ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (၁)


နိဒါန်း

တကယ်တော့ ဒီအမှတ်တရတွေကို ကျနော်ပြန်ရေးကြည့်ချင်တာကြာပြီ။ တခါတလေ ကျနော်ရေးလိုက် တာတွေဟာ အဖွဲ့အစည်းနဲ့ပုဂ္ဂိုလ်ရေး သရော်သလိုဖြစ်နေမလားလို့စဉ်းစားမိပြီး မကြာခဏ ရေးချင်တဲ့ လက်ကို ရုတ်သိမ်းထားခဲ့ရတာပါ။ ကျနော်တို့ဖြတ်သန်းမှုတွေကို အခုလိုအချိန်တွေကြာလာတော့ ပြန်တွေး ကြည့်တဲ့အခါ တချို့အဖြစ်အပျက်တွေက ရီစရာလေးတွေလိုဖြစ်နေတယ်။ တကယ်တော့ အဲဒီအချိန်က ရီစရာဖြစ်တဲ့အခါဖြစ်သလို တခါတလေကျတော့လည်း ရီစရာမဟုတ်ပြန်ဘူး။ ကျနော် ဆယ်တန်းနှစ် လောက်က ဖတ်ခဲ့တဲ့စာအုပ်တွေထဲမှာအကြိုက်ဆုံးက ဘာသာပြန်ဝတ္ထုတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဖတ်ရတဲ့ အပေါစားဝတ္ထုတွေလို လုံးခြားပတ်လည်လိုက်နေတာမဟုတ်ပဲ ကွဲထွက်လာတဲ့ ရေး ဟန်တွေနဲ့ ဇတ်လမ်းဆုံးရင်ဘာဖြစ်မလဲဆိုတာ မှန်းဆလို့မရတာကိုကြိုက်တာ။ နောက်ပြီး စဉ်းစားစရာ ဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ဖြစ်ဖြစ် တစ်ခုခုကျန်ခဲ့တယ်။ မြန်မာဝတ္ထုကောင်းတွေရှိတယ်ဆိုပေမယ့် ရှားတယ်။ စာအုပ်ကိုစပြီးကိုင်ကတည်းက တစ်ခုမဟုတ်တစ်ခု ဘာဖြစ်မယ်ဆိုတာကို ကြိုသိနေတယ်ဆိုရင် အရသာမရှိသလိုခံစားရတယ်။ နောက်ပြီး သဘာဝမကျ၊ ယုတ္တိမရှိတာတွေကိုလည်း သိပ်သဘောမကျ တော့တာပါတာပေါ့။ စဉ်းစားတတ်လာပြီလေ။

နောက်ပြီးတော့ ကျနော်ငယ်ငယ်က ကိုပြာလောင်ကာတွန်း စာအုပ်တွေကြိုက်တယ်။ တင်အောင်နီ ကာတွန်းပေါ့။ အဲဒါကျတော့ တအိမ်လုံး ကျနော့အဖေအမေနဲ့ ညီအကိုမောင်နှမတွေ အားလုံးလိုလို ကြိုက်ကြတာတူတယ်။ ကျနော်စာအုပ်ငှားလာပြီး လုပ်စရာတစ်ခုခုရှိလို့ တင်အောင်နီကာတွန်းကို စားပွဲပေါ် ခဏချထား၊ ပြန်ရောက်တဲ့အခါ စာအုပ်မရှိတော့ဘူး။ လိုက်ရှာရတာလွယ်တယ်။ အိမ်မှာ လိုက်ပြီးနားစွင့် ကြည့်လိုက်။ “ဟင်းဟင်းဟင်း… အဟဲ… အဟားဟား ဟား” ဆိုရင် အဲဒါ အဖိုးကြီးအသံလား၊ အမေလား၊ ညီညီမတွေလားသိပြီ။ ကျနော်တို့ အမြဲလုဖတ်ကြတဲ့ကာတွန်းပါ။ အဲ… ကာတွန်းတင်အောင်နီ ကျနော်တို့မြို့ မှာ လာနေစဉ်က သူ့အိမ်လေးကလမ်းမကြီးဘေးမှာပဲဆိုတော့ ကျနော်တစ်ခါနှစ်ခါ အပြင်ကသွားချောင်း ကြည့်ဖူးတယ်။ သူအကြမ်းဆွဲထားတဲ့ကာတွန်းတွေကို အရောင်ချယ်နေတဲ့ ပိန်ပိန်ပါးပါး အမျိုးသမီးငယ် တစ်ယောက်ကိုအမြဲတမ်းတွေ့ရတယ်။ ပြာလောင်ဇတ်ကောင်နဲ့ ခပ်ဆင်ဆင်တူတဲ့ မျက်မှန်နဲ့ ဦးတင်အောင် နီကိုလည်း တစ်ခါတစ်လေတွေ့ရတယ်။ နောက်ပိုင်း ကျနော့ကြားဖူးတဲ့ ကဗျာဆရာကြီး ဟင်္သာတမောင် နွယ်ထွဋ်တို့၊ အကိုကြီးတွေလိုခင်ရတဲ့ ကိုမောင်မောင်ကြည်နဲ့ ကဗျာဆရာအိမ်ကြူးတို့၊ ရှစ်ဆယ့်ရှစ်အရေး တော်ပုံမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်လာကြတဲ့အမွှာညီအကိုတို့ သူ့ရဲ့ကာတွန်းတွေထဲမှာ ပါလာတာတွေ့တော့ ကျနော်လည်းကာတွန်းထဲရောက်မှာကြောက်ပြီး သူရှိတဲ့နေရာသိပ်မသွားရဲတော့ဘူး။ ကာတွန်းတင်အောင် နီက ဘ၀ကို ဟာသအဖြစ်မြင်ကြည့်တယ်။

အရင်ဆုံး ပြန်ပြီးမိတ်ဆက်ပေးချင်တာက စာအုပ်တစ်ခုထဲမှာ ကာတွန်းတင်အောင်နီရဲ့ဇတ်ကောင်ဖြစ်တဲ့ ကိုပြာလောင်က ကောင်မလေးနဲ့အဆင်မပြေတော့ စိတ်ညစ်ပြီးဘာလုပ်ရမှန်းမသိတာနဲ့ ရုပ်ရှင်သွားကြည့် ပြီး အဲဒီရုပ်ရှင်ကားမပြီးခင်ပြန်ထွက်လာတယ်။ အဲဒီမှာ ပြာလောင်တွေးတာက “ရုပ်ရှင်ထဲမှာ မင်းသားက
မင်းသမီးကို သီချင်းဆိုကခုန်ပြီးလွမ်းနေသည်” တဲ့။ သူကြည့်လာတာကုလားကားလို့မပြောဘူး။ ဖတ်တဲ့လူ က လိုက်စဉ်းစားရတယ်။ နောက်ပြီးတော့ သူစားသောက်ဆိုင်တစ်ခုကိုဝင်ပြီး ဘေးကခပ်ရို့ရို့လေးရပ်နေတဲ့ စားပွဲထိုးကို “ဒီနေ့တော့အမူးကိုသောက်ပစ်မယ်… တောက်” ဆိုပြီး တက်တောင်ခေါက်လိုက်သေးတယ်။ မှာထည့်လိုက်တော့ “ဘီယာတစ်လုံး ဆိုဒါနှစ်လုံး” တဲ့။ စားပွဲထိုးက သူ့ကို အထူးအဆန်းလိုပြန်ကြည့်နေတဲ့ ပုံနဲ့။

အဲ… နောက်ထပ်ကာတွန်းတစ်ခုမှာလည်း သူကရွာတစ်ရွာကိုကျောင်းပိတ်ရက်မှာ ကျောင်းဆရာအနေနဲ့ လုပ်အားပေးသွားတော့ သူတည်းတဲ့အိမ်ရှင်ရဲ့သမီးလေးကို ကြိတ်ပြီးသဘောကျနေတယ်။ ဒါပေမယ့် ကောင်မလေးက သူ့ကိုဆရာလိုတလေးတစားဆက်ဆံနေပြီး သူကြိုက်နေတာကိုမရိပ်မိဘူး။ သူကလည်း မချည်းကပ်ရဲဘူးပေါ့။ ဘာလိုလိုနဲ့ လုပ်အားပေးရက်ပြည့်သွားတော့ ပြန်ရမယ့်နေ့မှာ သူက သူ့ဟာသူ ကြိတ်ပြီးခံစားနေတယ်။ အဲဒီအချိန်မှာ အိမ်ရှင်အဖိုးကြီးက သူ့ကိုမေးတယ် “ဘာလိုလိုနဲ့ ဆရာလေးလည်း မနက်ဖြန်ပြန်ရတော့မယ်နော်” တဲ့။ အဲဒါ ငိုချင်ရက်လက်တို့ဖြစ်သွားတဲ့ပြာလောင်က ရုပ်ရှင်မင်းသား ကျော်ဟိန်းအိုက်တင်လေးနဲ့ “ကျနော်… လာတုန်းကလည်းတစ်ယောက်တည်း။ ပြန်တော့လည်းတစ် ယောက်တည်း ပြန်ရတော့မှာပါဦးရယ်” လို့ပြန်ပြောတယ်။ အဲဒါကို အဖိုးကြီးစဉ်းစားပြီး တစ်စုံတခုသဘောပေါက်သွားတဲ့ပုံနဲ့ ဒီအတွေးစာတမ်းလေးကို အဖိုးကြီးခေါင်းပေါ်မှာ ထည့်ပေးထားတယ်။ “ယပ်တောင်ထဲက စာသားတွေပါလားတဲ့”။ တွေးကြည့်လေ ရီရလေပါ။ လူ့ဘ၀ထဲက ကိုယ့်ရို့ကားယားဖြစ် နေတဲ့ ရီစရာ၊ သရော်စရာ ဟာသလေးတွေကို ကျနော်တို့ ဘ၀အမောပြေ ရီစရာမောစရာတွေအဖြစ် ဖန်တည်းထားခဲ့တဲ့ဦးတင်အောင်နီကို တကယ်ကြေးဇူးတင်ရမှာပါ။ ကာတွန်းတင်အောင်နီရဲ့ ကာတွန်းတွေ အပြင် တစ်ခြားကာတွန်းလေးတွေကိုလည်း ကြိုက်တာတွေရှိပါတယ်။ ဇ၀နဥာဏ်ရှိတဲ့သူတွေက ကျနော်တို့ ကို တခါတလေ မွန်းကြပ်မှုတွေထဲက ဆွဲခေါ်ထုတ်သွားကြလေ့ရှိတယ်။ ကျနော်တို့လည်း မွန်းကြပ်မှုတွေကို မေ့၊ စိတ်ပြောင်းသွားပြီး ရယ်ကြမောကြရပါတယ်။ ရယ်သောသူအသက်ရှည်၏တဲ့။

ကျနော့ရဲ့အညတရတော်လှန်ရေးသမားဘ၀ ကိုယ်တွေ့ဖြတ်သန်းမှုတွေအပြင် ကြုံခဲ့၊ ကြားခဲ့တဲ့ ဘ၀တွေ၊ ပေးဆပ်မှုတွေနဲ့ ဟာသလေးတွေကို အမှတ်တရဝေငှလိုတဲ့ဆန္ဒနဲ့ ကျနော်ဖော်ပြနှိုင်စွမ်းရှိသလောက် ကြိုးစားမှုကို ဖတ်ရှုခံစားပေးကြတာကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျနော့ရဲ့ အရေးအသားချို့ယွင်း အားနည်းချက်ကြောင့် လိုအပ်ချက်များ၊ ထိခိုက်မှုများ တစ်စုံတစ်ရာခံစားမိပါက အနူးအညွတ်တောင်းပန် အပ်ပါတယ်။

ဝေဖန်အကြံပြုမှုအားလုံးကိုကြိုဆိုလျှက်။


ရဲဘော်မြတ်

xxxxx



ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ


မိတ်ဆက်

ဘယ်သူကမှအတင်းခေါ်တာလည်းမဟုတ်၊ ကိုယ့်အတွေးနဲ့ကိုယ်လာကြတဲ့ခရီး။ ဒီလမ်းခရီးရှည်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ကြုံခဲ့တွေ့ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အကာကွယ်ပေးကြ တယ်။ တစ်ယောက်ကိုတစ်ယောက်ဖေးကူကြတယ်။ အပြုံးတွေနဲ့ ကြံ့ကြံ့ခံပြီးရင်ဆိုင်ကြတယ်။ နွေး ထွေး လုံခြုံမှုတွေအပြည့်နဲ့ပေါ့။ အခုတော့ တစ်ချို့လည်းကျနော်တို့ကိုခွဲထားရစ်ခဲ့ကြပြီ။ မြန်မာနိုင်ငံထဲ မှာ ကျန်ခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းတစ်ချို့တောင် မရှိကြတော့ပြီဘဲလေ။ ၂၄ နှစ်ကျော်ကာလထဲမှာ အဆိုးအကောင်း အပြောင်းအလဲတွေအများကြီး။ ရှေ့ဆက်ပြီးကောင်းမှာလား၊ ပိုဆိုးမှာလားဆိုတာလဲ ဇဝေဇ၀ါ။ ကောင်းလာပါစေတော့လို့သာ မျက်စေ့မှိတ်ပြီးယုံကြည်ပစ်လိုက်ချင်တော့တာပါဘဲ။

-       ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်
-       ငါတို့သည် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားသော သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
-       ငါတို့သည် ဒီမိုကရေစီတိုက်ပွဲတွင် အထက်မှပေးအပ်သောတာဝန်နှင့် ၀တ္တရားများကို ကြေပြွန် စွာ ထမ်းဆောင်ပါမည်။
-       ငါတို့သည် ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ အသက်စွန့်တိုက်ပွဲဝင်သွားရန် သစ္စာအဓိဌာန်ပြုပါသည်။

ကျနော်တို့ တောတွင်းရောက်လူငယ်ကျောင်းသားတွေရဲ့ဘ၀က ခက်ခဲကြမ်းတမ်းတယ်။ တကယ်တော့ တောဆိုတာ အပြင်ကလှမ်းကြည့်ရင်လှပသလောက် သဘောသဘာဝအရရိုင်းပါတယ်။ သို့သော်လည်း ရိုးစင်းတယ်။ ဒီရိုးစင်တဲ့ဖြူစင်မှုလေးတွေကို ကျနော်တို့တန်ဖိုးထားတတ်သွားကြတယ်။ ကျနော်တို့ရဲ့ အိပ်မက်တွေအတိုင်း အားလုံးကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် လက်တွေ့အကောင်အထည် ဖော်ကြတယ်။ ကောင်းအတူဆိုးအတူ ဖြတ်သန်းကြတယ်။ လူငယ်ကျောင်းသားတွေက အမာခံအများစုဖြစ်တော့ အလုပ် အရအကောင်အထည်ဖော်ကြတဲ့အချိန်မှာ မှန်တာတွေရှိသလို မှားတာတွေလည်းရှိမှာဘဲ။ တူတာတွေရှိ သလို မတူတာတွေလည်းရှိတယ်။ ဒေါသတကြီး တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ခဲ့ကြတယ်။ ညှိနှိုင်း လို့ရတာတွေရှိသလို ညှိနှိုင်းမရနှိုင်ဘဲကွဲခဲ့ကြတာလည်းရှိတယ်။ ကျနော်တို့အချိန်အပိုင်းအခြားအရ တွက် ကြည့်မယ်ဆိုရင် ဆယ်စုနှစ်နှစ်ခုကျော်ဆိုတဲ့ကာလဆိုတာ သာမန်လူတစ်ယောက်အတွက် သူ့ရဲ့ဘ၀မှာ တစ်စုံတစ်ရာအပြောင်းအလည်းဖြစ်နှိုင်လောက်တဲ့ ကာလအတိုင်းအတာပေါ့။ ခေတ်အဆက်ဆက် ကျောင်းသားနိုင်ငံရေးအကျဉ်းသားကြီးတွေ အမည်ပေးပြီးခေါ်ခဲ့ကြသလို နရသိန်အကျဉ်းထောင်ဆိုတာဟာ ဘ၀တက္ကသိုလ်ဆိုရင် ကျနော်တို့လည်း ကျနော်တို့ရောက်ခဲ့ကြတဲ့ လက်နက်ကိုင်တော်လှန်ရေးမြေက ကျနော်တို့အားလုံးရဲ့ ဘ၀တက္ကသိုလ်ကြီးပါဘဲ။  

ကျနော်တို့တောခိုကျောင်းသားအားလုံးတူတာရှိတယ် အဲဒါက ကျနော်တို့အားလုံးပုံစံမျိုးစုံနဲ့ ပေးဆပ်ခဲ့ကြ တယ်။ တစ်ချို့သူတွေလည်း ဆက်ပြီးပေးဆပ်နေကြဆဲ။ ကျနော်တို့ချစ်တဲ့ တိုင်းရင်းသားပေါင်းစုံလူထုနဲ့ အမိမြေရဲ့အနာဂတ်အတွက် အဲဒီလိုပေးဆပ်ခဲ့ရတာတွေအတွက်လည်း ကျနော်တို့အားလုံးက ကျေနပ်နေ ကြတာပါဘဲ။


နိမိတ်

၁၉၈၃-၈၄ စာသင်နှစ်၊ ကျနော်ဆယ်တန်းတစ်နှစ်ကျပြီး နောက်တစ်နှစ်စာမေးပွဲဖြေခါနီး အမေ့ရဲ့ အမကြီး အထက်တန်းပြဆရာမက ကျနော့ဝမ်းကွဲညီဖြစ်တဲ့ သူ့သားနဲ့ အစိုးရစစ်စာမေးပွဲမစခင် တစ်လ လောက် သူတို့အိမ်မှာလာနေပြီး စာအတူကျက်ဖို့ အကူအညီတောင်းတယ်။ ကျနော်က အရင်နှစ်က စာမေးပွဲအမှတ်တွေ တောင်းကြည့်တော့ ဓာတု-ရူပ ဘာသာရပ်မှာ အမှတ်မပြည့်လို့ စာမေးပွဲကျတာဆို တော့ ကျနော် နောက်တစ်နှစ် အဲဒီဘာသာကို အရမ်းကိုကြိုးစားထားတယ်။ ကျနော့အဖိုးရဲ့ကောင်းမှုနဲ့ ကျူရှင်ပါယူလိုက်သေးတယ်။ အဲဒီအချိန်က ရူပဗေဒသင်ခန်းစာတစ်ချို့ကို ကျောင်းသားချင်း ဆရာပြန် လုပ်လို့ ရလောက်အောင်ကျွမ်းကျင်လာတယ်။ ကျနော် ဓာတု-ရူပ ဂုဏ်ထူးနဲ့ စာမေးပွဲအောင်တဲ့အချိန် ကျနော့ညီဝမ်းကွဲလည်း နှစ်ချင်းပေါက်အောင်တယ်။ ကျနော့အဒေါ်တို့မိသားစုက ကျေးဇူးတင်တဲ့အနေ နဲ့ သူတို့ရဲ့အထက်အညာဘုရားဖူးခရီးမှာ ကျနော့ကိုစားရိတ်ခံပြီးခေါ်သွားကြတော့ လိုက်သွားဖြစ် တယ်။ စစ်ကိုင်း၊ မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင် ဒေသတွေကိုရောက်ခဲ့တယ်။ မန္တလေးမဟာမြတ်မုနိ ဘုရား ကြီးမှာ မျက်နှာတော်ကိုဖူးမြှော်ရင်း ထမင်းမေ့ဟင်းမေ့တောင် ဖြစ်ရသေးတယ်။

အဲ.. ခရီးစဉ်ရဲ့အစပိုင်း စစ်ကိုင်းဘက်က သူခိုးကြီးငတက်ပြားတည်ထားခဲ့တယ်ဆိုတဲ့ မရှိခဏစေတီရှေ့ က ငှက်ပျောပွဲအုန်းပွဲနဲ့ထားတဲ့ အသက်ဝင်နေတယ်လို့ရွာနီးချုပ်စပ်ကယုံကြည်တဲ့ ဘုရားရှေ့က ဆင် ရုပ်ထုကြီးနှစ်ခုထဲက တစ်ခုကလည်းစိတ်ဝင်စားစရာ။ သူတို့အပြောအရ ဓားပြအဖွဲ့တစ်ခုက ရွာကို ဓားပြတိုက်မလို့လာတော့ အဲဒီဓားပြတွေကို ဆင်တစ်ကောင်ကလိုက်နင်းပြီး အစွယ်နဲ့ထိုးပြီး သတ်ပစ် လိုက်တယ်တဲ့။ ရွာသားတွေက ဆင်သံလူသံတွေဆူညံနေလို့ထွက်မကြည့်ရဲဘူး။ နောက်တစ်နေ့ မနက် ကျမှ သွားကြည့်ကြတော့ လက်နက်ကိုင်လူတစ်ချို့ ဆင်နင်းခံရ၊ အစွယ်နဲ့အထိုးခံရပြီး သေနေတာ တွေ့ရတယ်တဲ့။ အဲဒီဆင်ရုပ်ထုကြီးတစ်ခုရဲ့အစွယ်မှာလည်း သွေးတွေပေကျံနေတာတွေ့ရတယ်ပြောကြ တယ်။ အဲဒီအချိန်ကတည်းက ရွာနီးချုပ်စပ်ကလူတွေက အဲဒီဆင်ကြီးကို ကန်တော့ပွဲပေးပြီး ယုံယုံ ကြည်ကြည် ပသထားကြတယ်တဲ့။

စစ်ကိုင်းကောင်းမှုတော်ဘုရားကိုရောက်တော့ ဘုရားဖူးပြီးလှည့်ပတ်ကြည့်ကြရင်း ငါးကန်တစ်ခုဘေး ကို ရောက်သွားကြတယ်။ ကန်စောင်းမှာ အမေအိုကြီးတစ်ယောက်က ငါးစာရောင်းနေတယ်။ သူက လာလာလာလာနဲ့ခေါ်ရင် ငါးကြီးတွေက ရေထဲကနေ လှမ်းပစ်လိုက်တဲ့အစာတွေကို ခုန်ဟပ်ကြတယ်။ ကျနော်အနားဝန်းကျင်က သင်ပုန်းပေါ်မှာရေးထားတဲ့ ဒီရေကန်ရဲ့ထူးခြားချက်တွေကို စိတ်ဝင် စားသွား တယ်။ သိကြားမင်းရဲ့နတ်ရေကန်ဆိုပဲ။ ကန်ဘောင်တစ်လျှောက်မှာ သစ်ပင်တွေအုံ့ဆိုင်းနေပေမယ့် ကန်ရေဟာ အမှိုက်သရိုက်အမြဲကင်းနေတယ်တဲ့။ နောက်ပြန်ငဲ့ပြီးကြည့်တော့.. ဟုတ်တယ်။ ရေထဲမှာ သစ်ရွက်တစ်ရွက်တောင်မရှိဘူး။ ကန်ရေရဲ့အရောင်ဟာ အမြဲတမ်းကြည်ပြီးစိမ်းနေတယ်တဲ့။ အဲဒီလို မဟုတ်ပဲ ကန်ရေဟာရွှံ့ရောင်လိုနောက်ကျိနေမယ်ဆိုရင် တိုင်းပြည်အတွက်အတိတ်နိမိတ်မကောင်း ဘူး။ မကြာခင်မှာဖြစ်လာမယ့်နိမိတ်ဆိုးကိုပြတာတဲ့။ စစ်ပွဲတွေ၊ မင်းပြောင်းမင်းလွှဲတွေ၊ တိုင်းပြည်ပျက် တာတွေ ဖြစ်တတ်တယ်လို့ဆိုထားတယ်။ ကျနော် အမေအိုဆီကိုပြန်လျှောက်သွားပြီး သိကြားမင်းနတ် ရေကန်ရဲ့ထူးခြားချက်တွေကိုမေးကြည့်ရင်း “အမေ… အခုရေကန်က ရွှံ့နှစ်ရောင်လိုနောက်ကျိနေတာ ဆိုတော့ နိမိတ်မကောင်းဘူးပေါ့၊ ဟုတ်လား” အမေအိုက ကျနော့မျက်နှာကိုကြောက်လန့်တကြား ပြန်ကြည့်ရင်းက “သားလေးရယ်။ အမေတို့ ဂျပန်ခေတ်တုန်းက လေယာဉ်နဲ့ဗုံးကြဲခံကြရတယ်။ လူတွေ သေလိုက်တာ… အနိဌာရုံသက်သက်ပါဘဲ။ မပြောပါနဲ့တော့” တဲ့။ ကျနော် အမေအိုအနားက အတွေး တစ်စနဲ့ ထွက်လာခဲ့တယ်။  


အပေါင်းအသင်းများ

ကျနော်က မြို့ပေါ်မှာလူတိုင်းလိုလိုနဲ့ ခင်မင်အောင်ပေါင်းတယ်။ ဆင်းရဲချမ်းသာအဆင့်အတန်းနဲ့ လူမျိုး ဘာသာမရွေးပေါ့။ တစ်ရုံးရုံးလုပ်နေတာမျိုးမဟုတ်ပေမယ့် ကျနော့မှာမိတ်ဆွေပေါတယ်။ အဲဒီ မိတ်ဆွေ အပေါင်းအသင်းတွေထဲမှာ တစ်မြို့လုံးကရှောင်ရတဲ့ ရဲစခန်းမှာလူဆိုးစာရင်းဝင် လက်သံပြောင်တဲ့ သူငယ်ချင်းတွေလည်းပါတယ်။ ထစ်ကနဲရှိ သူတို့ကချကြတာချည့်ဘဲ။

ပထမတစ်ယောက်က မျိုးအောင်တဲ့ သူ့ဆရာကလည်းလူဆိုးစာရင်းဝင်ထဲမှာရှိတယ်။ သူကခဏခဏ ရန်ဖြစ်လွန်းတော့ ကျနော်ပေါင်းရတာခက်လာတယ်။ ကျနော်က ရန်သူထက် မိတ်ဆွေများချင်တဲ့ ကောင်။ နောက်ဆုံး ကျနော့အရင်းနှီးဆုံးလူတွေနဲ့ပါ ဒီကောင်ရန်ဖြစ်တယ်။ ကျနော်လည်း အဲဒီအချိန် ကအထိ တပ်မတော်ရဲ့သဘောထားမှန်တွေကို နားလည်သဘောမပေါက်သေးတဲ့အတွက် သူ့ကို မင်းကွာ… ဒီလောက်တောင်ချချင်ရင် လမ်းပေါ်မှာရန်ဖြစ်ပြီး အချုပ်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်မနေ နဲ့ မင်းကိုဘယ်သူမှလည်း လေးစားမှာမဟုတ်ဘူး၊ အဓိပ္ပါယ်လည်းမရှိဘူး။ တိုင်းပြည်ကာကွယ်ဖို့ စစ်ထဲ ၀င်လို့ပြောထဲ့လိုက်တယ်။ သူတကယ်ပဲ စစ်သားစုဆောင်းရေးကနေတစ်ဆင့်စစ်တပ်ထဲဝင်သွားတယ်။ ပူပူနွေးနွေး ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီး အနှိမ်နင်းခံရပြီးကာစအချိန်လေးမှာဘဲ သူပြန်ရောက်လာ တယ်။ အိမ်ရှေ့မှာ စစ်ယူနီဖောင်းအပြည့်အစုံနဲ့ လည်ပင်းမှာလည်း လည်ပတ်နီစည်းလို့။ ကျနော်နဲ့ အကြီးအကျယ်စကားများပြီးပြန်သွားတာ အခုအထိ ပြန်မတွေ့တော့ဘူး။ “တွေ့လား သူ… တပ်မတော် ရဲ့ သဘောထားမှန်ကို သဘောပေါက်သွားပြီ” ဆိုတဲ့စကားက နောက်ပိုင်း ကျနော်တို့ကြားမှာ လက်သုံး စကားဖြစ်လာတယ်။

နောက်တစ်ယောက်က ကိုတင်ထွန်းတဲ့။ သူကလည်း မျိုးအောင်လိုဘဲ။ ဒါပေမယ့် သူကတစ်မျိုး။ သူနဲ့ ပေါင်းတဲ့ သူငယ်ချင်းတွေက သူများတွေကိုရန်စပြီး ဖြစ်လိုက်တိုင်း သူက၀င်ပါရင်း ထိုးတာကြိတ်တာ တွေဖြစ်တာ။ သူကျနော့အိမ်ကို ညနေစောင်းလောက် လာလာခေါ်တယ်။ “ယောက်ဖ။ အရက်သွား သောက်ရအောင်” တဲ့။ ကျနော်တို့ မြို့အစွန်ကရေခဲစိမ်ဆေးအရက်ဆိုင်မှာ သွားထိုင်တာများတယ်။ အဲဒီလမ်းထိပ်မှာ မူဆလင်အမျိုးသမီးတစ်ယောက်ရောင်းတဲ့ ပဲသုတ်ကိုဝင်ပြီးဝယ်မယ်… အရက်ဆိုင် ထဲမှာ ဆေးစိမ်အရက်တစ်လုံးခွဲလောက် စကားတစ်ပြောပြောနဲ့ချမယ်။ အဲဒါဆို ကျနော်တို့နှစ်ယောက် ရေချိန်ကိုက်ပြီ။ ကျနော်တို့မြို့ကလမ်းတွေကကျယ်တယ်။ အဲဒီလမ်းကျယ်တွေပေါ်မှာ ကျနော်တို့ နှစ်ယောက်ထဲ ပုခုံးဖက်ပြီး လမ်းဟိုဘက်ရောက်သွားလိုက်၊ ဒီဘက်ကို ယိုင်ထိုးယိုင်ထိုးပြန်ရောက် လာ လိုက်နဲ့ လမ်းပြည့်နေအောင်လျှောက်ပြီး အရက်ဆိုင်ကနေ အိမ်ပြန်ကြတယ်။

လမ်းရောက်တော့ သူက သူ့ဝသီအတိုင်း “မိုက်တဲ့ကောင်ထွက်ခဲ့” ဆိုပြီး စိမ်ခေါ်ပါလေရော။ ကျနော်သူ့ ကို အသာမျက်စေ့စောင်းပြီးကြည့်လိုက်တယ်။ နဲနဲတော့မှန်နေပြီ...။ အနားဝန်းကျင်က ရပ်ကွက်သား တွေလည်း နဲနဲတော့လှုပ်လှုပ်ရှားရှားဖြစ်သွားကြတာ သတိထားမိတယ်။ အဲဒီတော့ကျနော်ကလည်း နောက်ကနေအားကျမခံ “ကျန်တဲ့ကောင်နဲ့ ငါနဲ့ချမယ်” လို့ဝင်အော်လိုက်တယ်။ သူက တုံ့ကနဲဖြစ်သွား ပြီး ကျနော့ကိုလိုက်ကြည့်တယ်။ ကျနော်က မသိချင်ယောင်ဆောင်နေတယ်။ အဲဒီအခါကျတော့ သူက “ဆယ်နှစ်အောက်၊ ဒုတ်ဓားမပါ” တဲ့။ သူကျနော်နဲ့ အဲဒီလိုပျော်ပျော်နေရတာသဘောကျလာတယ်။ နောက်ပိုင်း ကျနော်တို့ တစ်တွဲတွဲလောက်ကို ပေါင်းဖြစ်တယ်။ ကျနော်အိမ်ကထွက်လာပြီးတဲ့နောက် ပိုင်း ကျနော့ညီညီမတွေကို လူတွေက ခပ်ဖယ်ဖယ်နေကြပေမယ့် သူကအမြဲလိုလို ကျနော့သတင်းဘာ ကြားသေးလဲဆိုပြီး လာမေးဖော်ရတဲ့ လူနည်းစုထဲကတစ်ယောက်ပေါ့။

ကျနော့အိမ်ရှေ့မှာ အသက် ၅၀ လောက်ရှိတဲ့ ကရင်ဦးလေးကြီးတစ်ယောက်နေတယ်။ သူက စကား နည်းသလို အေးအေးဆေးဆေးသမား။ သူ့အမေ အသက် ၈၀ နီးပါးအဖွားကြီးကို လုပ်ကြွေးပြုစုနေတဲ့ သူ။ ၁၉၈၈ ခုနှစ် စစ်အာဏာမသိမ်းခင်လေးမှာဘဲ ကျနော်အိမ်ရှေ့မှာထွက်ထိုင်နေတဲ့အချိန် သူရောက် လာတယ်။ ကျနော့ကို သူ့မှာရှိတဲ့အဆောင်ဖြစ်တဲ့ ၀က်မာန်စွယ်ကို အကာအကွယ်အနေနဲ့ ဆောင်ထား ဖို့ လက်ထဲကိုထိုးထည့်ပေးရင်း “ဦးသိတယ်။ တူလေးက တက်တက်ကြွကြွလုပ်နေကြတာဆိုတော့ ဒါကိုလိုမယ်။ ဦးကတော့အသက်ကြီးပြီ။ ဒါတွေမလိုတော့ပါဘူး။ ယုံယုံကြည်ကြည်ဆောင်ထားပါ” လို့ ပြောတယ်။ ကျနော်လည်း ယုံတာမယုံတာအပထား၊ သူ့စေတနာကိုအသိအမှတ်ပြုတဲ့အနေနဲ့ လက်ခံ ယူရင်း ကျေးဇူးစကားပြောရတယ်။


ကျနော့အိမ်နီးချင်းတွေထဲမှာ ရပ်ကွက်ထဲကဘယ်သူနဲ့မှမပေါင်းဘဲ ခပ်ကင်းကင်းနေတတ်တဲ့သူတွေ ဖြစ်တဲ့ အသက် ၆၀ ကျော် အဖိုးကြီးတစ်ယောက်နဲ့ ဖာသိဖာသာနေတတ်တဲ့ အမေညွန့်ဆိုတဲ့ အဖွား ကြီး တစ်ယောက်ရှိတယ်။ သူတို့ကျနော့ကိုခင်ကြတယ်။ အိမ်ရှေ့ကဖြတ်လျှောက်သွားတဲ့ ကျနော့ကို အမြဲလှမ်းခေါ်၊ ရေနွေးကြမ်းနဲ့စားစရာတစ်ခုခုကြွေးပြီး နိုင်ငံရေးအခြေအနေမေးတာ၊ စကားစမည်ပြော တာတွေ လုပ်လေ့ရှိတယ်။ ဒါ့ကြောင့် ကျနော့အဖေက “နေစမ်းပါဦး၊ မြို့ထဲက လူမိုက်တွေ၊ ရပ်ကွက်ထဲ က ဘယ်သူနဲ့မှမပေါင်းတဲ့ လူထူးဆန်းတွေအားလုံးက မင်းကိုအတော်ချစ်ကြပါလား။ ငါ့များတော့ လမ်း မှာတွေ့တာတောင် မေးထူးခေါ်ပြောလုပ်ကြတာမဟုတ်ဘူး။ ဟေ့ကောင် ငမြတ်။ မင်းက ဘယ်လိုလူ စားမျိုးလဲ” လို့ ပြောခဲ့ဖူးတာ။    


၈၈၈၈ အရေးတော်ပုံ

“ဟေ့ကောင်။ ကိုကို ထတော့လေ။ ရန်ကုန်မှာ ပစ်ကုန်ပြီတဲ့။ ကျောင်းသားတွေသေတယ်ကြားတယ်။ ဒီကောင်တွေကွာ။ မိုက်ရိုင်းလိုက်တာ…” ဆိုတဲ့ ကျနော့ညီရဲ့ ဒေါသသံ တုံတုံရီရီကြားမှာ လန့်နိုးလာ တယ်။ ကျနော်လည်း ဟေ.. ဟုတ်လားဆိုပြီး ကုတင်ပေါ်က ချက်ချင်းထထိုင်လိုက်တယ်။ ဒါက ဒုတိယ နှစ် ကောလိပ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကျနော့ကို ယောင်ဝါးဝါးအနာဂတ်အိပ်မက်တွေထဲက ရိုးရိုးလှုပ်နှိုးယုံတွင်မဟုတ်ဘူး ဆွဲခါပြီးတော့ကိုနှိုးပစ်လိုက်တဲ့ ဇတ်လမ်းအစ။ အဲဒါ ၁၉၈၈ ခုနှစ်။ တရား မျှတမှုကိုတောင်းဆိုနေကြတဲ့ကျောင်းသားတွေကို ကျနော်မမှီခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး နောက်ပိုင်း နှစ်တွေအတော်ခြားသွားပြီဖြစ်တဲ့ အဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းဆိုးတွေ အပြီး ကျနော်တို့ခေတ်မှာတစ်ကျော့ပြန်လာတဲ့ ပထမဆုံးကျောင်းသားသွေးမြေကျမှု။ ရန်ကုန်နဲ့ဝေးတဲ့ နယ်မြို့လေးက ကျောင်းသားလေးကျနော် တောက်လျှောက်ပါသွားတော့တယ်။

ရန်ကုန်ကျောင်းတော်သားတွေရဲ့တိုက်ပွဲခေါ်သံကို နိုင်ငံတကာရေဒီယိုသတင်းတွေက ကြားရတယ်။ တစ်နိုင်ငံလုံး( မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ(မဆ လ) ကို ဆန္ဒပြကြပါတဲ့။ သဘောတူတယ်။ တစ်ပါတီအစိုးရခေါင်းဆောင်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံးစာရင်းထဲဝင်နေတဲ့အချိန် တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်လာတယ်။ တစ်နိုင်ငံလုံး အထက်အောက်ချစားမှုတွေကို တွေ့ နေရတယ်။ မရှိဆင်းရဲသားတွေ ငတ်ပြီးစားစရာမရှိအောင်ဖြစ်လာတယ်။ ငွေစက္ကူတွေကိုလည်း ထုတ် ချင်သလိုထုတ်၊ ဖျက်ချင်သလိုဖျက်။ အလျော်ပြန်ပေးတာမျိုးလည်းမရှိဘူး။ ထန်းလျက်ကို မျိုးချန်ပြီး၊ ကျန်တာအကုန်စိုက်ခိုင်းတဲ့ စိုက်ပျိုးရေးဝန်ကြီးလိုမျိုးနဲ့ စခန်းသွားနေကြရတဲ့ဒီလူထုလည်း မွဲပြာကျရုံ က လွဲပြီး ဘာမှဖြစ်လာစရာမရှိတော့ဘူး။ ဒီစံနစ်က အတုအယောင်စံနစ်ဖြစ်နေပြီ။

ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်နေ့မှာ ကိုယ့်မြို့နယ်နဲ့ကိုယ် လူထုဆန္ဒပြပွဲ ဖြစ်အောင်လုပ်ကြရတယ်။  နောက်တစ်ရက်မှာ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့တူ၊ အရင် ဖဆပလခေတ်ဝန်ကြီး မန်းဘဆိုင်ရဲ့သား ဒေါက်တာမြင့်ဆိုင်ဦးဆောင်တဲ့ မြို့နယ်သပိတ်ကော်မတီပေါ်လာတယ်။ နောက်ပိုင်း ကျောင်းသားသမဂ္ဂတွေပြန်ဖွဲ့ပြီး ကျောင်းတွေမှာသပိတ်စခန်းဖွဲ့ကြတယ်။ ကျနော်လည်း ကျောင်းသား တစ်ယောက်ဖြစ်တာမို့ ကျောင်းသားသမဂ္ဂမှာပါတယ်။ မတရားမှုတွေကို မကြိုက်ကြတာခြင်းတူလို့ စု စည်းပြီးတိုက်ကြတာ။

သပိတ်ကာလအတွင်းမှာ ကျနော်က သပိတ်စခန်းမှာညအိပ်ညနေနေတာများတယ်။ အဲဒီအချိန်က ကျောင်းသူတွေတောင် ညအိပ်နေပြီး တိုင်းကျိုးပြည်ကျိုးကို ထမင်းမေ့ဟင်းမေ့လုပ်ကြတယ်။ တစ်ခါ တစ်လေ ညဘက်အခန်းကျယ်ကြီးတွေထဲမှာစုပြီးအိပ်ကြရတယ်။ ဖောက်ပြန်ဖို့… စဉ်းတောင် မစဉ်းစား ဘူး။ အဲဒီလိုပြဿနာလည်း လုံးဝမရှိခဲ့ဘူး။

ဗိုလ်ချုပ်နေ၀င်းက သူ့ပါတီအထက်ပိုင်းကလူတွေပါဆွဲခေါ် တိုင်းပြည်ကို “သေနတ်ဆိုတာ မိုးပေါ် ထောင်မပစ်ဘူး။ ပစ်ရင်တည့်တည့်ပစ်တယ်။ နောက်နောင်ဆူဆူပူပူလုပ်မယ်ဆိုရင် သတိထားကြ ပေတော့” လို့ ကြိမ်းမောင်းစိန်ခေါ်ရင်း ဆင်းသွားတယ်။ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာတယ်။ ဗြုံး ကနဲချက်ချင်း လေပြော့လေးနဲ့ အသံပြောင်းသွားတော့ နိုင်ငံအနှံ့ လမ်းပေါ်ကဆန္ဒပြလူထုက မယုံတော့ဘူး။ ဘာတဲ့ “ပြည်သူလူထုကြီးက စိတ်မရှည်နှိုင်ကြတော့ဘူးလား…။ ဆန္ဒတွေလည်း မစောကြပါနဲ့။ အိမ်ထဲမှာ ကျန်ခဲ့ကြတဲ့ အိမ်ထောင်ရှင်မတွေရဲ့ ဆန္ဒတွေကိုလည်း သိပရစေဦး..” ဘာညာနဲ့ ဒေါက်တာမောင်မောင်က မိန့်ခွန်းချွေတော့ အိမ်ထောင်ရှင်မသမဂ္ဂတွင်မက အလှဖန်တီးရှင်များသမဂ္ဂတွေအထိ လမ်းပေါ်ထွက်ဆန္ဒပြ လိုက်ကြတာ ပွဲစည်သွားတော့တယ်။ လူတွေအားလုံးက ၂၇ နှစ်လောက် ဒုက္ခပေးလာခဲ့တဲ့ မဆလတစ်ပါတီ စနစ် တော်ပါတော့လို့ပြောနေတာမဟုတ်လား။ ဒီမိုကရေစီပေးပါတော့လို့လည်း တောင်းဆိုနေကြပြီလေ။ 

တစ်ရက် သပိတ်အဖွဲ့ထဲက လမ်းမှာသပိတ်မှောက်ဆန္ဒပြတဲ့လူတွေကို အဆိပ်ခတ်ဖို့လုပ်နေတယ်ဆိုပြီး အသက် ၃၀ ကျော် အမျိုးသမီးနှစ်ယောက်ကို ကျောင်းသားသမဂ္ဂကို လာအပ်သွားတယ်။ အဲဒီအမျိုးသမီး တွေကို စစ်ဆေးဖို့အဓိက တာဝန်ယူရတာက ကိုသန်းနိုင်တို့ လုံခြုံရေးဌာနက။ သူတို့ကို စစ်ဆေးနေတော့ အနားမှာ သွားနားထောင်ကြည့်တယ်။ သူတို့ ဘ၀အကြောင်းတွေကို လျှောက်ပြောနေပြီး တစ်ယောက်က တော့ မဆလလူကြီးတစ်ယောက်က သူ့ကိုငွေပေးပြီးခိုင်းခဲ့တယ်လို့ပြောတယ်။ နောက်တစ်ခါပြောတော့ နောက်တစ်မျိုးဖြစ်ပြန်ရော။ ကျနော်တို့လည်းမျက်စေ့တွေလည်ကုန်တယ်။ အမှန်တိုင်းပြောရရင် သူတို့ကို ကြည့်ရတာ ပုံမှန်မဟုတ်ဖူး။ စိတ်မမှန်သလို ယောက်ယက်ခတ်ပြီး ပြောနေတာမျိုးတွေ။ နောက်ဆုံးကျနော် က လုံခြုံရေးက သူငယ်ချင်းတွေကို တို့တွေဘာဆက်လုပ်မှာလဲ။ သူတို့ကို ပြန်လွှတ်ပေးရင်ပေး ဒါမှမဟုတ် သူတို့လုံခြုံရေးအတွက် စိတ်ချရမယ့် အဖွဲ့အစည်းတစ်ခုခုကို အပ်ပေးရင်ကောင်းမယ်လို့ အကြံပေးခဲ့တယ်။ ဒီကြားထဲ ဘုန်းကြီးတစ်ပါးက ဓားကိုင်ထားတဲ့သပိတ်အဖွဲ့ဝင်နှစ်ယောက်သုံးယောက်နဲ့ ဘယ်မလဲ အဲဒီ ကောင်မတွေ ငါတို့သပိတ်အဖွဲ့ကိုအပ်ဆိုပြီး လာတောင်းနေလို့ ကြည့်လိုက်တော့ သူတို့က စစ်ဆေးမယ်ဆို ရင် ခုနအမျိုးသမီးတွေ အသက်အန္တရာယ်ကိုမြင်ပြီး မပေးနှိုင်ဘူးလို့ ခေါင်းမာမာနဲ့ ၀ိုင်းငြင်းကြရသေးတယ်။ သူတို့မကြေမနပ်နဲ့ ပြန်သွားကြတယ်။ နောက်ပိုင်း အဲဒီအမျိုးသမီးနှစ်ယောက်စလုံးကို မြို့နယ်ကျောင်းသား သမဂ္ဂက ရဲဌာနကိုပဲ အပ်ပေးပြီး အခြေအနေမေးပြီး ပြန်လွှတ်သင့်ရင် ပြန်လွှတ်ပေးလိုက်ဖို့ လွှဲလိုက်တယ်။ ဟုတ်တယ်လေ ကိုယ်မှနားမလည်ပဲ။ သေလည်း မသေခြာဘူး။

အဲဒီလုံခြုံရေးဌာနက ကိုသန်းနိုင်တစ်ယောက် အန္ဒိယနယ်စပ်ဖက်က ABSDF အနောက်ပိုင်းကို တောခိုသွား ပြီး ကျန်းမာရေးကြောင့် စခန်းမှာ ကျဆုံးခဲ့တယ်လို့ သိရတယ်။ သူနဲ့အတူပါသွားတဲ့ အမ်းကူလည်း နယ်စပ် မှာ အဖွဲ့တစ်ဖွဲ့က လူမှားပြီးပစ်တဲ့အတွက် ကိုသန်းနိုင်မတိုင်ခင် အစောကြီးကျဆုံးခဲ့ရတယ်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ညမှာ စစ်သားတွေက လမ်းမတွေမှာစစ်မျက်နှာဖွင့်ပြီး သူတို့အထက် အရာရှိတွေညွှန်ကြားထားတဲ့အတိုင်း လမ်းပေါ်ကအစိုးရဆန့်ကျင်ဆန္ဒပြနေတဲ့လူအားလုံး ကွန်မြူနစ်တွေ လို့တံဆိပ်တပ်ပြီး ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းလိုက်တဲ့အထဲမှာ ကျနော့လုပ်ဖော်ကိုင်ဖက် ညီအကိုလို ဖြစ်နေကြတဲ့ သူငယ်ချင်းဂွမ်တီနဲ့မောင်ခိုင်ဝင်းတို့ ပွဲချင်းပြီးပစ်အသတ်ခံကြရတယ်။ အဲဒီညက မြို့ပတ်ဝန်း ကျင်ရွာတွေကရွာသားတွေပါ မြို့လုံခြုံရေးကို ရရာလက်နက်နဲ့ဝိုင်းပြီးယူထားကြတာဆိုတော့ လူ ဘယ်နှစ် ယောက်သေတယ်ဆိုတာ အတိအကျမသိရဘူး။ တစ်ချို့ကလည်း တစ်ရာကျော်သေတယ်။ တစ်ချို့က လည်း လေးဆယ်ကျော်သေတယ် စသည်ဖြင့်ပေါ့။

နောက်တစ်နေ့မနက် ရာနဲ့ချီပြီးဖမ်းထားတဲ့ ဆန္ဒပြ သမားတွေကို ရဲစခန်းရှေ့မှာ အပေါ်အကျီင်္ချွတ်၊ ကြိုးတုတ်ပြီး နေပူလှမ်းထားတယ်လို့ကြားရတယ်။ ကျနော်ကတော့ အဲဒီညက ဘုရားဝင်းထဲကရွှေ့ပြီး မြို့စွန်ရွာတစ်ခုကိုနေရာရွှေ့ယူတဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေနဲ့။ ကျနော်တို့ကို ရွာသားတွေက ကျောင်းသားတွေပေးဆပ်ရတာများနေပြီ၊ ဒီတစ်ခါ ကျနော်တို့ရွာသားတွေအလှည့်၊ ဒီကောင်တွေ လာရင်ကျနော်တို့တာဝန်ထားပါဆိုပြီး ကျနော်တို့ကိုအတင်းအကြပ် တဲတွေထဲမှာတံခါးပိတ်ပြီးဖွက်ထား ပေးလို့ ပစ်ခတ်နေတဲ့ သေနတ်သံ၊ လက်နက်ကြီးသံတွေကို စိတ်လှုပ်ရှားမှုနဲ့နားထောင်ရုံနေကြရတော့ တယ်။ တကယ်တော့ အဲဒီအချိန်က ကျနော့လက်ထဲမှာ ဓားမြှောင်တိုတစ်ချောင်းနဲ့၊ ထုတ်ထားတဲ့မီးစာ ကို မီးရှို့ပစ်ရတဲ့ လက်ဖြစ်မက်သနောဗုံးနှစ်လုံးသာရှိတယ်။ မီးချစ်လည်းမရှိတော့ စစ်သားတွေတက် လာရင်လှမ်းပစ်ဖို့ ဘယ်မှာလိုက်ပြီးမီးညှိရမယ်ဆိုတာတောင် သိတာမဟုတ်ဘူး။

နောက်တစ်နေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ အေးအေးဆေးဆေးသမား ကိုကျော်ကြီးဆိုတဲ့ အကိုကြီး က မောင်ခိုင်ဝင်းအသုဘလိုက်ပို့ရင်း လမ်းက အထက (၁) ကျောင်းရှေ့ကိုအရောက် လမ်းကလူ တစ်ယောက်က ဒီကလေးငယ်ငယ်ရွယ်ရွယ်နဲ့ဘာဖြစ်လို့သေသွားတာလဲဆိုတဲ့အမေးကို ညကခွေး ကိုက်လို့လို့ဖြေတော့ ကျောင်းသပိတ်စခန်းကိုသိမ်းထားပြီးစောင့်နေတဲ့ စစ်သားတစ်ယောက်ကကြားလို့ မှတ်ထားပြီး ကိုကျော်ကြီးအသုဘကအပြန် ကျောင်းရှေ့ရောက်ရောက်ချင်း အဲဒီစစ်သားက သေနတ်နဲ့ ထွက်ပြီးပစ်ထဲ့လိုက်တာ ကိုကျော်ကြီးဗိုက်ပွင့်ပြီး ဆေးရုံရောက်ပါလေရော။ ကျနော်ဆေးရုံကို သွား ကြည့်တော့ သူမသေဘူး။ ကျနော်က ကိုကျော်ကြီး… ခင်ဗျားတော့သူရဲကောင်းဖြစ်ပြီဆိုတော့ တစ်ကိုယ်လုံး ဖောယောင်နေတဲ့ သူကကြိုးစားအားတင်းပြီးပြုံးတယ်။ ကျနော်နဲ့ကျနော့ညီလေးလည်း နောက်ပိုင်း သူငယ်ချင်းတွေ၊ အမျိုးတွေရှိတဲ့ ကျနော်တို့မြို့နဲ့နီးတဲ့ အင်္ဂပူဖက်ကရွာတွေမှာ ဟိုရွာဒီရွာရွှေ့ ပြီး ပုန်းနေခဲ့ကြရတယ်။ နောက်ပိုင်း သွားလေသူအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ပါတီစုံစနစ်နဲ့ရွေးကောက်ပွဲကျင်းပပေးပြီး လူထုဆန္ဒနဲ့အညီရွေးကောက်ပွဲနိုင်တဲ့ပါတီကို အာဏာလွှဲပေးပြီး စစ်တပ်ကစစ်ဘားတိုက်တွေကိုပြန်မယ်ဆိုတဲ့ကတိကို ရေဒီယိုကအထပ်ထပ်ကြားရ တယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပြစ်မှုတွေကျူးလွန်ထားတာမရှိတဲ့သူတွေကို အရေးယူမှာမဟုတ် ဘူးလို့ ကြေငြာတော့ ကျနော်တို့ညီအစ်ကို မြို့ကိုပြန်ခဲ့ကြတယ်။  

ဒေါက်တာမြင့်ဆိုင်နဲ့ သူငယ်ချင်းရဲဘော်တစ်ချို့တောခိုသွားကြတယ်။ တစ်ခြားသပိတ်ခေါင်းဆောင်တွေ လည်း ပါသွားကြတယ်တဲ့။ အဲဒီတုန်းကတော့ ဘယ်ဖက်ကိုတောခိုကြတယ်ဆိုတာ မသိဘူး။ တစ်ချို့လည်း ထိုင်းနယ်စပ်ဖက်ကို တောခိုကြတယ်တဲ့။

နောက်ပိုင်း နယ်စပ်ကိုရောက်သွားတဲ့ကျောင်းသားတွေက မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသာများဒီမိုကရက် တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော် ထောင်ကြတယ်တဲ့။ သူတို့အကြောင်းကို BBC VOA လို အနောက်နိုင်ငံက ရေဒီယိုတွေနားထောင်ရင်း နားစွင့်ရတယ်။ အဲ နောက်ပိုင်း န၀တခေတ်မှာ မြက်ခင်းသစ် ဆိုတဲ့ စာစောင်တစ်ခုထွက်လာတော့ ဓာတ်ပုံတွေတစ်ချို့ကိုပါ တွေ့ရတယ်။ မဂ္ဂဇင်းက တောခိုကျောင်းသား တွေနဲ့ အရင်ရှိနေနှင့်ပြီးသား တော်လှန်ရေးအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ရေးထားတာဆိုပေ မယ့် ကျနော်တို့အားလုံး သူတို့ကို အားရတယ်။ ပုံလေးတွေကိုကြည့်ပြီး သူတို့ကိုလည်း မျှော်လင့်ကြတယ်။   

xxxxxxxxx                                                                                                                           
                                                                                                                                                                                                  ဆက်ပါဦးမည်.....
                                                                                                                                                                                                                               ရဲဘော်မြတ်

No comments:

Post a Comment