အိုးဝေ
Wednesday, March 6, 2013
သူတို့ခေါ်တော့ဒုက္ခသည်၊ကိုယ့်ကိုယ်ကိုတော့တော်လှန်ရေးသမား။ (၁၃) ကိုညို။
ဆောင်းပါးရဲ့ ဒီအပိုင်းလေးရေးနေတဲ့ အခုမတ်လဟာ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ကို မဏိပူရ အာဏာပိုင်တွေက ဒုက္ခသည်စခန်းကနေ မြန်မာပြည်နယ်စပ်ကို တိတ်တဆိတ် မောင်းနှင်တဲ့ လနဲ့ တိုက်ဆိုင်နေတယ်။ မတ်လဟာ တော်လှန်ရေး လ ဖြစ်တယ်။ တော်လှန်ရေးရဲ့ သင်္ကေတ လည်းဖြစ်တယ်။ အပင်တိုင်း ရွက်ဟောင်းတွေကြွေနေတယ်။ တချို့ အပင်တွေက ရွက်နုအသစ်တွေနဲ့ ပြောင်ပြောင်လက်လက်၊ အပင်တချို့ ကတော့ ပုရစ်ဖူးတွေငုံလို့။ “တပေါင်းရောက်ပြီ၊ လက်ပံ ပေါက် လဲ မြိုင်ထဲနီရဲ နဲ့အစချီပြီး……..နီစွမောင်းမောင်း လတပေါင်း..” နဲ့ အဆုံးသပ်ထားတဲ့ ဆရာထူးရဲ့ “တပေါင်းနီ” ကဗျာလေးကို သွားသတိရတယ်။ အဟောင်းတွေကို ဖြိုချပြီး အသစ်ထူထောင်မဲ့ ကျနော်တို့ ဟာ မရေမရာခရီးကြမ်းကြီးတခုကိုလျှောက်နေရပေမဲ့ မာန်တွေကတော့ ကျမသွားသေးဖူး။ မဏိပူရ အာဏာပိုင်တွေကိုတော့ စိတ်ထဲကမ္ဘာမကြေဖြစ်နေကြတယ်။ ကျနော်တို့ဖြတ်နေတဲ့ မဏိပူရသစ်တောဟာ အရွက်တွေပြုန်းစပြုနေပြီ။ ရှိုမြှောင်တွေအောက်က ၀ါးတောကြီးတွေဟာ သင်္ကန်းဝါ၀ါကြီ ခြုံထားသလိုပဲ။ကြွေကျနေတဲ့ ရွက်ဝါတွေကို နင်းခြေသွားလို့ ထွက်လာတဲ့ တရှဲရှဲ တရှပ်ရှပ်နဲ့ အသံတွေကပဲ လွှမ်းမိုးနေတယ်။ အားလုံးကိုယ့်အတွေးတွေနဲ့ ကိုယ် ငိုက်ဆိုက်ငိုက်ဆိုက် လျှောက်နေကြတာ။ နေကလည်းပြင်းမှပြင်း ကျနော်တို့တတောင်ပြီးတတောင် ဖြတ်ကျော်နေတဲ့ မဏိပူရနယ်စပ် တောင်တန်းကြီးတွေ ဟာ သိတ်ပြီးမတ်စောက်တယ်လို့လည်းမဆိုသာ ပေမဲ့ ခက်ခက်ခဲခဲတော့ ကျော်ရတယ်။ တောက်ခါးပတ်ရံကိုပတ်ပြီး လူသွားလမ်းသေးသေးလေးကနေ သွားရသလို တောင်ထိတ် လမ်းတွေအတိုင်း ဖြတ်ရတာလည်းရှိတယ်။ ကျနော်တို့ ကို ခေါ်ဆောင်လာတဲ့ မီဇို လမ်းပြတယောက်က ရွာပြင် သချိုင်င်္းကုန်းတခု ကျော်တာနဲ့ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ၀ိုင်းထိုင် စုဝေးစေပြီး သူတို့ ဘာသာစကားနဲ့ ဆုတောင်းပေးတယ်။ အန္တရာယ်ဘေးကင်းပြီး လိုရာခရီးချောချောမောမောရောက်ဖို့ပေါ့။ ကျနော်တို့ အမျာစုက ခရစ်ယာန်ဘာသာဝင်တွေမဟုတ်ကြပေမဲ့ သူဆုတောင်းပေးတာကိုတော့ ကျေနပ်ကြတယ်။ ဆုတောင်းလို့ အဆုံးသပ်ရင် “အာမင်” လို့ ရွတ်ဖို့ မစန်းပွီးက မှာတဲ့ အတိုင်း “အာမင်”လိုက်ကြတယ်။ တရွာရောက်ပြီဆို ပထမလမ်းပြက အဲဒီရွာက လမ်းပြတယောက်လက်ထဲ ကျနော်တို့ ကို လွှဲအပ်တယ်။ လမ်းပြပြောင်းတယ်။ တောင်ပေါ် ရွာတွေကလည်း သိတဲ့ အတိုင်း တရွနဲ့ တရွာ လှမ်းသာ မြင်ရတယ်၊ တောင်လေး ငါးလုံး ကျော်လည်း မရောက်နိုင်ဖူး။ ကျနော်တို့ဟာ တောင်ပေါ် ချင်းမျိုးနွယ် ဇိုမီး၊မှာ၊ မီဇို စတဲ့ တိုင်းရင်းသားတွေရွာ သေးသေးတချို့ ကို ဖြတ်ကျော်သွားကြတယ်။ ရွာတရွာရောက်ရင် ကျနော်တို့ထဲက ဆေးမှုးတာဝန်ယူတဲ့ ကိုမိုးဇော်(ယခ္ခု VOA သတင်းထောက်- ချင်းမိုင်) ကပါလာတဲ့ ထိုးဆေး၊စားဆေးတွေနဲ့ ရွာထဲပတ်တော့တာပဲ။ ရွာထဲက လူကြီး၊ ခလေး လူမမာတွေကို တတ်သလောက် မှတ်သလောက်စမ်းသပ်ပြီး ဆေးကုပါလေရော။ ရွာသားတွေကလည်း သူတို့ ကို အလကားကုပေးတယ်ဆိုပေမဲ့ စေတနာတုန့်ပြန်ရှာတယ်။ ကျောက်ဖရုံသီးတွေနဲ့ ကြက်ဥတွေ ပြန်ပေးတယ်။ ဒုက္ခဆင်းရဲတွေ၊ ပင်ပမ်းနွမ်းနယ်မှုတွေကြားက ပျော်ရွှင် တက်ကြွတယ်။ တခါတော့..မိုးချုပ်ကြီးရွာတရွာဝင်နားတယ်။ ဇရပ်လိုလို သစ်လုံးအိမ် ကြီးတလုံးမှာကျနော်တို့ စုပြုံနေကြတယ်။ ကိုမိုးဇော်ကိုလည်း ရွာထဲက ခလေးတယောက်အသဲအသန် ဖြစ်လို့ ဆိုပြီး လာပင့်သွားတယ်။ တညလုံးလည်း ဘုရားရှစ်ခိုးသံ၊ ဗုံတိုတီးခတ်သံတွေ ကြားနေရတယ်။ ခရစ်ယာန်ဘာသာဝင်တွေပါပဲ။ ည ၂ချက်တီးလောက်ကြီး ရွာထဲက စူးစူးဝါးဝါး အော်ဟစ်သံတွေ ဆူညံနေအောင်ကြားလိုက်ရတယ်။ ၀ူးဝူးဝါးဝါးနဲ့ဘာမှ မသဲကွဲဖူး။ ကျနော်တို့ လန့်နိုးကုန်တယ်။ ဒီကြားထဲ ဦးအာလောက ကလည်းတယောက်ချင်းစီကို တိုးတိုးတိတ်တိတ်နှိုးပြီးကိုယ့်အထုတ်ကိုယ်ပြင်ခိုင်းတယ်။ အားလုံး ငုတ်တုတ်လေးတွေ။ဖရောင်းတိုင်မီးမှုတ်ထားလိုက်တယ်။ အမှောင်ထဲမှာ စိုးရိမ် ထိတ်လန့်နေကြတယ်။ ဘာသာပြန်တဲ့ မစန်းပွီး၊ မိုးဇော် တို့အပါအ၀င် လူ ၄ယောက် ပြန်မလာသေးဖူး။တကယ်တော့ ကျနော်တို့ အားလုံးမှာ စိတ်ဒါဏ်ရာတွေသင့်နေတယ်။ တယောက်နဲ့ တယောက် မယုံသင်္ကာမှုနဲ့ သွေးကွဲမှုတွေ၊ ဒုက္ခသည်စခန်းက ခါးသီးချက်တွေ၊ ခွဲခြားဆက်ဆံခံရတာတွေ၊ ညသန်းခေါင်ကျော်ကြီး လူအစုလိုက်အပြုံလိုက်ကြီးကို သားရဲတွင်းထဲ တွန်းပို့လိုက်တာတွေက ကျနော်တို့ စိတ်တွေကို ခြောက်ခြားစေတယ်။ အခုလို အော်သံ ငိုသံ စူးစူးဝါးဝါးတွေက ကျနော်တို့ ကို ထိတ်လန့်စေတယ်။ ပဋိပက္ခကြီးတခုခုဖြစ်နေသလိုပဲ။ ကျနော်တို့ ဒီရွာမှာ တစက္ကန့်မှမနေချင်ဖူး။ မြန်မြန်ပြေးချင်ပြီ။ နောက်တော့ အိမ်နားကပ်လာတဲ့ ခြေသံတွေကြားတယ်။ သူများတော့ ဘယ်လိုနေမယ်မသိဖူး။ ကျနော် စိတ်ကို တင်းလိုက်တယ်။ လာမဲ့ဘေး ပြေးတွေ့မယ်ဆိုပြီး မာန်တင်လိုက်တယ်။ ကြောက်ပြီးတင်တဲ့ မာန်။ “လာလာ မြန်မြန်လာ.. ခင်ဗျားတို့ ကိုစောင့်နေတာ” လို ဦးအာလောပြောတဲ့ အသံနဲ့ တံခါးတွန်းဖွင့်ဝင်လာတဲ့ မိုးဇော်တို့ ကို မြင်ရမှ စိတ်သက်သာသွားတယ်။ မနက် စောစော အလင်းမထွက်ခင် ကျနော်တို့ ရွာက အမြန်ထွက်သွားကြတယ်။ အခြေအနေမှန်ကို မိုးဇော်တို့ပြောမှသိရတယ်။ သူကုပေးတဲ့ ခလေးက အပူကြီးပြီး အသဲအသန်၊ ဆေးကုမရဖူး၊ အခြေအနေကလွန်နေပြီ၊ မိဘတွေက အတင်းဆေးထိုးခိုင်းလို့ မိုးရေထိုးပေးလိုက်တယ်။ ၀ူးဝူးဝါးဝါး အော်သံတွေက ရွာကလူတွေ ၀ိုင်းဝန်းဆုတောင်းပေးတာတဲ့။ တောင်ပေါ် ခရစ်ယာန် တိုင်းရင်းသားတွေ ဆရာဝန်မရှိ ဆေးမရှိ အသဲအသန်ဖြစ်ပဟေ့ဆို ဆုတောင်းပေးပြီး ဘုရားကု ကုရုံကလွဲလို့ ဘာမှ မတတ်နိုင်။ နောက်ဆုံးတော့ ခလေးငယ်လေး ဆုံးပါးသွားတယ်။ ကျနော်တို့ တတောင်ပြီးတတောင် တတောပြီးတတော မိုးရေး(တမူးနယ်စပ်ကို) ချီတက်နေတယ်။ လမ်းပြမရှိတော့ဖူး။ ရွာလူကြီးညွှန်းတဲ့ လမ်းအတိုင်း ခရီးဆက်နေကြတာပါ။ မှတ်မှတ်ရရ အဲဒီနေ့က တော်လှန်ရေးနေ့ မတ်လ ၂၇ရက်။ ကျနော့မှာ တော်လှန်ရေး ဘာဝနာတွေ ပွားပြီး၊ ဟိုခေတ်က တော်လှန်ရေးနဲ့ ကျနော်တို့ ဘ၀တွေကို ထင်ဟတ်ကြည့်ရင်း ဖြေးဖြေးချင်း တောင်ပေါ်တက်နေတယ်။ နေကအရမ်းပူတယ်။ တောင်တွေက ပြေပြေလေးနဲ့ တက်နေရတာရှိသလို ခတ်မတ်မတ် တက်ရတာလည်းရှိတယ်။ ကျနော်အပါအ၀င် တော်တော်များများ ခြေတောက်တွေ ပေါက်ပြဲနေပြီ။ မန္တလေးက ကျနော်နဲ့ ကျောင်းနေဘက် မောင်မောင်မြင့်(တရုတ်မ) ဆို လူတွဲလျှောက်နေရပြီ။ ရေကလည်း ငတ်တယ်။ တနေရာမှာ တောငှက်ပျောပင်တွေတွေ့တယ်။ ကလေးနယ်က တောကြွမ်းတဲ့ ရဲဘော်တယောက်က ရေသောက် နိုင်တဲ့ နည်းကို သင်ပေးတယ်။ ငှက်ပျော ပင်စည်ကို တုတ်ချွန်လေးနဲ့ ထိုးလိုက်တယ်။ တုတ်တလျှောက် ရေအေးအေးတွေစီးကျလာတယ်။ အဲဒါကိုလျှာဖျားလေးနဲ့ခံ သောက်ကြတာ။ ချိုမြပြီး အေးနေတာပဲ။ ငှက်ပျောပင်အခေါက်တွေမှာ ကပ်ညှပ်နေတဲ့ ရေတွေပေါ့။ နေမွန်းလွဲတော့ တောင်ထိတ်တခုကိုရောက်လာတယ်။ ၀ါးတဲလေးတခုလည်းတွေ့တယ်။ တောင်ထိတ်ကကြည့်ရင် သွပ်မိုးလဲ့လဲ့နဲ့ ရွာလေးတရွာတွေ့ရတယ်။ အဲဒီရွာ ကျော်သွားရင် နောက်ထပ် ရွာကြီးတရွာရောက်မယ် ဘုံရမ် လို့ခေါ်တဲ့ ရွာပဲ။ အဲဒီကိုရောက်ရင် နားလို့ရပြီ။ “ ဒီမှာ ရေတွေ့ပြီဟေ့ ပွတာပဲ” စပ်စုတတ်တဲ့ ၀င်းကိုက ကျနော်တို့ နားနေတဲ့ လယ်စောင့်တဲလိုလို ၀ါးတဲ အောက်ခြေတွေကို ငုံ့ကြည်ရင်း ၀ါးပိုးဝါး ကျည်တောက် တခုကို လှမ်းယူလိုက်တယ်။ ပါးရွက်ဆိတ်အမဲတွေ က ၀ါးပိုးဝါးမှာ အများကြီး။ ၀ါးကျည်တောက်ရေရဲ့ အအေးဓာတ်ကိုခို နေကြတာလားမသိ။ ပုရွက်မဲတွေကို ဖယ်ပြီး ရေ တယောက်နည်းနည်း ဝေမျှသောက်ကြတယ်။ အာစွတ်ရုံပေါ့။ ဒီလို တောင်ထိတ်မှာ ရေပြတ်တတ်လို့ တောင်သူတွေ ၀ါးကျည် ထဲရေထည့်ပြီး ထားပေးထားတာပါ။ ပိုင်ရှင် မသိပေမဲ့ ခရီးသွားတွေ သောက်လဲ ဘာမှ မဖြစ်ဖူးလို့ သိရတယ်။ တောင်ပေါ်ချင်းတွေဟာ သိတ်ရိုးသားပြီး မိသားစုစိတ်ရှိတယ်။ ဧည့်သည်တို့ ခရီးသွားတို့ ကို နေရာပေး ဦးစားပေးတတ်တယ်ဆိုတာ နောက်ပိုင်း ကျနော် ချင်းရွာတွေ ကိုရောက်တော့ ပိုသဘောပေါက်တယ်။ တခါတုံးက(၂၀၀၂ခုနှစ်)လောက်က CAN ချင်းအမျိုးသားတပ်က ဆေးမှုး ဒေါဝ်မန်း နဲ့ကျနော် ချင်းသူပုန်တွေနဲ့ အတူ နယ်စပ်စည်းရုံးရေး ခရီးလှည့်ရင်း ရွာတရွာရောက်တယ်။ တနေကုန် တောင်တွေ တတောင်ပြီးတတောင် ကျော်လာတာ ဆိုတော့ ပင်ပမ်းပြီး ဗိုက်လည်းဆာနေပြီ။ အိန္ဒိယနယ်စပ်ဘက်က ချင်းရွာတရွာရောက်တော့ မိုးချုပ်ခါနီးပြီ။ ဒေါဝ်မန်းက အနီးဆုံးအိမ်တအိမ်တက်သွားတယ်။ လူမရှိဖူး။ တံခါးမရှိဖူး။ ၀ါးတလုံးနဲ့ တခါးကို ကန့်လန့်ကာထားတာ။ ကြုံကြိုက်တုံးပြောရမယ်။ ချင်းလူမျိုးတွေမှာ “သော့” ဆိုတဲ့ ဝေါဟာရ မရှိဖူး။ မြန်မာလို သော့ လို့လည်း ခေါ်တတ်တယ်။ အိန္ဒိယဘက်က မီဇိုချင်းတွေက အိန္ဒိယလို “ကျာဗီး” လို့ ခေါ်တယ်။ မူပိုင်စကားမှာ သော့ ဆိုတာမရှိဖူး။ အခုထိ နယ်စပ်ရွာတွေမှာ အိမ်တခါး သော့မခတ်ဖူး၊ သူခိုးလည်းမရှိဖူး။ ဒါနဲ့ အိမ်ထဲဝင်လိုက်တော့ မီးခိုးငွေ့တလူလူနဲ့ မီးဖိုပေါ်က မြေအိုးမှာ အခွံချွတ် ပြောင်းဆန် ဖြူလွလွတွေက အဖုံးကိုအာပြီးပြူထွက်နေတယ်။ မွှေးနေတာပဲ။ ဒေါဝ်မန်းက တဇွန်းမြီးလိုက်ပြီး လတ်တည်တည်ပဲ ပန်းဂံ၂ချပ်ကောက်ဆွဲပြီးပြောင်းဆန်တွေခူးခတ်နေတယ်။ ကျနော်က မစားရဲဖူး၊ စိုးရိမ်နေတယ်။ ပိုင်ရှင် မသိဘဲ ခိုးစားတာဆိုတော့။ ဒေါဝ်မန်းက ရှင်းပြတယ်။ စိတ်ပူစရာမလိုဖူး ။ ကျနော်တို့ ခရီးသွားတွေပဲလို့ပြောတယ်။ တယောက် ၂ပန်းဂံစီ ဆာဆာနဲ့ အုပ်ထည့်လိုက်တာ ကုန်ရော။ ကျနော်က ကြောက်လန့်ပြီးရွာထဲက အိမ်ဆိုင်လေးတခုက ကြက်ဥနဲ့ ယိုးဒယား မာမား ထုတ် တွေဝယ်ပြီး အဲဒီအိမ်မှာ ထားပေးခဲ့တယ်။ အိမ်ရှင် အဖိုးကြီးက တောင်ယာသွားနေတာလို့ သိရတယ်။ သွားဖန်များခရီးရောက်ဆိုသလို ကျနော်တို့ နားမဲ့ ရွာမရောက်ခင် ရွာတရွာကို ကျနော်တို့ ရောက်တယ်။ ခနနားတယ်။ ရွာပြင်ချောင်းမှာ ခြေလက်ဆေးကြော၊ ရေချိုးကြတယ်။ ဟင်းခတ်အမွှေးအကြိုင် ကရဝေးပင်တွေတောထဲမှာအများကြီးပဲ။ အရွက်တွေက တတောလုံးသင်းပျံ့နေတယ်။ ရွာကနေထွက်မယ်လုပ်တော့ ကျနော်တို့ အုပ်စုမှာပါတဲ့ အမျိုးသမီး ၃ယောက်ထဲက နီနီသိန်း ပျောက်သွားတယ်။ သူလည်း စိုးရိမ်ကြောက်လန့်မှုတွေရှိမှာပေါ့။ တောထဲပုန်းနေတာ။ ရှာမရဖူး။ ရွာမှာနေခဲ့ ချင်ပုံရတယ်။ နောက်ဆုံး မတွေ့လို့ အားလုံး လက်လျှော့ပြီး ခရီးဆက်တယ်။ နောက်မှသိရတာ နီနီသိန်းက ရွာမှာနေခဲ့ပြီး ရွာက လူတယောက်က မိုးရေးကို ပို့ ပေးတဲ့ အကြောင်း၊ နောက်တော့ မိုးရေး ရဲစခန်းက ဖမ်းပြီး အင်ဖားထောင်ကို ပို့ လိုက်တယ်လို့ သိရတယ်။ ဘုံရမ် ရွာအ၀င် အသံချဲ့ စက်က သီချင်းသံတွေကြားရတယ်။ ရွာပြင်ကွင်း ထဲမှာ ဘာသာရေးပွဲတော်တခုလုပ်နေကြတာပါ။ အဲဒီနေ့ကခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ဂွတ်ဖရိုင်းဒေး (Good Friday)ဖြစ်တယ်။ ကျနော်တို့ လာတာမြင်တာနဲ့ ရွာသူရွာသားတွေက ဟိုဖက်ဒီဘက် တန်းစီနေရာယူလိုက်တယ်။ ကျနော်တို့လည်း စီတန်းပြီးရွာထဲဝင်လာတာ။ တန်းစီနေသူတွေ ကျနော်တို့ တယောက်ချင်းစီကိုလက်ဆွဲနှုတ်ဆက်ပြီးကြိုဆိုတယ်။ ပြီးတော့ ကျနော်တို့ အဖွဲ့ကို နွားနောက် သားတတွဲ လက်ဆောင်ပေးတယ်။ ကျနော်တို့ အရမ်းပျော်သွားတယ်။ ရွာကလူတွေကြိုဆိုပုံက နွေးထွေးတယ်။ အမှန်တော့ ရွာသားတွေက ကျနော်တို့ ဗမာပြည်ကနေ အခုပဲထွက်လာတဲ့ ကျောင်းသားတွေလို့ ထင်နေကြတာ။ ကျနော်တို့ ဒုက္ခသည်စခန်းက ထွက်လာသူတွေမှန်း မသိကြဖူး။ နောက်တရက်မှ ကျနော်တို့ သိရတာက မဏိပူရ စစ်တပ်က ကျနော်တို့ ဗမာပြည်ထဲမ၀င်ဖူးဆိုတာ သတင်းရပြီး ကျနော်တို့ကို စစ်ကြောင်းထိုးပြီုး လိုက်ရှာနေသလို တမူးခရိုင်က မြန်မာစစ်တပ်ကလည်း ကျနော်တို့ ဗမာကျောင်းသားတွေ တောလမ်းတွေကတဆင့်တမူးမြို့ထဲ ၀င်လာနေပြီ ဆိုတဲ့ သတင်းကြောင့် တပ်လှန့်ထားတဲ့ သတင်းပါ။ ကျနော်တို့ ဟာ ၂နိုင်ငံစစ်တပ် ကြားမှာညှပ်နေတယ်။ အခြေအနေမကောင်းဖူး။ အဲဒီသတင်းတွေမရခင်တော့ ကျနော်တို့ ကိုယ့်ကိုယ်ကို အရမ်းလွတ်လပ်လပ်သွားပြီလို့ထင်ပြီး အိန္ဒိယပိုင် ချင်းရွာလေးမှာ နွားနောက်သားချက် အတုံးသေးသေးလေးတွေကို ဝေပုံကျနဲ့ မ၀တ၀ညစာစားပြီး ကုလားဘီဒီဆေးလိပ်လေးနဲ့ အရမ်းကို ဇိမ်ယူနေလိုက်တယ်။ သိတ်ကို စိတ်ပေါ့ပါးလွတ်လပ်ပြီး ကြည်နူးနေကြတယ်။ တည်းခိုရာ အိမ်ရှေ့က ကျောက်တုံးကြီးပေါ်မှာ ကဗျာရူး စာရူး ကာတွန်းဂျိုကာနဲ့ ကျနော်တို့၂ယောက် ဖတ်ဖူးတဲ့ စာတို ကဗျာတိုလေးတွေတောင် ရွတ်ပြီး ဘုံရမ် ဆည်းဆာချိန်လေးကို အရသာခံနေသေးတာ။ တခါတခါ လူ့ဘ၀ဟာ အိုင်စတိုင်း အဓိပ္ပါယ်ဖွင့်သလို ရေမရှိတဲ့တွင်းပျက်ကြီးထဲက မျော်လင့်ခြင်းဆိုတဲ့ သစ်ကိုင်းကြီးကိုတွဲလွဲခိုနေရင်း မရဏဆိုတဲ့ ရေတွင်းထဲက ပါးစပ်ဖြဲစောင့်နေတဲ့ သတ္တ၀ါကြီးကိုလည်းမေ့ထားလိုက်၊ ရှင်သန်ခြင်းသစ်ကိုင်းကို ကိုက်ဖျက်နေတဲ့ နေ့နဲ့ ညလို့ နာမည်ပေးထားတဲ့ ကြွက်ဖြူနဲ့ ကြွက်မဲကိုလည်း မေ့ထားလိုက် သစ်ကိုင်းထက်က ယိုစီးကျနေတဲ့ ပျားရည်စက်လေးတွေဆိုတဲ့ ဘ၀ရဲ့ အရသာကိုပဲ လျှာနဲ့ ယက်ပြီး မျက်စိစုံမှိတ် နေလိုက်တာ သောကငြိမ်းပါတယ်။ ကျနော်နဲ့ ဂျိုကာ တို့နှစ်ယောက် အလွတ်ရတဲ့ တော်လှန်ကဗျာ နဲ့ ဒဿနအဆိုအမိန့်တွေ အရူးတွေလိုရွတ်နေလိုက်တယ်။ မကြာခင် ရက်ပိုင်းအတွင်း ကျနော်တို့တောကြီးမျက်မဲထဲ တလနီးပါး ခိုလှုံနေရမယ်၊ ကိုယ့်ရဲဘော်ရဲမေတချို့ မဏိပူစစ်တပ်နဲ့ မြန်မာစစ်တပ်ရဲ့ ညှပ်ပိတ် အဖမ်းခံရမယ် ဆိုတာကို ကျနော်တို့ ကြိုမသိခဲ့ကြဖူး။ ဓားသွားထက်က ပျားရည်စက်တွေနဲ့တူတဲ့ ဒုက္ခရဲ့ညနေခင်းထဲက ကဗျာအလှစာအလှတွေနဲ့ ဒဿနလေးတွေကို တမက်တမောရွတ်ဆိုနေကြတော့တယ်။ ကိုညို။ ၀၆ မတ်လ ၂၀၁၃။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment