြတော့ ရန်သူက
ကျနော်တို့ရဲဘော်သစ်တွေကို ရအောင်ထိမ်းပြီး သံလွင်မြစ်ဖက်ကို
ဆုတ်ခဲ့ကြရတယ်။ အပေါ်က နေရာအသာစီးရသွားတဲ့ ရန်သူကလည်း ညှာတယ်မထင်နဲ့
ပွိုင့်ဖိုက် လို့ခေါ်တဲ့ လေယဉ်ပစ်စစ်သေနတ်ကြီးနဲ့ တောင်ပေါ်ကနေကျနော်တို့ကို
လိုက်ပစ်တယ်။ ဟိုကွေ့ဒီ ၀ိုက်နဲ့ ဆုတ်လာပြီး ကမ်းစပ်ကို လှေတစ်စီးမှ
မလာရဲတော့။ သူတို့လှေရှိတဲ့နောက်ကို စစ်ကြောင်းတစ်ခုလုံး တဝေါဝေါစီးနေတဲ့
သံလွင်မြစ်ဘေးက ကျောက်တောင်တွေကို တွယ်ဖက်သွားပြီးလိုက်ကြရတယ်။ ဖြစ်ချင်
တော့ ရေကောင်းကောင်းမကူးတတ်တဲ့ ဘုရားစူးမြစ်ဝကျွန်းပေါ်သားကျနော်
လှမ်းကိုင်လိုက်တဲ့ ကျောက် တုန်းကပဲ့ပြီး ရေထဲကိုပြုတ်ကျပြီးရေနစ်ပါလေရော။
ရဲဘော်တစ်ယောက်ကမ်းပေးတဲ့ သေနတ်ဒင်ကို လှမ်း ဆွဲလိုက်လို့ သက်သာရာရတာ။
စိတ်မကောင်းဖြစ်ရတာက ကျနော်ကိုင်နေကြ အေအာရ်-၁၅ AR-15 (အမ်-၁၆ နဲ့ပုံစံတူ)
သေနတ်ကလေး ရေထဲမှာထားခဲ့ရတယ်။ ကျနော်အဲဒီသေနတ်ကို ပထမ မလွှတ်ဘူး။ ဒါပေ မယ့်
ကျနော့ဆီမှာကျန်နေတဲ့ အီကွစ်မန့်ထဲက ကျဉ်ဆံ ၇၀ ကျော်ရယ်၊ ကျောပိုးအိတ်၊
ဖိနပ်တွေရယ်က ကျနော့ကို ရေထဲကိုဆွဲချနေပြီ။ အပေါ်က တပ်ခွဲမှူး
ရှမ်းကြီးကိုကျော်ဇောက “ကိုမြတ် သေနတ်ကို လွှတ်ချ လိုက်
နောက်မှပြန်ကောက်ယူမယ်”ဆိုတဲ့ အသံကိုကြားလို့။
ဟိုဖက်ကမ်းကိုရောက်တော့ ထိုင်းကရင်ရွာထဲက ဗူးသီးတစ်လုံးလက်ဆောင်ရတာကို
သေနတ်အစားထမ်း ပြီး လိုက်ခဲ့ရတယ်။ နောက်တစ်နေ့ ၁၆ တစ်လက်
အစားပြန်ထုတ်ပေးပါတယ်။ ကျနော့ကို ကျနော့သူငယ် ချင်း ရဲဘော်ထက်က စစ်ဆိုတာ
ဘယ်တော့မှ တောင်းပြီးမလိုက်ရဘူး။ စစ်ကိုတောင်းလိုက်လို့ ဒီလိုရေနစ် တာ
မင်းအစား သေနတ်ဆုံးသွားတာ ကောင်းတယ်မှတ် ဆိုတဲ့ စစ်သားသြ၀ါဒတစ်ခု
ထပ်ကြားရတယ်။ အဲဒါကို တစ်ခြားရဲဘော်တစ်ယောက်နှစ်ယောက်ကလည်း
ထောက်ခံပြီးဝင်ပြောကြသေးတာမှတ်မိ သေးတယ်။
နောက်ပိုင်းအဲဒီစောထတောင်ကြောတစ်ခုပေါ်မှာ ကျနော်ဝမ်းကိုက်
ဝမ်းလျှောဖြစ်တယ်။ အထက်လန်အောက်လျှော လို့ခေါ်ကြတယ်။ ၀မ်းကလည်းလျှော၊
အန်ကလည်းအန်ပေါ့။ ဗဟိုနဲ့ နောက်တမ်းကချက်ပြီးပို့လိုက်တဲ့ ထမင်းထုတ်တွေက
တောင်ကြောပေါ်အထိ ရောက်အောင်သယ်ပို့ပေးကြ တော့ ကျနော်တို့လက်ထဲရောက်ပြီး
စားမယ့်အချိန်မှာ ထမင်းက နဲနဲသိုးနံ့ထွက်နေပြီ။ ဒါဘဲရှိတာဆိုတော့
အဲဒီထမင်းတွေနဲ့ပဲ လွှေးနေကြရင်း ၀မ်းရောဂါဖြစ်ကြတာ။ နုံးခွေသွားတဲ့ကျနော်
နောက်တန်းကို ပြန်ဆင်းခဲ့ ရတော့တယ်။
အဲဒီနောက် ကျနော်တို့တောင်ပေါ်မှာရှိတဲ့အချိန်က ရဲဘော်ကြီး တွေရဲ့
သောက်ရေဗူးတွေအများကြီးကို လွယ်ပြီး အတက်အဆင်း ၄၅ မိနစ်ခရီးကို
သွက်သွက်လက်လက် သွားခပ်ပေးတတ်တဲ့ ၂၁၀ က ရဲဘော်သစ် ညီလေး ရဲဘော်ဇော်ဝင်းက
ကိုလှသိန်းလက်ထဲမှာ ကျဆုံးခဲ့ တယ်လို့ သိရတယ်။ နောက်ထပ်
တိုက်ပွဲကျတဲ့ရဲဘော်တွေရဲ့သတင်းတွေထပ်ကြားပေမယ့် ဘယ်သူဘယ်ဝါ
မမှတ်မိတော့ပါဘူး။
တော်ပါသေးရဲ့
အဲဒီနောက်ပိုင်း ကျနော် တပ်မဟာ (၃) ဖက်က စစ်ကြောင်းဆီကို တာဝန်တစ်ခုနဲ့
ထပ်ဆင်းရပြန်တယ်။ အဲဒီတုန်းက ကျနော့ ရဲဘော်ကြီး ဖိုးရခိုင်၊
ကိုသံချောင်းအပါအ၀င် ရဲဘော် လေးငါးယောက်ကျနော်နဲ့အတူပါ တယ်။ ကျနော်တို့လှေ
ကမ်းခြေကိုကပ်တော့ အထက် စောထဘက်မှာ သေနတ်သံတွေ တစ်ချက်တစ်ချက် ညံနေတုန်း။
လက်နက်ကြီးသံတွေကိုလည်း ပြန်ကြားလာရတယ်။ အောက်ဖက် တောင်ကြောတစ်ခုကနေ
ဖြတ်မဆင်းခင် အရပ်ဝတ်နဲ့ KNU ရဲဘော် ၂ ယောက်လောက်က သူတို့လည်း
ကျနော်တို့နဲ့လိုက်တက်ပြီး သူတို့တပ်တွေဆီကိုသွားပေါင်းဖို့ရှိတယ်ဆိုတော့
တစ်ခါတည်းခေါ်ခဲ့တယ်။ လမ်းမှာ ရှည့်ငပေါ တစ်ကောင်
သစ်ကိုင်းပေါ်မှာဖြတ်ပြေးတာကို ကျနော် အလွယ်ကောက်လွယ်ခဲ့တဲ့ ခပ်စုတ်စုတ်
အေကေ AK-47 ခေါက်ဒင်ကို ယူပြီး သူတို့ထဲကတစ်ယောက်က ထိုးပစ်ထဲ့လိုက်တာ
ရှည့်ငပေါပြုတ်ကျလာတယ်။ တော်တော် လက်တည့်တဲ့လူလို့ မှတ်ချက်ပေးမိတယ်။
တစ်နာရီကျော် ခရီးလောက်သွားပြီး တစ်ဘက် ကြောက ဆင်းလာတော့ အောက်မှာ မဟာမိတ်
ကရင်တပ်ဖွဲ့ KNU တစ်ချို့နဲ့တွေ့တယ်။ သူတို့သိပ်မများဘူး ကြည့်ရတာ
အဲဒီပတ်ဝန်းကျင် လုံခြုံရေးတာဝန်ကျနေကြတာ ဖြစ်မယ်။ ကျနော်တို့
အဲဒီတောင်ခြေက ခနော် ခနဲ့ဝါးတဲလေးပေါ် တင်ပလ္လင်ခွေထိုင်ပြီး
ထမင်းစားနေကြတော့ ကရင်ရဲဘော် ငယ်ငယ်လေးတစ်ယောက်က စကားစတယ်။
“နင်တို့ဘယ်လမ်းက လာတာလဲ” တဲ့။ ကျနော်က “အဲဒီတို့အခုမြင်နေရတဲ့ တောင်ကပေါ့။
တို့ဆင်းလာတာ မတွေ့ဖူးလား” လို့ပြန်ဖြေလိုက်တယ်။ သူက “အား.. နင်တို့အဲဒီက
ဆင်းလာတာ။ ငါတို့ အဲဒီတောင်ကြောမှာ မိုင်းတွေအများကြီးထောင်ထားတယ်” တဲ့။
ကျနော်က “ငါ လမ်းမှာ လာတုန်းက တွေ့သားဘဲ” လို့ ခပ်တည်တည်နဲ့ပြောတယ်။
သူကမယုံသလိုနဲ့ “မဟုတ်ပါဘူး…” လို့ပြောတာကို ကိုယ်က “နင်မတွေ့ဘူးလား။
ငါတို့ အားလုံး ၈ ယောက်လောက်လာတာ။ ဘာမှမဖြစ်ဘူးလေ” လို့ပြောတော့ သူက
ကျနော့ကို အန္တရာယ်ကင်း အဆောင်ရှိလားလို့မေးတယ်။ ကိုယ်လည်း ဖြီးလက်စနဲ့ “ဟ..
ရှိတာပေါ့” ဆို တော့ သူက “မယုံပါဘူး…” လို့ ရီဖြဲဖြဲနဲ့ပြောတဲ့အခါ
ကျနော်လည်း “နင့်လက်ထဲမှာ သေနတ်ရှိနေတာဘဲ၊ မယုံရင်ပစ်ကြည့်ပေါ့”
လို့ပြောပြီးတာနဲ့ သူဘာလုပ်မလဲ မျက်ခြေမပြတ်လိုက်ကြည့်ရတယ်။ သူက
မယုံ့တယုံနဲ့ လှည့်ကြည့်လှည့်ကြည့်နဲ့ ထွက်သွားတော့မှ သက်ပြင်းကြိတ်ချရတယ်။
တကယ်လို့ ခုနသူ့ကို ပစ်ခိုင်းတုန်းက သူသာ တကယ်ပစ်ဖို့ သေနတ်မြှောက်လာရင်
ကျနော် တဲပေါ်က ဆင်းပြေးတော့မှာ။
တပ်ရင်းမှူးကိုရောဘတ်နဲ့ ကျနော့တပ်ရင်းက ရဲဘော်အများစုနဲ့
ရှေ့တန်းမှာတွေ့ပြီး စီစဉ်စရာလေးတွေ တစ်ချို့စီစဉ်အပြီး ကျနော်နောက်တန်းကို
ရဲဘော်တစ်ချို့ခေါ်ပြီး ပြန်တက်ဖို့ လုပ်ရတယ်။ ရဲဘော်တွေဆီက
ရှေ့တန်းဇတ်လမ်းလေးတစ်ချို့ကို ကြားရသေးတယ်။
တစ်ခါ သူတို့စစ်ကြောင်းက ရန်သူစစ်ကြောင်းနဲ့ လူ တစ်ရပ်လောက်မြင့်တဲ့
ခြုံတွေကြားထဲမှာ ဟိုဘက်ဒီဖက် ဆန့်ကျင်ဖက် ချီတက်နေကြတယ်တဲ့။ အဲဒီအချိန်မှာ
ရန်သူစစ်ကြောင်းနောက်ဆုံးလောက် က စစ်သားနဲ့ ကိုယ့်ရဲ့မဟာမိတ်တပ်က
ကရင်စစ်သားတို့က ခြုံဟိုဖက်မှာ အသံကြားသလိုဘဲဆိုပြီး တစ်ပြိုင် တည်း
ခြုံဖြဲပြီးချောင်းကြည့်ကြတယ်။ မျက်နှာချင်းဆိုင်သွားတိုးပြီး
ဘက်တံဆိပ်တွေတွေ့တော့ သေနတ်တွေလုပြီး ထပစ်ကြတယ်။ အဲဒီတော့
စစ်ကြောင်းနှစ်ကြောင်း ဟိုဘက်ဒီဘက် နေရာယူပြီးတိုက်ပွဲ ဖြစ်ကြတာပေါ့။ နောက်
တိုက်ပွဲပြီးသွားလို့ လူတွေပြန်စစ်ကြည့်တော့ ကိုယ့်ဘက်က ကရင်ရဲဘော်က ရန်သူ
ကိုင်တဲ့ ဂျီသရီး G-3 သေနတ်ကြီးနဲ့ဖြစ်နေတယ်။ စစ်ကြောင်းမှူးက
ဘယ်လိုဖြစ်တာလဲ နင့်သေနတ်က ဘယ်ရောက်သွားရတာလဲ မေးတော့။ ကရင်ရဲဘော်က သူတို့
မျက်နှာချင်းဆိုင်တိုးတော့ ၀ရုန်းသုန်းကား တစ်ယောက်သေနတ်ကို
တစ်ယောက်လုလာကြတာတဲ့။ သူလည်း ကျည်ဘောက်တစ်ဘောက်ကုန်အောင် ပစ်ပြီး
ကျည်ဆံထပ်ထည့်စရာက သူ့ဆီမှာရှိနေတဲ့ ကျည်ဆံတွေနဲ့မတူတော့
တုတ်လိုကိုင်ထားပြီး နေရာ ကောင်းကောင်းမှာ သွားဝပ်နေတယ်။ ဟို..
ရန်သူစစ်သားလည်း အဲဒီလိုဘဲဖြစ်နေမှာ ကျိန်းသေတယ်။ နောက်တော့
ကိုယ့်ဆီကရဲဘော်တွေအားလုံး စဉ်းစားမိကြတာက။ ဒီက ကိုယ့်ရဲဘော်ကတော့ ကိုယ့်
သေနတ်ဆုံးပေမယ့် ရန်သူ့သေနတ်တစ်လက် အစားပြန်ရလာသေးတော့
စစ်ကြောင်းမှူးဆဲတာလောက်ဘဲ ခံရမှာ၊ ဟိုဘက်က ရန်သူစစ်ကြောင်းက စစ်သားက
အဲဒီလို အေကေ AK-47 နဲ့ တန်းစီလာရင် အဲဒီကောင်
ဘယ်လိုဖြစ်မလဲမသိဘူးတွေးတွေးပြီး ဟားနေကြတာပေါ့။
လမ်းကရွာတစ်ခုမှာ ကရင်မင်္ဂလာဆောင်တစ်ခုနဲ့တိုးတော့ ဒညင်းသီးနဲ့ဝက်သား
ခေါ်ကြွေးလို့ ကုသိုလ်ဖြစ် သွားဖြဲနားဖြဲ ၀င်စားလာပြီး ရှေ့ ၁၀
မိနစ်ခရီးလောက်လမ်းလျှောက်ပြီး တစ်ကိုယ်လုံး ဖျင်းဖျင်းဖျင်းဖျင်းနဲ့
အဖုအပိန့်တွေထွက်လာတယ်။ ကိုလှသိန်းက “ကိုမြတ်၊ ဘာမီတွန်
များများသောက်ချလိုက်၊ ပျောက်သွား လိမ့်မယ်။ သောက်ရဲလားတဲ့” ကျနော်က
ဘာမီတွန်ကို ၂ လုံးအထက် တစ်ခါမှသောက်ဖူးတာမဟုတ်ဘူး။ ဘာဘဲဖြစ်ဖြစ်
ဖြစ်ချင်တာဖြစ် စမ်းကြည့်မယ်ဆိုပြီး သူထုတ်ပေးတဲ့ ဘာမီတွန် ၁၅ လုံးလောက်ကို
ရေနဲ့ တစ်ခါထဲသောက်ထည့်လိုက်တယ်။ နောက်တော့ ရဲဘော်တစ်ယောက်ရဲ့ ယောက္ခမ
အမျိုးသမီးကြီးရဲ့ တဲမှာ ၀င်ပြီး နေ့လည်ပိုင်း တစ်ရေးအိပ်အပြီး လူက
ထူထူပူပူဖြစ်နေတာကလွဲရင် အဖုအပိန့်တွေအားလုံး မရှိတော့ ဘူး။
အချိန်မရှိတော့လို့အဲဒီနေရာမှာဘဲ ၀င်အိပ်လိုက်ရတယ်။
ရန်သူတော့လဲနေပါပြီ
နောက်တစ်နေ့ခရီးဆက်ဖြစ်တော့ ၀င်းမောင်းရွာကြီးကို ဆက်ရောက်လာတယ်။
အဲဒီကနေ နောက် တစ်နေရာကို ခရီးဆက်တော့ ထုံးစံအတိုင်း တဲအိမ်
နှစ်လုံးသုံးလုံးလောက်နဲ့ တစ်စုဖြစ်နေတဲ့ နေရာလေးမှာ တစ်ထောင့်နား
ထမင်းစားကြတယ်။ အဲဒီမှာ ကရင်တပ်က တပ်ထောက်အရာရှိ အဖိုးကြီးတစ်ယောက်နဲ့
ဆုံကြတယ်။ စကားပြောလည်း ကောင်းသလို ဖော်ရွေမှုကလည်း မပြည့်ပေါ့။ ကျနော်တို့
တော်လှန်ရေး အကြောင်း၊ န၀တ အကြောင်းတွေကို အတော်လေးကြာအောင် ပြောဖြစ်
ဆွေးနွေးဖြစ်တယ်။ ကျနော်တို့ မပြန်ခင် သူက အားပေးစကားပြောတယ်။ “ကဲ…
ကိုမြတ်ရေ။ ရန်သူကတော့ လဲနေပါပြီကွ” တဲ့ ကျနော် အတော်သဘောကျသွားတယ်။ သူ့ဆီက
နောက်ဆက်တွဲ စကားကို မကြားရခင်အထိပေါ့။ သူ ဆက်ပြော တာက “ငါတို့က
မထနှိုင်သေးလို့ပါကွ” တဲ့။ ကောင်းရော နှစ်ယောက်စလုံးလဲနေတာပါလား။ ဟားဟား။
အဲဒီလို။
အထူးသင်တန်းမှူး ဆရာမှတ်ကြီး
၉၃ မှာ တပ်ရင်းအရာရှိတွေရယ် စစ်ဆင်ရေးဌာနဆိုင်ရာတွေက
အရာရှိတွေအားလုံးလိုလို အဘ (ဒု-ဗိုလ်မှူးကြီးအေးမြင့်) ဦးဆောင်ပြီးပေးတဲ့
စစ်ဦးစီးသင်တန်းအပတ်စဉ် ၁/၉၃ ကိုတက်ကြရတယ်။ အဲဒီ သင်တန်းမှာ ခုနကပြောတဲ့
ဗမာ့တပ်မတော်က စစ်သားဟောင်းကြီးတွေပါပါလာတယ်။ နှုတ်ခမ်းမွှေးရိပ် ရမယ်ဆိုရင်
စစ်သင်တန်းမတက်ဘူးတို့ဘာတို့ အကန့်အသတ်တွေကို ညှိနှိုင်းပြီးတဲ့အဆုံး
သင်တန်းစ တယ်။ တပ်မှူးတွေတပ်အပ်တဲ့ ပညာတွေဆိုတော့ တကယ် ပညာရပါတယ်။ အဲ..
နားတဲ့အချိန်တွေမှာဆို ရင် အချင်းချင်းနောက်ကြပြောင်ကြနဲ့ ပျော်စရာပါ။
ဆရာမှတ်ကြီးက အဲဒီသင်တန်းမှာ ကျနော်တို့လို သင် တန်းသားအနေနဲ့
သင်တန်းတက်တာ။ ကိုမှတ်ကြီး (ဆရာမှတ်) က တစ်နေ့ စစ်ရေးပြနားတဲ့အချိန်
သေနတ်နဲ့ “မင်းတို့မသိသေးဘူး။ ငါ ကြားပျောက် သင်တန်း
ကောင်းကောင်းပေးလို့ရတယ်” လို့စကားစပြီး တစ်ဆက်ထဲ သူ့ဘာသာအမိန့်ပေး၊
သူ့ဘာသာ တစ်နှစ်သုံးလေးဆိုတဲ့အမှတ်စဉ်တွေကို ရွတ်ပြီး လုပ်ပြ တယ်။
“သေနတ်ထမ်း” တစ်နှစ်သုံးလေး..တစ်။ သေနတ်ပုခုံးပေါ်ကို
ပုံမှန်အတိုင်းထမ်းတင်တယ်။ “ပစ်ခတ် ရန်အသင့်” တစ်နှစ်သုံးလေး… တစ်။
သေနတ်ကို ပုခုံးပေါ်မှာ အရှည်လိုက်နောက်ပြန် ပစ်ခတ်ဘို့ပုံစံ ယူ လိုက်တယ်။
နောက်ပြီး သေနတ်မောင်းကွင်းထဲကို ပြောင်းပြန်ကိုင်ထားတော့ လက်ညှိုးအစား
လက်မထည့် ထားတယ်။ “နောက်လှည့်” တစ်နှစ်သုံးလေး… တစ်။ ပုံမှန်အတိုင်း
နောက်ဖက်ကိုလှည့်တယ်။ “ပစ်” ပါးစပ်ကပစ်လို့ပြောပြီးတာနဲ့
သူသေနတ်နောက်ပြန်ထမ်းပစ်ရင်း ထွက်ပြေးနေတယ်။ ခင်ဗျားဟာက
ထွက်ပြေးတာကြီးဘဲဆိုတဲ့ ရဲဘော်တစ်ယောက်ရဲ့အပြောကို ဆရာမှတ်ကြီးက
ငါပြောသားဘဲ ‘ကြား ပျောက်’ သင်တန်းပါဆို၊ ကြားတာနဲ့ တခါတည်း
ပျောက်သွားရမှာလေတဲ့။ ဆရာမှတ်ကြီးကလည်း အကြပ် ကြီးတွေထဲကတစ်ယောက်ပေါ့။
ဓားဂွင်မှာ သူ့အကြပ်မခံရတဲ့သူမရှိသလောက်ပဲ။
ဆရာမှတ်အလှည့်
နောက်ပိုင်းဗဟိုဆေးရုံမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က
ရဲမေတွေတစ်ချို့ ဒေါက်တာမြင့်ချို ဆီမှာ သင်တန်းလာယူကြတယ်။
ချောချောလေးတွေများတယ်။ ၀၀ကြီးလည်း တစ်ယောက်ပါတယ်။ ၀၀ အမျိုးသမီးရဲ့နာမည်က
မဒါ တဲ့။ ရဲဘော်တွေက ချောချောလေးတွေနားမှာ မယောင်မလည်လုပ်ရင်း ခိုးခိုး
ကြည့်နေကြတယ်။ ၀၀ကြီးလား။ သူ့ကိုတော့ အဆင်မသင့်ရင်
ကိုင်ပေါက်ခံရမှာစိုးလို့လားမသိဘူး ဘယ်သူ မှရဲရဲမကြည့်ကြဘူး။ အဲဒီရက်ထဲ
ဗဟိုက မြစ်ဆုံဝန်းကျင်မှာ အရေးပေါ်စစ်ကြောင်းထုတ်ဖို့ ဆင့်တော့။ ဗဟို
ပတ်ဝန်းကျင်က တပ်ရင်းတပ်ဖွဲ့တွေအပြင် ဗဟိုလုံခြုံရေးတပ်ကရဲဘော်တွေပါ
ထုတ်ပြီး တပ်စုနှစ်စုစာ လောက် ရှေ့တန်းကို လွှတ်လိုက်ကြတယ်။ ဆရာမှတ်လဲ
ပါတာပေါ့။ သူတို့ရှေ့တန်းရောက်နေတဲ့အချိန် ဆရာမှတ်ကြီးကတော့ တစ်ခါတစ်ခါ
အကြောင်းကိစ္စလေးတွေနဲ့ ဗဟိုကို ပြန်ပြန်ရောက်လာလေ့ရှိတယ်။
ရှေ့တန်းပြန်ရောက်တဲ့အခါ ဗဟိုကအခြေအနေအပြင် ဆေးရုံမှာရှိနေတဲ့ ကချင်
ဆေးမှူးကောင်မလေးတွေရဲ့ အကြောင်းကိုလည်း ဖောက်သည်ချလေ့ရှိတယ်တဲ့။ သူက
ဗဟိုကိုပြန်ခါနီးပြီဆိုရင် ဆေးရုံဘက်ကို အမြဲ လှည့်ဝင်တတ်ပြီး
ကောင်မလေးတွေနဲ့ ရင်းနှီးအောင်ပေါင်းထားတယ်။ ရှေ့တန်းတောင်ကုန်းပေါ်က ရဲဘော်
တွေအတွက် စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်အနေနဲ့ ရှေ့တန်းကရဲဘော်တွေကို
သူဗဟိုကို ပြန်ဆင်းရ တော့မယ်ဆိုရင် ကြိုပြီး “ဟေ့ကောင်တွေ။ ငါမနက်ဖြန်
ဗဟိုကိုသွားမှာနော် မင်းတို့မှာစရာရှိရင်မှာ ပေးစရာ ရှိရင် အခုထဲက
ကြိုပြင်ထား။ ဆေးရုံကိုလည်းရောက်မယ်။ စာရေးချင်ရင် အခုရေးထားနော်။ နောက်မှ
နောင်တမရနဲ့” ဆိုပြီးပြောလေ့ရှိတယ်။ ရဲဘော်တွေလည်း စိတ်ဝင်စားတဲ့
ကောင်မလေးတွေကို စာရေးတဲ့ သူကရေးပေါ့။ ဆရာမှတ်ကတော့ တကယ့်ရဲဘော်ကောင်းကြီး
စာတွေကို ကောင်မလေးတစ်ဦးချင်းစီကို လိုက်ပေးတဲ့အပြင် “မင်းတို့
စိတ်ကူးမလွဲနဲ့။ ငါတို့ရဲဘော်လေးတွေ ရှေ့တန်းမှာ တကယ်ဒုက္ခရောက်ကြတာ။
ဦးမှတ် သဘက်ခါလောက်ပြန်မယ်။ သူတို့အတွက် ပေးစရာရှိရင်ပေးလိုက်” နဲ့
တကယ့်ကို ကူညီရှာတယ်။
တစ်နေ့ ရှေ့တန်းကိုသွားခါနီး သူ့တပ်ရင်းက ရဲဘော်တစ်ယောက်က ဆရာမှတ်
ကျနော့ကို ဒီစာလေးကို ဟို၀၀နဲ့ မဒါကြီးကို ပေးပေးပါလား။ ကိုမှတ်က ဟာ…
ကောင်းတာပေါ့။ သူလည်း ချစ်စရာကောင်းပါတယ် ကွ။ နဲနဲဝလို့ပါဆိုပြီး
အဲဒီစာကိုယူသွားတယ်။ ထုံးစံအတိုင်း စာတွေပေးအပြီး ကောင်မလေးတွေအားလုံးကို
ရှေ့တန်းရဲဘော်တွေရဲ့ ပင်ပန်းဆင်းရဲချို့တဲ့မှုလေးတွေကို ထုံးစံအတိုင်း
မမောနှိုင်မပန်းနှိုင် ပြောပြတယ်။ အဲ… ရှေ့တန်းကို ပြန်တက်မယ်လုပ်တော့ သူက
ထုံးစံအတိုင်း ဆေးရုံဖက်လှည့်ပြီး ကောင်မလေးတွေကို ကျနော်အခုပြန်တော့မှာ
ပေးစရာရှိရင် တခါတည်းထည့်ပေးလိုက် မှာစရာရှိရင်လည်း မှာလိုက်ပေါ့။ ကျန်တဲ့
ကောင်မလေးတွေတော့ စာတွေပေတွေပါးလားမပါးလား၊
အမှာစကားတွေပါးလားမပါးလားမသိဘူး။ မဒါက
ဆရာမှတ်လှေပေါ်တက်ခါနီးနောက်ကလှမ်းခေါ်တယ် “ဆရာမှတ်” “ဂရုစိုက်သွားနော်” တဲ့။
ဆရာမှတ် လည်း ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးလှေပေါ်တက်လာပြီးမှ သူပြန်စဉ်းစားတယ်။
မဒါက ဒါမျိုး သူ့ကို တစ်ခါမှ မမှာဖူးပါဘူး။ ထူးထူးခြားခြားပေါ့။
ဟိုရောက်တော့ ပေးစရာရှိတာတွေပေး။ ပြောစရာရှိတာတွေပြောပြီးတဲ့ အခါ။
မဒါအတွက်စာပါးလိုက်တဲ့ ရဲဘော်က ဆရာမှတ်ကြီး။ ကျနော်ပေးခိုင်းလိုက်တဲ့
စာကိုပေးဖြစ်လားတဲ့။ ဟာကျိန်းသေပေးတာပေါ့ ဆိုတော့ အဲဒီရဲဘော်က ဒါဆို မဒါက
ဆရာမှတ်ကြီးကို မပြန်ခင် ဘာပြောသေးလဲ တဲ့။ အင်… သူပြောတော့ပြောတယ်ကွ။ နေဦး
အဲ.. ငါလှေပေါ်မတက်ခင် ဂရုစိုက်သွားဖို့မှာတယ်လေ။ အဲဒီ ရှေ့တန်းရဲဘော်တွေ
တဟားဟားထရယ်ကြတယ်။ တကယ်တော့ အဲဒီရဲဘော်ပေးလိုက်တဲ့စာက မဒါ
အတွက်ရီးစားစာတော့မှန်တယ်။ အောက်က ဆိုင်းထိုးထားတာက မှတ်ကြီးတဲ့။
နောက်တော့မှ ဆရာမှတ် ကြီး နှပ်ချခံလိုက်ရပြီဆိုတာ ရိပ်မိသွားပြီး
“မအေပေးတွေ ငါပါဆေးရုံမသွားရဲတော့ဘူး။ လူကြီးကိုနောက် စရာလား.. လခွီး” တဲ့။
ပြင်ဆင်ရေး
ရှေ့တန်းကို စစ်ကြောင်းလွှတ်မှာဖြစ်ဖြစ်၊ စစ်ကြောင်းရှိတဲ့နေရာကို
ပို့ပေးဖို့အစီအစဉ်ရှိရင်ဖြစ်ဖြစ်၊ လက်နက် နဲ့ စက်ကရိယာတွေကို
စစ်ဆေးစမ်းသပ်ရလေ့ရှိတယ်။ တရက် ကျနော် စစ်ရုံးချုပ်မှာ ရှိနေတုန်း
ရဲဘော်တစ် ယောက်နဲ့ ကိုခင်ထွန်းကြည်တို့ ရှေ့တန်းစစ်ကြောင်းအတွက်
ပေးလိုက်မယ့် ဝေါကီတော်ကီ စကားပြော အိုင်ကွန်စက် နှစ်လုံးကို စမ်းနေကြတယ်။
ကျနော်က စမ်းသပ်နေတဲ့ စက်တစ်လုံးကို လက်ထဲမှာကိုင်ထား တဲ့
ကိုခင်ထွန်းကြည်ရဲ့ဘေးမှာ။ နောက်ထပ်စက်တစ်လုံးနဲ့ရဲဘော်က အောက်ဖက်
ခပ်ဝေးဝေးကို လှမ်း ထွက်သွားပြီး စက်ဖွင့်ပြီး စကားပြောနေကြတာ။
“ကြားလား၊ ကြားလား၊ အသံဘယ်လောက်ရလဲ” ဟိုဘက်ကရဲဘော်အော်နေတဲ့အသံ စက်ထဲက
ပြန်ထွက်လာတယ်။ “ကြားတယ်၊ ကြားတယ်၊ အသံ ၄-၅ ရတယ်။ အဲဒီမှာ အသံဘယ်လောက်ရလဲ”
“အင်း… ၃-၄ လောက်တော့ရတယ်။ နဲနဲ ခပ်လှမ်းလှမ်းကို ဆက်လျှောက်လိုက်။ ရထားဖြစ်လား”
“ရထား” အဲဒီလို စက်စကားတွေပြောပြီး စမ်းသပ်နေကြတာပေါ့။ စက်သံကလည်း တဂွိဂွိနဲ့ပေါ့။
ဟိုဘက်က ရဲဘော်ဆီက “ကြားလား၊ ကြားလား အသံဘယ်လောက်ရလဲ အကြောင်းပြန်”
ဆိုတဲ့အသံ ကြားရပြန်ပြီ။ ကျနော်လည်း နားစွင့်ကြည့်လိုက်တယ်။
ကိုခင်ထွန်းကြည်က ကျနော့ဘက်ကို လှည့်ပြုံးပြပြီး “ကြားတယ်၊ ကြားတယ်၊
အပြင်မှာ အော်နေတဲ့အသံအတိုင်းကိုကြားတယ်” တဲ့။ ကျနော် အောက်ကို ငုံ့
ကြည့်လိုက်တော့ ဟိုရဲဘော်က ရုံးရှေ့ပြန်ရောက်နေပြီ။
အပေါ်နဲ့အောက်နဲ့အော်နေတာ စက်သံတွင်မဟုတ် ဘူး သူလှမ်းအော်နေတာကို
အပြင်ကအတိုင်းသားကြားနေရတာလေ။ ဘာပဲဖြစ်ဖြစ် စစ်ထဲမှာသုံးတဲ့ ပစ္စည်း တွေက
အရေးထဲအကြောင်းထဲကျမှ ပျက်နေလို့မဖြစ်ဘူးလေ။ အစစ စိတ်ချရအောင်
လုပ်ကြရတာပါဘဲ။
လူနာနဲ့ လူနာစောင့်
တပ်ရင်းမှာ ငှက်ဖျားခပ်ပြင်းပြင်းထိထားတာ ကျနော်တွင်မဟုတ်ဘူး
ကျနော့ထက်ဆိုးတဲ့ ရဲဘော်တွေလည်း ရှိသေးတယ်။ ကျနော့ထက် လေးငါးနှစ်ကြီးတဲ့
ကိုအောင်ဝင်းကြီးရယ်၊ ကျနော့ထက် အသက်ကြီးတဲ့ စစ် တပ်က သေနတ်နဲ့အတူပြေးလာတဲ့
ရဲဘော်သံချောင်းရယ်ပေါ့။ ၀မ်ခခံစစ်အတွေ့အကြုံရှိတဲ့ ကိုအောင်ဝင်းနဲ့
ကျနော်ရှေ့တန်းကပြန်အတက် တစ်လမ်းလုံးဖျားလာတဲ့ ကိုသံချောင်းက တစ်ခါတစ်ခါ
ကြောင်နေတတ်ကြ တယ်။ ကိုအောင်ဝင်းက တပ်ရင်းမှာ ညညမအိပ်ဘဲနဲ့
ဘားတိုက်အောက်မှာ တစ်ညလုံးရပ်ပြီး အပြင်ဘက် ကို ကြည့်ကြည့်နေတာ
လေးငါးရက်ဖြစ်လာတော့ ဗဟိုဆေးရုံကိုပို့လိုက်ရတယ်။ ကျနော်လည်း နောက် တန်းမှာ
လူနာစောင့်လွှတ်ဘို့ အဆင်အပြေဆုံးဖြစ်တာက ကိုသံချောင်းကို
ကိုအောင်ဝင်းအတွက် လူနာ စောင့်အနေနဲ့ ထည့်ပေးလိုက်တယ်။
ဆေးရုံမှာ ကိုအောင်ဝင်းအတွက် အာရုံကြောနဲ့ပတ်သက်တဲ့ဆေးတွေ ပေးတယ်။
အချိန်နဲ့သောက်ရတဲ့ဆေး တွေဖြစ်လို့ လူနာမသောက်မှာစိုးလို့
ဆေးမှူးအမျိုးသမီးရဲဘော်တွေကိုယ်တိုင် လိုက်ပြီးတိုက်ကြတယ်။ ထုံးစံအတိုင်း
ကိုအောင်ဝင်းက ညရောက်ရင် သူ့ရဲ့လူနာကုတင်ကထပြီး မအိပ်ဘဲ ဆေးရုံနံရံကနေ တစ်ည
လုံး အပြင်ကိုကြည့်နေတာပေါ့။ ပထမတစ်ရက်နှစ်ရက်တော့ ကိုသံချောင်းက
လူနာကုတင်ပေါ်ကိုခေါင်း တင်ပြီး ထိုင်ခုံပုပေါ်မှာအိပ်တယ်။ တစ်ရက်
ကိုအောင်ဝင်းကိုကြည့်လိုက်တော့ မအိပ်ဘဲအပြင်ကို ထွက်ငေး နေပြန်တော့ သူလည်း
လူနာအိပ်တဲ့ကုတင်ပေါ်တက်ပြီး အိပ်တော့တာပေါ့။ ဟုတ်တယ်လေ။ လူနာက
အိပ်မှမအိပ်တာ။ အိပ်ခိုင်းလို့လည်း မရဘူးတဲ့။
အဲ…. နောက်တစ်နေ့ မနက် ၈ နာရီလောက် ဆရာဝန်တွေ ဆေးမှူးတွေ
ရောင်းလှည့်လာတော့ လူနာတွေ ကို ဆေးလိုက်တိုက်ရင်း ကုတင်ပေါ်မှာ အိပ်နေတဲ့
ကိုသံချောင်းကိုတွေ့တော့ နှိုးကြတယ်။ ကိုသံချောင်းက ဘာလဲလို့ပြန်မေးတော့
ဆေးမှူးတစ်ယောက်က “ဆေးသောက်ရမယ်” လို့ပြောတယ်။ ကိုသံချောင်းက “ဘယ်မှာလဲ၊
ပေး…” ဆိုပြီး ဆေးတွေယူသောက်ပစ်လိုက်တော့ ဆေးရုံထဲမှာရှိနေတဲ့
တခြားလူနာတွေ၊ လူနာစောင့်တွေအားလုံး ၀ါးကနဲဝိုင်းရီကြတယ်။ သူကခပ်တည်တည်ဘဲ
ပြန်တောင်အိပ်နေလိုက်သေးတယ် တဲ့။ တကယ့်လူနာဖြစ်တဲ့ ကိုအောင်ဝင်းက
အဲဒီအချိန်အထိမအိပ်သေးဘဲ အပြင်ကို ငေးကြည့်ကောင်းနေ တုန်း။ ကျနော်
နောက်တစ်နေ့ ဆေးရုံရောက်တော့ ဆေးမှူးရဲမေတစ်ယောက်က ကိုမြတ်တို့တပ်ရင်းက
ရဲဘော်တွေက ဘယ်လိုတွေလဲ၊ လူနာစောင့်ဖို့ တစ်ခြားလူမရှိတော့ဘူးလားနဲ့
စကားစပြီး ဖြစ်ပုံကိုပြန်ပြော ပြမှ သိရတာ။ ကိုအောင်ဝင်းကြီးလဲ
အနောက်နိုင်ငံတစ်ခုကို ဒုက္ခသည်အနေနဲ့ သွားနေပြီး ဆုံးသွားပြီလို့ ကြားတယ်။
xxxxxxxxx
ဆက်ပါမည်..... ရဲဘော်မြတ်
No comments:
Post a Comment