အိုးဝေ
Sunday, April 21, 2013
မင်းကိုနိုင်(ခ)ပေါ်ဦးထွန်း ၏ကိုယ်ရေးအကျဉ်း
မင်းကိုနိုင်(ခ)ပေါ်ဦးထွန်း ကို ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်တွင် အဘပန်းချီဆရာကြီး ဦးသက်ညွန့်၊ အမိ ဒေါ်လှကြည် တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း(၄)ယောက်အနက် တတိယသားဖြစ်သည်။ အခြေခံပညာကို သင်္ယန်းကျွန်း အ.ထ.က (၁) တွင် သင်ယူအောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ပထမနှစ်၊ ဒုတိယနှစ်တွင် သတ္တဗေဒအဓိက ဘာသာရပ်ဖြင့် ရန်ကုန်တက္ကသိုလ်(ဗိုလ်တထောင်)နယ်မြေတွင် သင်ကြားခဲ့သည်။ တတိယနှစ်ကို ရန်ကုန်တက္ကသိုလ်ပင်မတွင် သင်ကြားခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘ၀တွင် လက်ကမ်း ကဗျာများရေးသားခြင်း၊ ဖခင်ထံမှ အနုပညာအမွေခံယူ၍ ပန်းချီရေးဆွဲခြင်းများကို ပြုလုပ်ခဲ့သည်။ ၁၉၈၈ မတ်လ(၁၆)ရက် တံတားနီ ကျောင်းသားလှုပ်ရှားမှုမှစတင်၍ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်ခဲ့သည်။ ၁၉၈၈ သြဂုတ်လ(၂၈)တွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂမြက်ခင်းပြင်တွင်ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တရားဝင်ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှေက်ခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် (ဗကသ) ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ မတ်လတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၁၀(က)ဖြင့် (၃)နှစ်ကြာဖမ်းဆီးခံရပြီးနောက် ၁၉၉၁ ဒီဇင်ဘာလတွင် စစ်ခုံးရုံးမှ ပုဒ်မ ၅(ည)ဖြင့် ထောင်ဒဏ် (၁၅)နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် စစ်တွေအကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။ အကျဉ်းထောင်အတွင်း အကျဉ်းကျအဖြစ် ရှိနေစဉ်ကာလများတွင် ကဗျာများ၊ တေးသီချင်းများ၊ စိတ်ကူးဆောင်းပါးများ ရေးသားခဲ့သည်။ လွတ်မြောက်ခါနီး အကျဉ်းထောင်အတွင်း၌ပင် ပုဒ်မ ၁၀ (က) ဖြင့် လတိုးနှစ်တိုး ဆက်လက်ချုပ်နှောင်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် အမျိုးသားထောက်လှမ်းရေးမှ မှားယွင်းဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးဟူသောခေါင်းစဉ်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ ၈၈ မျိုးဆက်ကျောင်းသားများကို ပြန်လည်စုစည်း၍ မပြီးဆုံးသေးသော ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင် သတင်းတပ်ဖွဲ့၏ယာယီချုပ်နှောင် ခြင်းကို (၃) လခန့်ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် ပြည်သူအား ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိပဲ လောင်စာဆီဈေးနှုန်းများ အဆမတန်တိုမြှင့်ခြင်းကို ကန့်ကွက်ဆန္ဒပြ လမ်းလျှောက်ခဲ့ပြီးနောက် အခြား (၈၈)မျိုးဆက်ကျောင်းသားများ နှင့်အတူ ဖမ်းဆီးခြင်းခံရသည်။ ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် (၆၅) နှစ် နှင့် (၆) လ ချမှတ်ခြင်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်လာပြီးနောက် ၈၈ မျိုးဆက်ကျောင်းသားများအား ပြန်လည်စုစည်းကာ အရပ်ဘက်လူ့အဖွဲ့ အစည်းအားကောင်းလာရေး ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ကိုမင်းကိုနိုင်၏ ဒီမိုကရေစီအရေးလူ့အခွင့်အရေး၊ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် နော်ဝေ၊ ချက်၊ ကနေဒါ၊ အမေရိကန် နိုင်ငံတို့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းခံခဲ့ရပြီး ပန်းချီရေးဆွဲခြင်း၊ ဆောင်းပါးများရေးသားခြင်း၊ ကဗျာများရေးသားခြင်း၊ ၀တ္ထုတို၊ ၀တ္ထုရှည်များရေးသားခြင်း၊ တေးသီချင်းများ ရေးသားခြင်း၊ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် အနုပညာခရီးလမ်းကို ဆက်လျှောက်နေဆဲဖြစ်သည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment