စစ်သားတွေကို အော်ပြောလိုက်တယ်။ ကျနော်တို့ ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြနေခြင်းဖြစ်တယ် သွားခွင့်ပြုပါလို့ ပြောလိုက်တော့ သူတို့ဖက်က တုံ့ပြန်ပြောဆိုသံ မကြားရပါဘူး ။ ဒါကြောင့် စစ်သားတွေကြားကပဲ ကျနော်တို့ သပိတ်စစ်ကြောင်းကို ဖြတ်ပြီး ဆက်ထွက်လာခဲ့တယ်။ လမ်းတလျောက်တွင် လက်နက်ကိုင်ပြည်သူ့စစ်တွေက ရပ်ကွက်လုံခြုံရေးယူထားကြတာကိုတွေ့လိုက်ရပါတယ်။ ထိုအချိန်ကကျနော်တို့မြို့မှာ မာရှယ်လေ ဥပဒေ ၁၄၄ ထုတ်ထားပါတယ်။ ကျနော်တို့နောက်မှ စစ်ကားတစီးနဲ့ အသံချဲ့စက်နဲ့ လိုက်အော်နေသော ပါတီကောင်စီကား တစီး လိုက်နေသည်ကိုတွေ့ရပါတယ်။ မြို့နှစ်ပါတ်ပြည့်ခါးနီးတွင် “ပါတီကောင်စီတိုက်ဆောက် ပြည်သူတွေက ဗိုက်မှောက်” ဆိုတဲ့အသံတွေကိုကြားလိုက် ရတော့ အသံလာရာကို ကျနော်တို့အားလုံး ကြည့်လိုက်မိပါတယ် ကိုရင်လေးပါး ကျနော်တို့ သပိတ်နဲ့လာရောက်ပူးပေါင်း အင်အားဖြည့်လိုက်ပြီ်။ ထိုကိုရင်လေးပါးကို ဦးဆောင်ခဲ့ သူမှာ ကိုရင်ဝတ်နေသော အောင်ကို (Rambo-4 တွင်နအဖ ဒုတိယ စစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့သူ) ဖြစ်ပါတယ်။ လာရောက်ပူးပေါင်းလာသော ကိုရင်လေးပါးမှာ ရဲဒင်းငယ် တခုပါလာသဖြင့် ကိုရင်တွေဆီမှာ လူကိုသေစေနိုင်တဲ့ လက်နက်တွေ ပါနေပါတယ်လို့ လက်နက် အပြည့်အစုံနဲ့စစ်ကားမှ လှမ်အော်ပါတယ်။ ကျနော်တို့ဟာ ငြိမ်ချမ်းစွာ ဆန္ဒပြတာဖြစ်တယ် ဒါကြောင့် ဒီရဲဒင်းကိုလည်း ကျနော်တို့မယူသွားဘူးဆိုပြီး ရဲဒင်း ငယ်ကို ကားလမ်းတွင်ချထားပေးခဲ့ပြီး ကျနော်တို့ဆက်ထွက်လာခဲ့တယ်။ သို့သော်လည်း စစ်ကားက ကပ်လိုက် နေသောကြောင့် ကျနော်တို့နဲ့ လာရောက်ပူပေါင်းလိုသူများ ၀င်မလာရဲဖြစ်နေကြပါတယ်။ ဒါကြောင့်ကျနော် လူ(၃၀)ကျော်သာပါတဲ့ သပိတ်စစ်ကြောင်းကို စစ်ကားမ၀င်နိုင်တဲ့ လမ်ကြောင်းကို ပြောင်းလိုက်ကြပါတယ်။ သံလမ်းရဲ့ အရှေ့ဖက် လမ်းကျဉ်းအတိုင်း ၀င်သွားလိုက်ပြီး ပြန်ထွက်လာတဲ့အခါမှာ လူတရာလောက် ဖြစ်သွား တယ်။ မျက်နှာဖုံးတပ်ပြီး စကားပြောဖို့စောင့်နေတဲ့ ကျနော်တို့ကျူရှင် ဆရာကိုမျိုးလွင်ကိုလည်း တွေ့လိုက်ရ တယ်။ လမ်းမကြီးဖက် ဆက်ထွက်လာတော့ သံလမ်းအနောက်ဖက်မှာ လူ ၁၅၀ လောက် လက်ခုပ်တီး အားပေးရင် ကျနော်တို့ရဲ့ သပိတ် စစ်ကြောင်းကိုကြိုဆိုနေကြတာကိုတွေ့လိုက်ရပါတယ်။ လူတွေ များလာတော့ လမ်းဆုံလမ်းခွတွင် ကျူရှင်ဆရာ ကိုမျိုးလွင် တရားဟောတော့လူတွေ တက်တက်ကြွကြွ ရဲရဲတင်းတင်း ထောက်ခံလာကြပြီး လက်ခုပ်သြဘာ များနဲ့အားပေးကြပါတယ်။ အဲဒီအခါမှာကျနော့်စိတ်ထဲတွင် ပူပင် ကြောင့်ကြမှု တ၀က်လျော့ကျသွားပါတော့တယ်။
မိုးကောင်း ၈ လေးလုံးနိဒါန်း
လမ်းဆုံလမ်းခွလူစည်းကားတဲ့နေရာတိုင်းမှာ ကျောင်းသားတွေ ဘာကြောင့်သပိတ်မှောက်တိုက်ပွဲဝင်ရသ လဲ ဆိုတာကို ဆရာမျိုးလွင်ကရှင်းပြပြီး နိုင်ငံရေးတရားဟောပါတော့တယ်။ ထိုအခါကြမှ လူထုက ကျနော်တို့ ကို အစားအသောက်များလာရောက်ပေးကမ်းကြပါတယ်။ ပြည်သူလူထုများမှလဲ သူတို့ မကျေနပ်ချက်တွေ၊ ခံစား ချက်တွေကို ရင်ဖွင့်ပြောဆိုလာကြပါတယ်။ ညနေရောက်တော့ လူစည်းကားတဲ့ ရုပ်ရှင်ရုံလမ်းဆုံမှာ လူထုကို တရားဟောပြီး နားထောင်နေကြတဲ့ လူထုကြားထဲကို ကျောင်းသားများ ၀င်ရောက်ပြီး ပြည်သူ့ရင်ကို ခိုလုံကာ လူစုခွဲလိုက်ကြပါတော့တယ်။ ကချင်ပြည်နယ်မိုးကောင်းမြို့ရဲ့ ပထမဦးဆုံး ကျောင်းသားသပိတ်တိုက်ပွဲကို ၁၃.ရက် ၈ လ ၈၈ ခုနှစ်မှာ အစနိဒါန်းချီခဲ့ကြပါတယ်။
စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲတိုင်းမှာ ကျောင်းသားဆိုတာ တက်ကြွတဲ့ စိတ်ဓါတ်တွေ စွန့်လွတ် အနစ်ခံမူတွေကို အခြေတည်ပြီး လူမျိုး၊ ဘာသာ၊ မခွဲခြားပဲ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ခဲ့ကြသည်ကို ကျနော် မျက်ဝါးထင်ထင်မြင်တွေ့ရပါပြီ။ ( မိုးကောင်းရဲ့ ၈လေးလုံး ဒုတိယပိုင်းကိုဆက်လက်ရေးသားပါအုံးမည်)
ရာစု
ကိုမင်းဌေးဖေ.ဘုတ်ခ်မှကူးယူဖေါ်ပြထားပါသည်။
No comments:
Post a Comment