အိုးဝေ
Wednesday, January 23, 2013
အာဏာရှင်မိသားစုထဲက သတင်းစာဆရာပေါက်စ (ထက်အောင်)
နေ့လည်ခင်းအလုပ်ရှုပ်နေတဲ့အချိန်မှာပဲ နားထဲကို အသံတစ်သံကြားလိုက်ရတဲ့အခါမှာ လှည့်ကြည့်လိုက် တော့ သွားတက်ဖွေးဖွေးလေးနဲ့ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ နဲနဲပါးပါး ဆက်ပြီး စပ်စု ကြည့်လိုက်တာ သတင်းစာပညာကို ၀ါသနာပါလို့ သတင်းစာဘာသာရပ်သင်တဲ့ကျောင်းမှာ တက်နေတယ် တဲ့။ ကျွန်တော် တော်တော်လေးအံ့သြသွားတယ်။ ၀မ်းလဲဝမ်းသာသွားတယ်။ လူငယ်မိန်းကလေး တယောက်ရဲ့ နှုတ်ဖျားကထွက်လာတဲ့စကား လူထုဒေါ်အမာလို၊ ဂျာနယ်ကျော်မမလေးတို့လို အသေးစားလေးပါလားလို့လဲ တွေးမိပါတယ်။ ဒီကနေ့ခေတ်မိန်းကလေးတွေကို ကြည့်လိုက်ရင် သတင်းစာဘာသာရပ်ကို စိတ်ဝင်စားပြီး ၀ါသနာပါဖို့ နေနေသာသာ၊ သတင်းဂျာနယ်တစ်စောင်ကိုတောင် ဖျော်ဖြေရေးဂျာနယ်တစ်စောင်လောက် တန်ဖိုးထားတာမဟုတ်ပါဘူး။ ဘယ်နှယ့်ပါလိမ့်။ ငါတို့နိုင်ငံ မှာ သတင်းမီဒီယာအတန်ငယ်လွတ်လပ်လာတဲ့အခါမှာ ဟိုနေရာလဲ သတင်းထောက်တွေ၊ ဒီနေရာလဲ သတင်းထောက်တွေ မမြင်ချင်မှအဆုံး၊ သတင်းရေးသားတင်ဆက် ပုံတွေကို ကြည့်လိုက်ပြန်ရင်လည်း အဆင့်အတန်း လွန်စွာမှလိုအပ်နေသေးတယ်ဆိုတာကိုလည်း သိရတယ်။ တကယ်တမ်း သတင်းထောက် (၁၀) ယောက်လောက်မှာ အများစုက သတင်းစာပညာကို သေချာမလေ့လာပဲနဲ့ ခေတ်ရဲ့အလိုအရသာ သတင်းထောက်လုပ်နေကြတာကို သွားတွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း Journalism ဘာသာရပ်တွေကို သင်ကြားခွင့်ရနေပြီဆိုတာကိုလည်းပဲ သူ့ဆီက တဆင့်သိရတာ။ ငယ်ပေမယ့် ကျွန်တော်တလေးတစားရှိပါတယ်။ တန်းတူပဲဆက်ဆံပါတယ်။ ၀ါသနာတူမို့ လည်း မြန်မြန်ဆန်ဆန်ခင်မင်မိသွားတယ်လို့ထင်ပါတယ်။ ကျွန်တော့်ဘ၀တလျှောက်မှာ နိုင်ငံရေးလောက ထဲက အမျိုးသမီးမိတ်ဆွေတွေကို ခပ်တန်းတန်းပဲနေလေ့ရှိပါတယ်။ နိုင်ငံရေးကိုဗန်းပြပြီး မိန်းကလေးငယ် တွေအပေါ်အမြတ်ထုတ်ထုတ်သွားကြတာတွေကလည်း ရှိခဲ့ဘူးတယ်ဆိုတာကိုလည်း သိထားတယ်။ ကျွန်တော်ရိုးရိုးသားသားပဲ ခင်မင်ခဲ့တယ်။ ဒါကြောင့်ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံပါတယ်။ တနေ့တော့ သူက ကျွန်တော့်ကို သူတို့ကျောင်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဖိတ်ပါတယ်။ ကျွန်တော် ကလည်း အလုပ်တွေမအားလပ်တဲ့ကြားထဲက သတင်းစာဘာသာရပ်ကို ခုံခုံမင်မင်သင်ယူလိုကြတဲ့ အနာဂတ်ရဲ့ သတင်းစာဆရာ၊ သတင်းစာဆရာမတွေကို တွေ့ရမှာမို့ လာခဲ့မယ်လို့ ကတိပေးလိုက်ပါတယ်။ ဒီကနေ့ခေတ်မှာကလည်း အမတ်ဖြစ်ချင်သူတွေ၊ ၀န်ကြီးဖြစ်ချင်သူတွေများနေတာကိုး။ သတင်းစာဆရာ ဖြစ်ချင်နေတဲ့သူတွေ ရှိနေသေးတာကို တအံ့တသြလဲ ဖြစ်မိပါတယ်။ သူတို့တတွေနဲ့ မောင်နှမတွေလို ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ဆက်ဆံဖို့ ခဏလေးပဲဖြစ်ဖြစ် သွားဖို့ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ခင်မင်စရာကောင်းတဲ့ အဲဒီ့မိန်းကလေးဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ မိသားစုထဲက ဖြစ်နေတယ်။ မိသားစုတွင်းမှာတောင် လူ့အခွင့်အရေးချိုးဖောက်ခံနေရတာကို ၀မ်းနည်းစွာသိရှိလိုက်ရတယ်။ သတင်းစာ ဘာသာရပ်ကို ၀ါသနာပါတဲ့ မိန်းကလေးက ဒီမိုကရေစီမိသားစုထဲကမဟုတ်ဘူးဖြစ်နေတယ်။ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင် ၁၀ နှစ်သားလောက်ကတည်းက ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာဖို့ ကျောင်းပိတ်တိုင်း အလုပ်လုပ်ခဲ့ရတယ်။ မိဘညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော်တို့တည်ဆောက်ထားတာ ဒီမိုကရေစီဆက်ဆံရေးပါ။ ပြောင်းလဲနေစပြုနေတဲ့ ဒီလိုအချိန်အခါမျိုးမှာ မိဘတွေအနေနဲ့ ကိုယ့်သား သမီးကို အဲဒီလောက်တောင် ချုပ်ချယ်၊ ကန့်သတ်မှုတွေရှိနေရင် အာဏာရှင်နဲ့တူတဲ့ မိဘကပေါက်ဖွား လာမည့် သားသမီးတွေဟာ ဘယ်တော့မှ ဒီမိုကရေစီစိတ်ဓာတ်တွေ မရှင်သန်မပေါက်ဖွားနိုင်တော့ပါဘူး။ တကယ်တမ်းကျတော့လည်း မှန်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကနေ မဆလ တပါတီ အာဏာရှင်ခေတ်နဲ့ ၁၉၈၈ နောက်ပိုင်း စစ်အာဏာရှင်ခေတ်တွေမှာ ကြီးပြင်းလာခဲ့ကြတဲ့ သူတွေမှာ ဒီမိုကရေစီမျိုးစေ့တွေ မရှိပါဘူး။ မျိုးစေ့မရှိတော့ ဒီမိုကရေစီအပင်တွေ မပေါက်နိုင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်တောင် စစ်အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့တာဆိုတော့ တခါတလေ ကိုယ်တိုင် အာဏာရှင် လေသံပေါက်ပေါက်သွားလို့ ပြန်ပြန်ထိန်းနေရတာပဲ။ ဒီကနေ့မိဘတွေကို ပြောချင်ပါတယ်။ ကိုယ့်သား သမီးကို တကယ်ချစ်တယ်ဆိုရင် ဒီမိုကရေစီမျိုးစေ့တွေကြဲပေးကြပါ။ အာဏာရှင်လို မလိုအပ်တဲ့ ဥပဒေ တွေ၊ အမိန့်တွေ၊ အာဏာတွေနဲ့ မချုပ်ချယ်သင့်တော့ပါဘူး။ လူငယ်တွေမှာ ကိုယ်ပိုင်ဆင်ခြင်ခြင်း အသိတွေ ကိုယ်စီရှိနေကြပါပြီ။ လူငယ်တွေဟာ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်နဲ့ လုပ်ဆောင် နေကြပါပြီ။ မကူညီချင်နေလို့ရပေမယ့် မနှောက်ယှက်ကြပါနဲ့။ အရင်ဆုံး ကိုယ့်သားသမီးလုပ်နေတဲ့အလုပ်တွေက ဘာတွေလဲဆိုတာ လေ့လာစုံစမ်းထားရမယ်။ ကိုယ့် သားသမီးနဲ့ ခင်မင်ရင်းနှီးနေတဲ့၊ တနည်းအားဖြင့် တွဲနေတဲ့ ဘယ်သူ့ကိုမဆို အိမ်လည်ခေါ်ပြီး သေချာ လေ့လာရမယ်။ ကိုယ့်သား သမီးကို ယုံကြည်မှုပေးရမယ်။ မိဘကလည်း သားသမီးဆီက သိချင်တာရှိရင် ပွင့်ပွင့်လင်းလင်းမေးရမယ်။ သားသမီးဘက်ကလည်း မိဘကို ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြရမယ်။ အဲဒါမှ မိဘနဲ့သားသမီးဆိုတာ ပွင့်လင်းမြင်သာ တဲ့ဆက်ဆံရေးတခုကို တည်ဆောက်နိုင်မှာပေါ့။ မိဘတွေက ခွင့်မပြုလို့ သားသမီးတွေက မဟုတ်တာတွေ ခိုးလုပ်နေရင် တချိန်ကြမှ အဖေကယ်ပါ၊ အမေကယ်ပါ အပေါက်မျိုးတွေဖြစ်လာမယ်။ တခါတခါကျရင် သတင်းစာ စာမျက်နှာတွေထက်မှာ အမွေပြတ်ကြေငြာခြင်းတွေ မမြင်ချင်မှအဆုံးပါ။ ဒီနေရာမှာ ကိုယ်တွေ့ကြုံခဲ့တာလေး ဖောက်သည်ချချင်တာပါ ကျွန်တော့်တပည့်မလေးတယောက် ရှိပါတယ်။ သူကစာတော်ပါတယ်။ ရုပ်ကလေးကလည်း ဖြူဖြူချောချောလေးပါပဲ။ သူ့မိဘတွေက အိမ်ထဲက အိမ်ပြင်တောင်ပေးမထွက်ဘူး။ ဒီလိုနဲ့ တက္ကသိုလ်တက်ကြတာပေါ့ အဲဒါလဲ ကျောင်းအထိလိုက်ပို့တုန်းပဲ။ တနေ့လဲကျတော့ သူတို့ခြံထဲကို လာလည်တဲ့ သူ့မောင်တွေရဲ့ သူငယ်ချင်းဖြစ်တဲ့ ကောင်လေးနဲ့ ခိုးရာလိုက် ပြေးကော။ ကောင်လေးက ပညာလဲမတတ်၊ တကိုယ်လုံးလည်း ဆေးမင်ကြောင်တွေက အပြည့်၊ အခုတော့ မိဘတွေက ကျောင်းလဲဆက်မထားတော့ဘူး။ သူတက်ချင်တဲ့ ကွန်ပျူတာတို့၊ အင်္ဂလိပ်စာတို့လို သင်တန်း တွေကိုလည်း ပေးမတက်တော့ဘူး။ အခုတော့ လမ်းဘေးမှာ ခေါက်ဆွဲသုတ်၊ ကြာဇံသုတ်ရောင်းနေကြ တယ်။ ကောင်လေးက ကြံရည်ရောင်းတယ်။ ဒါ လက်တွေ့အဖြစ်အပျက်ပါ။ ကျွန်တော်ပြည်ပက ပြန်လာတော့မှ အကြောင်းစုံသိခဲ့ရတာပါ။ ကျွန်တော့်ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ဘာကိုသွားတွေ့လဲဆိုတော့ မိဘကတော်တော်ချုပ်ချယ်တယ်။ သားသမီးကလည်း မိဘကိုကြောက်ရတော့ ရည်းစားဖြစ်နေတာကို မပြောပြရဲဘူး။ နောက်ဆုံးတော့ ကလေးက ထွက်ပေါက်ရှာသွားတယ်။ တကယ်တမ်းကျတော့ သူနဲ့ရတဲ့ ကောင်လေးကို တကယ်ချစ်ရဲ့ လားလို့ မေးကြည့်တော့ သူမဖြေနိုင်ရှာဘူး…။ တက္ကသိုလ်မှာ ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်ရမည့် သူ့ရဲ့အခွင့်အရေးတွေဟာ မိဘကြောင့်ဆုံးရှုံးခဲ့တာ။ အဲဒါကြောင့် ကျွန်တော်က သူ့မိဘတွေကို တော်တော် အပြစ်တင်လိုက်ပါတယ်။ ခု အငယ်ဆုံးသမီးလေးကိုတော့ သူတို့တွေ တင်းကျပ်မှုတွေ ဖြေလျှော့လိုက်ပါ တယ်။ သမီးကြီးကတော့ ဓားစာခံပေါ့။ ခုဆို လမ်းမှာတွေ့တိုင်း ဆရာ၊ ဆရာ နဲ့ လက်အုပ်လေးချီပြီး နှုတ်ဆက်ရှာတယ်။ ကျွန်တော်က တွေ့တိုင်းစိတ်မကောင်းဘူး။ အာဏာရှင်စနစ်ရဲ့ သားကောင်တွေပဲလို့ တွေးမိပါတယ်။ ကိုယ့်သားသမီးက ရည်းစားနဲ့နေ့ခင်းဘက် တည်းခိုခန်းသွားတာမျိုးဆိုရင်ကော မိဘသိမလား။ ညဘက် ကလပ်တက်မယ်၊ သောက်မယ်၊ စားမယ်၊ ပျော်မယ်၊ပါးမယ်။ ကြုံတဲ့သူနဲ့ပါသွားတဲ့ သားသမီးမျိုးဖြစ်လာရင် ဘယ်သူတွေရင်ကျိုးရမလဲ။ ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးကို အာဏာရှင်ဆက်ဆံရေးမျိုးကို ဖျောက်ပြီး ဒီမိုကရေစီဆက်ဆံရေးကို တည်ဆောက်ကြည့်ပါ။ အဲလိုတည်ဆောက်တဲ့အခါမှာ ခင်ဗျားတို့ရဲ့ သားသမီးတွေဟာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး သားသမီးတွေဖြစ်လာမယ်ဆိုတာ ကျွန်တော်ပြောရဲ ပါတယ်။ ကျွန်တော်စိတ်မကောင်းအဖြစ်ဆုံးနဲ့ ကျွန်တော့်ဂုဏ်သိက္ခာကို အစော်ကားခံလိုက်ရတဲ့ ဒီနေ့ကို ကျွန်တော် မမေ့ပါဘူး။ ကျွန်တော်နဲ့ဆက်ဆံလို့ ဒီမိန်းကလေးရဲ့ မိဘတွေက တယ်လီဖုန်းအသိမ်းခံလိုက်ရတယ်ဆိုတာ ဒီကနေ့မနက်ပဲ သိလိုက်ရတယ်။ ကျွန်တော့်ကိုလည်း မဆက်ဆံဖို့ပြောပါတယ်။ အဲဒါကြောင့် ကျွန်တော် စိတ်မကောင်းတာပါ။ ကျွန်တော်လည်း ပုထုဇဉ်တယောက်ပါပဲ။ ကိုယ့်ကြောင့် တဘက်သားရဲ့ လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံလိုက်ရတဲ့ အနေအထားအထိဖြစ်သွားတာကို စိတ်မကောင်းတာပါ။ ခုလိုရင်ဖွင့် လိုက်ရလို့လည်း ပေါ့သွားပါတယ်။ ကျွန်တော့်မှာလည်း ရည်ရွယ်ထားတဲ့သူရှိပါတယ်။ တဘက်အသိုင်းအ၀ိုင်းကတော့ ရှင်းပါတယ်။ နိုင်ငံရေးလုပ်နေတဲ့သူကို သူ့ရဲ့ဘ၀ကြင်ဖော်အဖြစ် သူ့ရဲ့အသိုင်းအ၀ိုင်းမှာ ချပြလောက်တဲ့အဆင့်အထိ သူသတ္တိမရှိသေးပါဘူးတဲ့။ ကုမ္ပဏီပိုင်ရှင်သော်လည်းကောင်း၊ သဘောင်္သားအဖြစ်သော်လည်းကောင်း၊ နေစရာတခု၊ စီးစရာတခုနဲ့ နေ့စဉ်ပုံမှန်ဝင်ငွေရတဲ့ အလုပ်တစ်ခုခုကို လုပ်နေတဲ့သူမျိုးဖြစ်မှ သူ့အသိုင်းအ၀ိုင်းနဲ့ မိတ်ဆက်ပေးဖို့ အဆင်ပြေပါမယ်တဲ့။ ဒါလဲ မိန်းကလေးဘက်ကကြည့်ရင် မှန်ပါတယ်။ ကျွန်တော်မငြင်းပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း နိုင်ငံရေးဆိုတဲ့ သံသရာထဲမှာ ဘယ်လောက်အထိ မျောပါနေဦးမလဲ။ သူလဲ ဘယ်လောက်အထိ စောင့်နိုင်မလဲ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂတ်ခရီးက တော့ ရေးတေးတေးပါပဲ။ နောက်တချက်က နိုင်ငံရေးလုပ်နေတဲ့သူတွေရဲ့ အားနည်းချက်က ကိုယ့်ချစ်သူကို အချိန်မပေးနိုင်ပါဘူး။ အဲဒါလည်း အတ္တကြီးတယ်လို့ပြောချင်လည်း ပြောလို့ရပါတယ်။ ကျွန်တော်ဖေ့စ်ဘွတ်မှာ စာတွေရေးသားခဲ့တာလည်း ကြာနေပါပြီ။ တခါမှ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မရေးသားဘူးပါဘူး။ ဒီကနေ့လို မြန်မာတနိုင်ငံလုံး ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ကြောင့် ရတက်မအေးဖြစ်နေရတဲ့ အချိန်မျိုးမှာလည်း ကျွန်တော်ဒီလိုစာမျိုးရေးသားပြီး မတင်သင့်ဘူးဆိုတာ လည်း သိပါတယ်။ ဒါကြောင့် တခါတခါတွေးမိပါတယ်။ ဖေ့စ်ဘွတ်က ကျွန်တော့်မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တွေကို ကျွန်တော်ဘာပဲဖြစ်နေဖြစ်နေ ပြောပြချင်ပါတယ်။ ကျွန်တော်သာ စေတလုံးပိုင်ရှင်ဖြစ်နေရင် ကချင် ပြည်နယ်ကစစ်ပွဲတွေရှိတဲ့နေရာကိုသွားပြီး စစ်ပွဲတွေကနေ၊ အပစ်အခတ်ရပ်စဲဖို့၊ အဲဒီကမှတဆင့် တာဝန်ရှိ သူတွေ အဆင့်ဆင့်စားပွဲဝိုင်းတွေပေါ်ကို ရောက်လာဖို့ လုပ်ပေးခွင့်ရှိရင် လုပ်ပေးချင်ပါတယ်။ တဖြည်းဖြည်း ခြိမ်းခြောက်လာနေတဲ့ အနောက်ဘက်တံခါးက လူမျိုးခြားတွေ စိမ့်ဝင်လာတဲ့ အန္တရာယ်တွေကိုလည်း တရားနည်းလမ်းကျကျဖြေရှင်းပေးချင်တယ်။ အသံတွေအမျိုးမျိုးထွက်နေတဲ့ လောလောလတ်လတ် လက်ပံတောင်းတောင်ကိစ္စတွေ၊ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးတွေ၊ ဖက်ဒရယ်ဆိုတာ ခွဲထွက်ဖို့မဟုတ်ဘူးဆိုတာတွေ ပြောပြချင်ပါတယ်။ တနိုင်ငံလုံးမှာ မရပ်မနားဖြစ်နေတဲ့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ပြဿနာတွေ၊ တရားဆိုင်ရာဝန်ထမ်းတွေ ရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ ငွေကိုပဲကြည့်ပြီး ဆုံးဖြတ်ကြတဲ့ မတရားမှုတွေ၊ ရာဇ၀တ်မှုတွေ၊ မိုးထိမိုးမိပြဿနာတွေ၊ တနိုင်ငံလုံးမှာဖြစ်ပျက်နေတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်တွေကို ဖြေရှင်းပေးချင်တယ်။ ဖြေရှင်းပေးဖို့နည်းလမ်းတွေ စဉ်းစားလိုက်ရင် ကျွန်တော်အပေါ်က ရေးခဲ့၊ ပြောခဲ့တာ တွေဟာ အသေးအမွှားတွေဖြစ်သွားပါပြီ။ အဲဒါကြောင့်လည်း ကျွန်တော့်လိုလူမျိုးဟာ အမေ့ရဲ့ သားလိမ္မာ မဖြစ်နိုင်သလို၊ ကိုယ့်လက်တွဲဖော်ရဲ့ အဖော်မွန်ကောင်း ဖြစ်လာချင်မှ ဖြစ်လာမှာပါ။ လူငယ်တွေအတွက်၊ အမှန်တရားအတွက်၊ တရားမျှတမှုအတွက်၊ လွတ်လပ်မှုအတွက်၊ တန်းတူရည်တူရှိမှု့အတွက် အလုပ်တွေ လုပ်ရတော့မယ်ဆိုရင် အရာအားလုံးကို မေ့နေတတ်ပါတယ်။ တခါတခါ ထမင်းစားဖို့၊ ကော်ဖီထသောက်ဖို့ တောင် မေ့နေတတ်ပါတယ်။ ဆောင်းပါးမဟုတ်တဲ့ ကျွန်တော့်မိတ်ဆွေတွေကို ကျွန်တော်ရင်ဖွင့်တဲ့ ကျွန်တော့်ရဲ့ ရင်ဖွင့်သံလို့ပဲ မှတ်ပေးပါ။ သေချာတာတခုတော့ရှိတယ်။ မောင်ထက်အောင်ဆိုတာ ပြည်သူတွေကြားထဲက မွေးဖွားလာတဲ့ ပြည်သူတယောက်ပါ။ မောင်ထက်အောင်ဆိုတာ ဖေ့စ်ဘွတ်ကမွေးဖွားလာတဲ့ ဖေ့စ်ဘွတ်မှာ ကိုယ့်စိတ်ကူးထဲ ပေါ်လာတာမှန်သမျှ ချရေးတတ်တဲ့ အညတရ ဖေ့စ်ဘွတ်ကလောင်ရှင်တယောက်ပါ။ ဒါကြောင့်လဲ ကျွန်တော်ဘာပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်မှာကော၊ အပြင်မှာကော ရင်းနှီးခင်မင်ခဲ့ရတဲ့ ညီအစ်ကို မောင်နှမများအားလုံးကို ဒီနေရာလေးကနေ ကျွန်တော်ရင်ဖွင့်ခွင့်ရလို့ ရင်ဖွင့်ခဲ့တာပါ။ ဆက်လက်ပြီးလဲ ပြည်သူကို ကိုယ်စားပြုတဲ့ စာပေတွေ လက်လှမ်းမီသလောက် ဆက်လက်ရေးသားသွားပါဦးမယ်။ နိုင်ငံအနှံ့ အာဏာရှင်မိသားစုထဲက သတင်းစာသမားတွေရုန်းထွက်နိုင်ကြပါစေလို့ ဆုတောင်းရင်းနဲ့ ရင်ဖွင့်သံကို အဆုံးသတ်လိုက်ပါတယ်။ လေးစားစွာဖြင့် ထက်အောင် (3.1.2013-13:50 pm)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment