အိုးဝေ
Friday, January 25, 2013
ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးလူထုမိန့်ခွန်း- Asteroid CZways facebook
နိုင်ငံလိုအပ်ချက်များနဲ့ ပြီးပြည့်စုံခြင်းမရှိ အခုချိန်ထိ အသက်ဝင်နေတဲ့ သမိုင်းဝင်မိန့်ခွန်း ၁၉၈၈၊ သြဂုတ်လ၊ ၂၆ ရက်နေ့၊ ရွှေတိဂုံဘုရား အနောက်ဖက်မုခ် လူထုဟောပြောပွဲ “ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၊ အခု လူထုအစည်းအဝေးကြီးဟာ ပြည်သူလူထုရဲ့ ဆန္ဒကို တကမ္ဘာလုံးကသိစေရန် ထုတ်ဖော်ပြလိုက်တာပါပဲ။ အဲ့ဒီတော့ လူထုအစည်းအဝေးပွဲကြီးမှာ ပြည်သူလူထုဟာ စည်းကမ်းရှိရှိနဲ့ ညီညီညွတ်ညွတ် ဆက်ပြီးလုပ်သွားကြပါရစေ၊ အခုဒီအစည်းအဝေးပွဲကြီး တနာရီနီးပါးနောက်ကျတာကိုလဲ ကျမတောင်းပန်ပါတယ်၊ ဒီကိုလာတဲ့အခါမှာ လမ်းအင်မတန်ပိတ်နေတာကြောင့်မို့လို့မရောက်လာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့အစည်းအဝေးပွဲကြိးကတော့ ပြည်သူလူထုတရပ်လုံးဟာ ပါတီစုံဒီမိုကေရေစီစနစ်ကိုရချင်နေတဲ့ဆန္ဒ ပြင်းပြနေတာကြောင့်မို့ ကျင်းပရတဲ့ အစည်းအဝေးပွဲကြီးဖြစ်ပါတယ်၊ အခုအစည်းအဝေးပွဲကြီး ဖြစ်နိုင်တဲ့ အခြေအနေကို ဘယ်သူတွေကစပြီး ဦးဆောင်ခဲ့တာလဲဆိုတော့ ဗမာပြည်က ကျောင်းသားကျောင်းသူအပေါင်းဖြစ်ပါတယ်။ ဒီကျောင်းသူကျောင်းသားအပေါင်းရဲ့ ဦးဆောင်မှုကြောင့် ဒီကျောင်းသူကျောင်းသားအပေါင်းဟာ အသက် အသေခံပြီး ဦးဆောင်ပေးခဲ့တာကြောင့်မို့ ကျမတို့ ဒီလိုအစည်းအ၀းပွဲကြီး လုပ်နိုင်တဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အသက်ပျောက်သွားတဲ့ ကျောင်းသားကျောင်းသူအားလုံးကို တမိနစ်ခန့်ဂုဏ်ပြုပြိးနောက် အမျှဝေတဲ့အနေနဲ့ အားလုံးတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ် တမိနစ်ခန့်ငြိမ်စေချင်ပါတယ်။ …………. အခုဆိုလို့ရှိရင်အားလုံးဒီမှာရောက်နေကြတဲ့ လူထုပရိတ်သတ်ကြီးဟာ ဒီမိုကရေစီစနစ်ကို မျှော်မှန်းပြီးတော့ ဒီမှာရောက်နေတယ်လို့ထင်ပါတယ်၊ အဲ့ဒီတော့ဒီမိုကရေစီပန်းတိုင်ကိုရောက်ဖို့ရာမှာ လူထုအားလုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ စည်းကမ်းရှိရှိနဲ့ ချီတက်မှပဲ ရောက်နိုင်မှာပါ။ ကျမအခန်းကဏ္ဍကိုလဲ နည်းနည်းရှင်ပြပါရစေ၊ ဘာဖြစ်လို့လဲဆိုတော့ လူအပေါင်းက ကျမအကြောင်းကို သိပ်ပြီးတော့ မသိကြပါဘူး။ မသိကြတဲ့အခါကျတော့ သိချင်တဲ့ဆန္ဒတွေလည်းရှိပါတယ်၊ ဒါက မှန်တဲ့အတိုင်းပါပဲ၊ သိတော့လည်းသိထိုက်ပါတယ်၊ အဲ့ဒီတော့ အချို့ကလည်းပြောကြတယ်၊ ကျမဟာ နိုင်ငံခြားမှာနေတယ်၊ နိုင်ငံခြားသားနဲ့အိမ်ထောင်ကျနေတယ်၊ မြန်မာပြည်နိုင်ငံရေးအကြောင်း ဘာသိသလဲလို့လဲ ပြောကြပါတယ်၊ ပထမ ကျမဒီကနေစပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံပါရစေ၊ ကျမနိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလဲမှန်ပါတယ်၊ ဒါပေမယ့် ဒါလေးအတွက်ကြောင့်နဲ့ ကျမ တိုင်းပြည်အပေါ်မှာထားတဲ့မေတ္တာဟာ ဘယ်လိုနဲ့မှ ကျဆင်းမသွားနိုင်ပါဘူး။ နောက်တခုပြောချင်တာကတော့ ကျမဟာ မြန်မာပြည်နိုင်ငံရေးအကြောင်း ဘာမှနားမလည်းဘူးတဲ့၊ တကယ်တော့ နားလည်လွန်းလို့ခက်နေတာပဲ၊ မြန်မာ့နိုင်ငံရေး ဘယ်လောက်ရှုပ်ထွေးတယ်၊ ဒီရှုပ်ထွေးမှုဒဏ်ကို ဖေဖေဘယ်လောက်ခံခဲ့ရတယ်ဆိုတာ ကျမတို့မိသားစု အသိဆုံးပါပဲ၊ ဖေဖေ စိတ်ပမ်းကိုယ်ပမ်းနဲ့ ဒီနိုင်ငံရေးကိုလုပ်ဆောင်လာတာဟာ ဘာအကျိုးစည်းစိမ်မှာမခံစားခဲ့ရပါဘူး၊ ဒါကြောင့်မို့လို့လဲ လွတ်လပ်ရေးရပြီးတဲ့အခါကျလို့ရှိရင် ထပ်ပြီးတော့အာဏာလုတဲ့ နိုင်ငံရေးမျိးကို ဆက်မလုပ်ဘူးဆိုတာ ဖေဖေ အတိအလင်းပြောသွားပါတယ်။ ဒီလိုပြောသွားမျိုးကြောင့်မို့လဲ ကျမလဲ နိုင်ငံရေးလောကနဲ့ ဝေးဝေး ကင်းကင်းနေချင်ပါတယ်၊ အဲ့ဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့ အခုမှ ဘာလို့ဒီလိုအရေးအခင်းမှာ ပါဝင်နေသလဲလို့မေးစရာရှိပါတယ်။ အဲ့ဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်၊ ကျမလဲ ဖေဖေ့ရဲ့ သမီးလုပ်နေပြီးတော့ ခေါင်းရှောင်ပြီးတော့နေလို့ မဖြစ်တော့ဘူး၊ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိုယ လွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်းဖြစ်ပါတယ်၊ ဒီမိုကေရစီလွတ်လပ်ရေးကိုတမျိုးသားလုံး လိုချင်တဲ့ဆန္ဒပြင်းပြလွန်းလို့ ဖြစ်ပေါ်လာတဲ့တိုက်ပွဲကြီးဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ပတ်သတ်ရင် ဖေဖေပြောခဲ့တဲ့အချက်လေးတခုကို ကျမဖတ်ပြခင်ပါတယ်။ ဒီအချက်ကတော့ “ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်၊ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ဗမာနိုင်ငံထူထောင်နိုင်အောင်ကြိုးစားရမယ်၊ ဒါမျိုးမလုပ်နိုင်ရင် ကျနော်တို့ တိုင်းပြည်ကိုလဲ ကမ္ဘာကကြည့်နေလို့မရတဲ့ တနေ့ ဂျပန်နဲ့ဂျာမနီ ၀ိုင်းပြီးအနှိမ်ခံရသလို အနှိမ်ခံရမယ်ဆိုတာကို သတိရှိကြရမယ်။ ဒီမိုကရေစီဝါဒကသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒိဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။” အဲ့ဒါဟာ ဖေဖေပြောခဲ့တဲ့ စကားတွေပါ။ ဒါကြောင့်မို့လို့ ကျမဟာ ကျမရဲ့အဖေ အစဉ်အလာအတိုင်း ဒိမိုကရေစီလွတ်လပ်ရေးတိုက်ပွဲကို ၀င်လို့နွဲခဲ့ရပါတယ်။ အဲ့ဒီတော့ ဒီမိုကရေစီရဖို့ရန် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်၊ ညီညွတ်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်၊ မညီညွတ်ရင် ဘာမှမတက်နိုင်ဘူး။ ပြည်သူလူထုဟာ ညီညီညွတ်ညွတ်မရှိနိုင်လို့ရှိရင် ဘယ်ဝါဒပဲဖြစ်ဖြစ်တိုင်းပြည်ကို အကျိုးမပေးနိုင်ဘူး။ အဲ့ဒီဟာကို အားလုံးစွဲမှတ်ထားဖို့ လိုပါတယ်။ စည်းကမ်းမရှိလို့ရှိရင်လည်းဘယ်ဝါဒမှ မအောင်နိုင်ပါဘူး။ အဲ့ဒီတော့ ကျမတို့ နိုင်ငံသားတွေဟာ ညီညွတ်ဖို့၊ စည်းကမ်းရှိဖို့ အမြဲလိုပါတယ်။ ဒီညီညွတ်ဖို့အကြောင်းတွေပြောနေတုန်းမှာ ကျမတို့တခုပဲပြောချင်ပါတယ်။ ယခု ကျမပြောသွားတဲ့ စကားတွေထဲမှာ တချို့ကလည်းသဘောကျမယ့်စကားတွေပါမယ်၊ မကျမယ့်စကားတွေလည်းပါမယ်၊ ဒါပေမယ့် ကျမ အနေနဲ့ကတော့ ပြည်သူလူထုကို မှန်မှန်ကန်ကန်ပြောသင့်တယ်လို့ယုံကြည်တယ်၊ ကျမစိတ်ထဲမှာရှိသလို မှန်မှန်ကန်ကန် ပြောသွားမှာပဲ၊ ကြိုက်ရင်လဲထောက်ခံကြပါ၊ မကြိုက်ရင်လဲ ကျမစိတ်ထဲမှာ မှန်တဲ့အတိုင်းလုပ်တာပဲ၊ မကြိုက်တာတော့ ဘယ်လိုမှမတတ်နိုင်ဘူး၊ ကျမ တခုပြောချင်တာက အခု အချိန်မှာ တပ်မတော်နဲ့ပြည်သူလူထုအကြားမှာ စိတ်ဝမ်းကွဲနေကြပါတယ်၊ ဒီစိတ်ဝမ်းကွဲမှုဟာ နောင်တိုင်းပြည်အတွက် အန္တရာယ်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဗမာ့တပ်မတော်ဆိုတာ ကျမအဖေ ပြုစုပျိုးထောင်ပေးခဲ့တဲ့ တပ်မတော်ပါ။ ဖေဖေ ပျိုးထောင်ခဲ့တဲ့ တပ်မတော်ဆိုတာ စကားအရသာမဟုတ်ပါဘူး၊ အစစ်အမှန်ပါပဲ၊ ဖေဖေကိုယ်တိုင် ခရေစေ့တွင်းကျ အောက်ခြေကနေစပြီးတော့ ဒီတပ်မတော်ကို ထူထောင်ရမယ်ဆိုတာ သူ့လက်ရေးနဲ့ ရေးထားတဲ့ စာရွက်စာတမ်းတွေလဲရှိပါတယ်၊ ဖေဖေက တပ်မတော်အတွက် ဘာရည်မှန်းချက်တွေရှိခဲ့သလဲ၊ အဲ့ဒီရည်မှန်းချက်တခုလောက် ကျမ ဖတ်ပြပါရစေ။ “ ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်စေရမယ်၊ ဒီလိုမဟုတ်ဘဲ တပ်မတော်က နိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုရင် ဒီတပ်မတော်ကိုတည်ထောင်ထားတဲ့ ရည်ရွယ်ချက်တွေဟာ အလကားဖြစ်သွားတော့မှာပဲ။” ကျမ မှန်မှန်ပဲပြောပါရစေ၊ ကျမဟာ တပ်မတော်ရဲ့အပေါ်မှာ အင်မတန်သံယောဇဉ်ကြီးပါတယ်။ ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်လည်းဖြစ်တယ်၊ ကျမတို့ဆိုတာလဲ ငယ်ငယ်ကတည်းက ရဲဘော်တွေလက်ထဲမှာ ကြီးလာတာပါပဲ။ ပြည်သူလူထုကြီးကလည်း ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတယ်ဆိုတာ ကျမသိပါတယ။ ဒီမေတ္တာတွေအတွက်လည်း ကျမ အင်မတန်ကျေးဇူးတင်ပါတယ်။ ဖေဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတဲ့လူထုကြီးထဲမှာ ပဋိပက္ခ မဖြစ်စေချင်ပါဘူး၊ တပ်မတော်သားတွေကိုလည်း ကျမ ဒီနေရာကနေပဲ မေတ္တာရပ်ခံပါရစေ။ လူထု အားကိုးနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ၊ ပြည်သူဘူထုကလည်း ဖြစ်ပြီးခဲ့တဲ့ဟာတွေကို ကြိုးစားခွင့်လွှတ်ပြီးတော့ တပ်မတော်အပေါ်မှာ မေတ္တာမပျက်ပါစေနဲ့လို့ တောင်းပန်ပါရစေ။ ကျမတို့အားလုံးစာ ညီညီညွတ်ညွတ်နဲ့ ဆက်လုပ်သွားမှသာ တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုပန်းတိုင်ကြီးကို ရောက်နိုင်မှာပါ။ အခု မရောက်သေးပါဘူး၊ ဒိမိုကရေစီပန်းတိုင်ကိုတောင် မရောက်သေးပါဘူး၊ မရောက်ခင်က ကွဲကွဲ ပြားပြား မရှိပါနဲ့။ အားလုံးတညီညွတ်ထဲ ဒီမိုကရေစီပန်းတိုင်ကို ဦးတည်ပြီးတော့ချီတက်သွားကြပါ။ အဲ့ဒီလို ချီတက်သွားတဲ့နေရာမှာ ငြိမ်းချမ်းတဲ့နည်းလမ်းကို သုံးစေချင်ပါတယ်၊ လူမျိုးတမျိုးဟာ နိုင်ငံသူနိုင်ငံသားအပေါင်းတို့ဟာ စည်းကမ်းရှိရှိနဲ့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ကိုယ်လိုတဲ့ဆန္ဒတွေကို ဖြည့်စွမ်းနိုင်တယ်ဆိုတာ အင်မတန်ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့အပြုအမူဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ကျောင်းသားတွေနဲ့ ပတ်သတ်လို့ ကျမပြောစရာလေးတွေရှိပါတယ်၊ ကျောင်းသားလူငယ်များဟာ အင်မတန်မှတော်ပါတယ်။ သူတို့ရဲ့ လက်ရုံးရည်ကိုလဲ ပြပြီးပါပြီ၊ အခုလဲ ဆက်ပြီးတော့သူတို့ရဲ့ နှလုံးရည်ကို ပြမယ်ဆိုတာ ကျမယုံကြည်ပါတယ်။ ဒီကျောင်းသားများကိုလည်း အချင်းချင်းညီညီညွတ်ညွတ်နဲ့ ဆက်ပြီး လက်တွဲသွားဖို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်၊ အခုဆိုရင် ကျောင်းသားတွေထဲမှာလည်း အဖွဲ့အစည်းတွေရှိကြပါတယ်၊ ဒီအဖွဲ့အစည်းတွေဟာ အားလုံး စုရုံးပြီးတော့ တညီတညွတ်တည်း ဖြစ်သွားစေချင်ပါတယ်၊ အဲ့ဒီဟာအတွက်လဲ ကျောင်းသားညီလာခံတခုခေါ်မယ်လို့ ကျမကြားနေပါတယ်၊ ဒီညီလာခံကြီး ဖြစ်ပေါ်လာတဲ့အခါကျရင် ကျောင်းသားတွေအားလုံး တစုတစည်းတည်း ဖြစ်သွားပါစေလို့ ကျမ ဆုတောင်းလိုက်ပါတယ်။ ကျောင်းသားလေးတွေက ကျမကိုမေးကြတယ်။ ကျမရဲ့နောက်မှာ ဘယ်နိုင်ငံရေးသမားတွေရှိနေသလဲ၊ ဒီနိုင်ငံရေးသမားတွေဟာ ကျမကိုကြိုးဆွဲပြီးတော့ သူတို့ကိုနင်းသွားမှာကို စိုးရိမ်တယ်လို့ပြောကြပါတယ်၊ အဲ့ဒီလို ပွင့်ပွင့်လင်းလင်းပြောတာ ကျမအင်တန်ဝမ်းသာတယ်၊ ကျောင်းသားလူငယ်များ အင်မတန်ပွင့်လင်းတယ်၊ သွယ်ဝိုက်တဲ့စကားတွေ မပြောတက်ဘူး၊ ကျမကလဲ မှန်တဲ့အတိုင်းပဲ ပြန်ပြီးတော့ပြောလိုက်ပါတယ်၊ ကျမနောက်မှာ ဘယ်နိုင်ငံရေးသမားမှ မရှိပါဘူး။ ကျမ ခုလုပ်နေတဲ့လုပ်ငန်းဟာတော့ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီဖြစ်မြောက်ရေးအတွက်ကို ၀ိုင်းပြီးတော့ ကူညီချင်ပါတယ်ဆိုတဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေရှိပါတယ်၊ အဲ့ဒီနိုင်ငံရေးသမားဟောင်းကြီးတွေကို ကျမကတော့ ရှင်းရှင်းပဲပြောထားပါတယ်။ ဒီလိုကူညီလို့ နောင်နိုင်ငံရေး အမြတ်ထုတ်မယ်ဆိုရင် ကျမလုံးလုံးမထောက်ခံဘူးဆိုတာကျမ အခုကတည်းက ပြောထားပါတယ်။ ပြည်သူလူထုရှေ့မှာ ကျမပြန်ပြီးတော့ပြောပါမယ်၊ ဒီမိုကရေစီရရှိရေးအတွက် ၀ိုင်းဝန်းကူညီတဲ့ နိုင်ငံရေးသမားကြီးတွေဟာ နောင်နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးပမ်းရင် ကျမကိုယ်တိုင်တက်ပြီးတော့ ဒီလူကြီးတွေကို ရှုံ့ချပေးပါ့မယ်။ နောက်တခုကတော့ ကျမတို့တိုင်းပြည်မှာ လူကြီးနဲ့လူငယ်ကြားထဲမှာ ကွဲကွာမှုတွေရှိပါတယ်၊ အဲ့ဒီကွဲကွာမှုတွေကိုလည်း ဖြေရှင်းဖို့ လိုပါတယ်၊ လူငယ်တွေကလူငယ်တွေ၊ လူကြီးတွေကလူကြီးတွေဆိုတဲ့ စိတ်ထားတွေဖြစ်နေပါတယ်၊ ပြည်သူလူထုရဲ့အင်အားဟာ တနေ့ထက်တနေ့ကြီးလာပါပြီ။ ဒီလိုကြီးလာလို့လဲ ပိုပြီးတော့ စည်းနဲ့၊ ကမ်းနဲ့ ထိန်းဖို့လိုပါတယ်၊ စည်းမရှိတဲ့ အင်အား၊ အမှန်တရားနဲ့တကိုက်ညီတဲ့အင်အားဆိုတာ ဘယ်တော့မှ ကောင်းကျိုးမပေးနိုင်ပါဘူး။ အများအတွက်ပါ အန္တရာယ်ဖြစ်နိုင်ပါတယ။ အဲ့ဒါကြောင့်မို့လို့ အမှန်တရားနဲ့ကိုက်ညီတဲ့စွမ်းအားကိုပဲ ဆက်ပြီးတော့ သူံးကြပါ။ အမှန်တရားနဲ့ မကိုက်ညီတဲ့စွမ်းအားကို မသုံးကြပါနဲ့။ အခု လူထုဘက်ကနေ အားကြီးနေတဲ့ အချိန်မှာ အားငယ်တဲ့အပိုင်းကိုလဲ နိုင်ထက်စီးနင်းမလုပ်ကြပါနဲ့၊ ဒီလို နိုင်ထက်စီးနင်းလုပ်တာဟာ အကျင့်မကောင်းပါဘူး၊ ပြည်သူလူထုရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေပါလိမ့်မယ်။ ပြည်သူလူထုဖက်ကနေပြီးတော့ ခွင့်လွှတ်နိုင်တဲ့ သဘောထားရှိတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ထင်ပေါ်ပါစေ၊ အခုဆိုလို့ရှိရင် ကျမတို့ဟာ အားလုံးပြည်သူလူထုအပေါင်းက ဘာကိုလိုလားနေသလဲဆိုတာစဉ်းစားလိုကလို့ရှိရင် အဓိကအချက်ကတော့ ပါတီစိုဒီမိုကရေစီစနစ်ကို လိုလားနေကြပါတယ်၊ တပါတီစနစ်ကို ဖြုတ်ချချင်ကြပါတယ်။ နောက် အခုဆိုလို့ရှိရင် သမ္မတ ဒေါက်တာမောင်မောင်ဟာ လူထုဆန္ဒခံယူပွဲကျင်းပဖို့၊ မကျင်းပဖို့ ညီလာခံခေါ်မယ်လို့ဆိုပါတယ်၊ ကျမအနေနဲ့ပြောရရင်တော့ ဒီလူထုဆန္ဒခံယူပွဲဟာ မလိုတော့ပါဘူး။ တတိုင်းပြည်လုံးရဲ့ ဆန္ဒဟာ ကွက်ကွက်ကွင်းကွင်းပေါ်နေပါပြီ။ အားလုံးဟာ ပါလီမန်ဒီမိုကရေစီစနစ်ကိုပဲ လိုလားနေတယ်ဆိုတာ အင်မတန်မှပေါ်လွင်နေပါပြီ။ ဒီစနစ်ကို အမြန်ဆုံးပေါ်လာနိုင်ဖို့ လုပ်ပေးဖို့ဆိုတာ ယခု အာဏာပိုင်အစိုးရတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ပန်းတိုင်ကိုမရောက်သေးဘူးဆိုတာ မမေ့ကြပါနဲ့။ ဒီမိုကရေစီရတဲ့အခါကျလို့ရှိရင် ဘယ်လိုပြည်ထောင်စုကြီးကို တည်တံ့ခိုင်မြဲအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို စဉ်းစားထားကြပါဦး။ တိုင်းပြည်ရဲ့ အခုလက်ငင်းဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း ကိုယ့်တိုင်းပြည်ကို အကျိုးပေးနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဖေဖေပြောခဲ့သလို ကျမတို့ နိုင်ငံသူနိုင်ငံသားများဟာ စည်းကမ်းရိုသေဖို့၊ ညီညွတ်ဖို့ဆိုတာကို ဘယ်နှစ်ခါပဲပြောပြော ပြောလို့မကုန်နိုင်အောင်ပြောရမယ့်ကိစ္စကြီးတခုဖြစ်နေပါတယ်။ အခုကျမတို့ဟာ လူထုဆန္ဒခံယူပွဲကြီး မလိုတော့ပါဘူး။ ပါတီစုံဒီမိုကရေစီစနစ်ကိုပဲ လိုလားပါတယ်။ ဒီဟာကို မြန်မြန်ဖြစ်အောင်လုပ်ပေးကြပါ။ ဒီဟာဖြစ်ပေါ်လာအောင်လို့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်နိုင်ဖို့ အခြေအနေကို ဖန်းတီးပေးဖို့လိုပါတယ်။ အခုဆိုလို့ရှိရင် ပြည်သူလူထုတရပ်လုံးဟာ လက်ရှိအစိုးရအပေါ်မှာ အယုံအကြည် အင်မတန်ပျက်နေတယ်။ အဲ့ဒီတော့ကာ သန့်ရှင်းစင်ကြယ်တဲ့၊ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ပေါ်လာဖို့ အရေးကို အကယ် ၍များ ဘယ်လိုဖြစ်အောင်လုပ်ရမလဲ၊ လုပ်ပေးဖို့ရာတောင်းပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒီအစိုးရလည်းမဟုတ်ဘူး၊ ကြားဖြတ်အစိုးရလည်းမဟုတ်၊ နောက်အစိုးရလည်းမဟုတ်ဘူး၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲ သာယာဝဖြိုးရေးအတွက် လုပ်ပေးနိုင်တဲ့အစိုးရပါပဲ၊ ဒီ အဓိကကိစ္စ အပေါ်မှာ မျက်ခြေမပြတ်ပါစေနဲ့၊ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို မမေ့ပါနဲ့၊ မေ့သွားလို့ရှိရင် အခုရရှိတဲ့အအောင်မြင်မှုဟာ နောင်ကျ ဆုံးရှုံးမှုဖြစ်သွားနိုင်ပါတယ်။ အခုကျမတို့ ဘယ်အခြေအနေမှာရောက်နေပြီလဲ၊ ပန်းတိုင်ကု ကွက်ကွက်ကွင်းကွင်း မြင်နေပါပြီ။ မြင်နေတဲ့ပန်းတိုင်ကို အားလုံးလက်တွဲပြီးတော့ ချီတက်သွားကြပါစို့၊ စိတ်ဝမ်းမကွဲကြပါနဲ့၊ ကျောင်းသားလေးတွေဖက်က အထူးစိတ်ဝမ်းမကွဲဖို့လိုပါတယ်။ ကျောင်းသားလေးတွေကို စိတ်ဝမ်းကွဲအောင်လည်း ထိုးဆွမပေးကြပါနဲ့။ ကျောင်းသားလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်ပေးမယ့် လူငယ်လေးတွေဖြစ်ပါတယ်။ ဒီကျောင်းသားလေးတွေရဲ့ စိတ်ဓါတ်ကျအောင် လုပ်လိုက်မယ်ဆိုရင် နောင်တိုင်းပြည်ညီညွတ်ရေး အတွက်လဲ ထိပါးသွားပါလိမ့်မယ်။ ညီညွတ်ရေးအကြောင်းပြောနေတဲ့အချိန်မှာ ပြည်ထောင်စုအကြောင်း ခဏလောက်ပြောလိုပ်ပါရစေ။ လူမျိုးစုတွေအားလုံးဟာ ညီညွတ်ဖို့လိုပါတယ်။ ခုလူအများစုလူမျိုးစုကတော့ မြန်မာလူမျိုးတွေဖြစ်ပါတယ်၊ လူများစု မြန်မာတွေဟာ လူနည်းစုတွေဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးလုံးဖြစ်ဖို့ အလွန်ကြိုးစားဖို့လိုပါတယ်။ အားများနေတဲ့လူဆိုတာ အားနည်းနေတဲ့လူကို အစဉ်အမြဲလျှော့ပြီးတော့ ညှာပေးဖို့လိုပါတယ်။ အဲ့ဒီနေရာမှာ ဒီတပါတီစနစ်ကို ထောက်ခံနေတဲ့လူတွေနဲ့ ပတ်သက်လို့လဲ ကျမ တခုပြောပါရစေ၊ ပါတီဝင်ပေါင်း အမြောက်အများ ဒီပါတီပေါ်မှာ အယုံအကြည်မရှိတော့ဘူးဆိုတာ ကျမသိပါတယ်။ အယုံအကြည်မရှိတော့လို့ရှိရင် ဒီပါတီက ထွက်လိုက်ကြပါ။ ပါတီဝင်ကဒ်ပြားတွေလဲ ပြန်အပ်လိုက်ကြပါ။ ဒါပေမယ့်လည်း သူတို့ရဲ့အယုံအကြည်အရ ပါတီဝင်အနေနဲ့ ဆက်ပြီးထမ်းဆောင်နေတဲ့လူတွေကိုလည်း အန္တရာယ်မပြုကြပါနဲ့။ ဒီမိုကရေစီဆိုတာ မားမားမတ်မတ် ကိုယ့်ယုံကြည်ချက် ကိုယ်ရှိနိုင်တဲ့စနစ်မျိုးဖြစ်ပါတယ်။ သူတို့က ဆက်ပြီးယုံကြည်မယ်ဆိုလို့ရှိရင် အန္တရယ်မပြုကြပါနဲ့၊ ကိုယ့်ဘာသာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုသာ ညီညီညွတ်ညွတ်တက်ပါ၊ ကိုယ်ကအားကြီးနေလို့ အားနည်းတဲ့သူကို ပြန်ပြီးဂလဲ့စားချေတဲ့ကိစ္စမျိုးမဖြစ်ပေါ်ပါစေနဲ့။ အခု ဆိုလို့ရှိရင် ကျမတို့မှန်းထားတဲ့အချိန်ထက် အများကြီးအချိန်လွန်သွားပါပြီ၊ အဲ့ဒီတော့ ကျမစဉ်စားထားတာထက် နည်းနည်းပိုပြီးတော့ အတိုချုံးပြီးတော့ပြောရမယ့်အခြေအနေမျိုးဖြစ်နေပါပြီ။ ဒီအစည်းအဝေးပွဲကိုနောက်ဆုံး ကျမပြောချင်တာကတော့ ကျမတို့လူထုဟာ ညီညွတ်ဖို့လိုပါတယ်၊ စည်းကမ်းရှိဖို့လိုပါတယ်၊ စည်းကမ်းရှိဖို့လိုပါတယ်၊ အမှန်တရားနဲ့ကိုက်ညီတဲ့စွမ်းအားကို ဆက်ပြီးသုံးသွားဖို့လိုပါတယ်။ အဲ့ဒီလို သုံးသွားမှသာ ကျမတို့လိုတဲ့ပန်းတိုင်ကို ရောက်နိုင်ပါတယ်၊ အဲ့ဒီတော့ ကျမအနူးအညွတ် ပြည်သူလူထုတရပ်လုံးကို တောင်းပန်ပါရစေ၊ ပြည်သူလူထုအားလုံးညီညွတ်ကြပါစေ၊ စည်းကမ်းရှိပါစေ၊ အမှန်တရားနဲ့ ကိုက်ညီတဲ့လူမျိုးတရပ်ဖြစ်ပါစေ၊ ပြည်သူလူထုအားလုံး ဘေးဘယာ အဖြာဖြာမှ ဝေးကွာကြပါစေ။ နောက်ဆုံးအနေနဲ့ ကျမတို့ရဲ့ ကြွေးကြော်သံကတော့ - ဆန္ဒခံယူပွဲအလိုမရှိ။ - တပါတီစနစ်ဖျက်သိမ်းပစ်။ - ပါတီစုံဒီမိုကရေစီစနစ တည်ဆောက်ကြ။ - တရားမျှတသောရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေး။ ဆိုတဲ့ ကြွေးကြော်သံပါပဲ ” *** ဒေါ်အောင်ဆန်းစုကြည် *** ၁၉၈၈၊ သြဂုတ်လ၊ ၂၆ ရက်နေ့၊ ရွှေတိဂုံဘုရား အနောက်ဖက်မုခ် လူထုဟောပြောပွဲ AsteroidCZways https://www.facebook.com/Asteroid.zl?ref=tn_tnmn
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment