အိုးဝေ
Friday, January 25, 2013
တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။ (အပိုင်း ၂)
လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်းညစ်လိုက်သေးသကိုး။ ကျွန်တော့် ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ငါးနှစ်အကြာတွင် ၁၉၈၀ ခုနှစ်တွင် ထောင်မှ မထင်မှတ်ဘဲ လွတ်မြောက်လာခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သဖြင့် ကျွန်တော့်တို့ လွတ်လာခြင်း ဖြစ်ပါသည်။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မကြေငြာခင် ကျွန်တော် ထောင်ဆေးရုံသို့ သွား၍ ရဲမြင့်သိန်းကို တွေ့သည်။ သူ့အသဲ ရောင်နေသဖြင့် ဆေးရုံတက်နေရခြင်းဖြစ်သည်။ ဦးသန့်အရေးအခင်း ဖြစ်ပြီးနောက် တင်မောင်ဦး ပြည်ချစ်ပါတီမှ ဦးသွင်တို့နှင့် မြို့ပြလက်နက်ကိုင်တိုက်ပွဲ ဖေါ်ဆောင် ရန်အတွက် ဆွေးနွေးပြီးနောက် ကျွန်တော့်ကို ဒုတိယအသုတ်အဖြစ် ဆွေးနွေးရန် တိုင်ပင်သည့်အခါ ကျွန်တော်က ရဲမြင့်သိန်းကို ကျွန်တော် တောတွင်းသွားရောက်ဆွေးနွေးမည် ဖြစ်ကြောင်း ပြောပြသည်။ ယခင် ပါဝင်သည့် သူငယ်ချင်းများမှာ အမှန်တကယ် လက်နက်ကိုင် တိုက်ပွဲလုပ်ရန် တာစူပြီ ဖြစ်ကြောင်း ဆွေးနွေးသည့်အခါ နောက်ဆုတ်သွားကြသည်။ သူတို့အနေနှင့် အစိုးရကို မကြိုက် သော်လည်း ဆန္ဒပြရုံထက် ပိုလုပ်ရန် မဝံ့ရဲကြ။ ယခင် ဆွေးနွေးစဉ်က အားလုံးက လက်နက်ကိုင် မြို့ပြတိုက်ပွဲကို အားသန်ကြသည်။ လုပ်လိုကြသည်။ အားပေးကြသည်။ လက်တွေ့ အကောင်အထည် ဖော်မည့်အခါ လက်တွန့်သွားကြသည်။ ကျွန်တော် တယောက်တည်း လုပ်မည်ဆိုသည့်အခါ ရဲမြင့်က စိတ်မချ။ သိပ်ချစ်ကြသည့် သူငယ်ချင်းတွေမို့ သူလိုက်မည်ဟုပြောသည်။ ကျွန်တော်က “အေး ငါတို့ အလုပ်က အဆိုးဆုံး သေနိုင်တယ်၊ မသေရင် ထောင်ကျမယ်” လို့ ပြောသည်။ ရဲမြင့်က “အေး အဖမ်းခံရင် ဘယ်လောက်ကျမလဲ” ပြန်မေးသည်။ ကျွန်တော်က အဖမ်းခံရရင် ကြာလှ ၅ နှစ်ပေါ့” ဟု ဖြေလိုက်သည်။ ရဲမြင့်က “အေး လုပ်မယ်ကွာ ငါးနှစ်ဆိုရင် နေနိုင်ပါတယ်” တဲ့။ ထောင်ဆေးရုံတွင် ကုတင်ပေါ်တွင် လှဲနေသော သူငယ်ချင်းကို “ဟေ့ကောင် စိတ်တင်းထား ငါပြောတယ် မဟုတ်လား၊ ငါတို့ ငါးနှစ်လောက်ဘဲ နေရမှာဆိုတာလေ၊ ငါးနှစ်ပြည်ဘို့ တလဘဲ လိုတော့တယ်။ ငါတို့လွတ်မှာပါ”ဟု သူငယ်ချင်း ဖြစ်သူကို အားပေးမိသည်။ ထို့နောက် အလ္လာ သလ္လာပပြောပြီး ထောင်ဆေးရုံမှ ထွက်ခဲ့သည်။ ဆေးရုံမှ ခြေလှမ်း ၁၀ လှမ်း အကွာတွင် ထောင်ဆေးမှူး ကိုဘသန်း (ထောင်ပိုင် မက္ကနားသားမက်) က “ဟေ့ကိုထွန်းအောင်ကျော် ဒီကို မြန်မြန်လာ” ဟု လှမ်းခေါ်လိုက်၍ သူ့ရုံးခန်းသို့ ပြေးသွားသည်။ သူက ရေဒီယို ဖွင့်ထားပြီး “နားထောင် နားထောင်” ဟု ဝမ်းသာအယ်လဲ ပြောသည်။ ရေဒီယိုက “မြန်မာနိုင်ငံတော်အစိုးရ ၂/၈၀ အမိန့်အမှတ်အရ နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်းဖြစ်သည်။ ကျွန်တော် ရဲမြင့်အခန်းသို့ ပြေးသွားပြီး “သူငယ်ချင်း ငါမပြောဘူးလား၊ ငါတို့ ငါးနှစ်ဘဲနေရမယ်ဆို အခု အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ပြီ ငါတို့လွတ်ပြီကွ” ဟု ဆိုသည်။ ရဲမြင့်က ကျွန်တော့်ကို မချိုမချဉ်ကြည့်ရင်း “ငါတော့ စိတ်မကောင်းဘူးကွာ” ဟု ညည်းလိုက်သည်။ “ဟ။ ဘာဖြစ်လို့ မင်းကလွတ်မဲ့ဟာ စိတ်မကောင်းဖြစ်နေတာလဲ” ဟု မေးသည့်အခါ သူကပြုံးပြီး “အခုလွတ်ရင် ငါက အသဲရောင်နေတော့ ဘယ်အရက်သောက်လို့ ရမှာလဲကွာ” တဲ့ အဲဒီတော့ “ခွေးမသား မင်းက အရက်မသောက်ရမှာ တွေးပူနေရသေးတယ်” ဆိုပြီး သူငယ်ချင်းနှစ်ယောက် ဝမ်းသာမိခဲ့ကြသည်။ နိုင်ငံရေးမှ တော်လှန်ရေးသို့ ပြောင်းလုပ်ခဲ့စဉ်က ထောင်ကျရင် ငါးနှစ်ဘဲ နေရမယ်ဆိုပြီး ကျွန်တော် ပြောခဲ့သည်က ကျွန်တော်ဘဲ နှုတ်စည်း၍လား မသိ၊ ဒက်ထိမှန်ခဲ့သည်မှာ တိုက်ဆိုင်မှုလား မသိ၊ နိုင်ငံရေးစလုပ်ကထဲကထောင်ငါးနှစ်ထက်ပိုမနေရဟုအလိုလိုသိနေသည်။ထူးဆန်းသလိုတော့ ရှိသည်။ အကျဉ်းသားများမိသားစုများ၏မျှော်လင့်ချက်ကိုရိုက်ချိုးခြင်း။ ကျွန်တော်တို့ကို မလွှတ်ခင် ထောင်အာဏာပိုင်များနှင့် အစိုးရက ထောင်တွင်း၌ နိုင်ငံရေး အကျဉ်းသားများမရှိ၊ ရာဇဝတ်သားများ သာရှိကြောင်း ကြွေးကြော်ခဲ့ပါသည်။ ရာဇဝတ်သားများကိုမူ ၃ ပုံ ၂ ပုံ လျှော့ရက်ပေး၍ လွှတ်ပါသည်။ ကျွန်တော့်မိသားစုများနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ ထောင်ဗူးဝတွင် လာရောက်ပြီး မိမိသား လွတ်နိုး၊ မိမိယောက်ျား လွတ်နိုး၊ မိမိအကို၊ မောင်၊ ညီ လွတ်နိုးနှင့် လာစောင့်ကြပါသည်။ ပထမစစခြင်း ရာဇဝတ်သားများကို ၃ ပုံ ၂ ပုံ လျှော့၍ ၎င်းတို့ နေသား ၁ ပုံကျော်လျှင် လွှတ်ပေး ပါသည်။ ဥပမာ- ထောင် (၃) နှစ် ကျသူသည်၊ ၃ ပုံ ၂ ပုံ လျှော့လိုက်သဖြင့် တနှစ်သာ ကျန်သည်။ သူထောင်ထဲတွင် နေသား တနှစ်ကျော်လျှင် လွတ်သည်။ နိုင်ငံရေး အကျဉ်းသားများကိုလည်း ရာဇဝတ်သား အဖြစ်သတ်မှတ်၍ နေသားတပုံ ကျော်ပြီး သူများကို ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွှတ်ပေးပါသည်။ ကျွန်တော့်အတွက်မှာမူ တသက်တကျွန်း ကျခံထားသူလည်းဖြစ်နေ၊ နေသားကလည်း ၅ နှစ်သာ ရှိသေးသဖြင့် မလွတ်ဘဲ ရှိနေပါသည်။ သူတို့ကို အစိုးရ ကြေငြာချက်ကို ပြောပြ၍ ကျွန်တော့်တို့သည် နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း ထို့ကြောင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည့်အခါ ထောင်ပိုင်က ကျွန်တော်တို့သည် ရာဇဝတ်သားများသာ ဖြစ်သဖြင့် မလွှတ် နိုင်ကြောင်း ငြင်းဆိုခဲ့ပါသည်။ ထောင်တွင်းရှိ ရာဇဝတ်သားများနှင့် နိုင်ငံရေး အကျဉ်းသားများထဲမှ ၃ ပုံ ၁ ပုံ နေသားရှိပြီး၊ သူများအားလုံး ရာဇဝတ်သားများ အနေနှင့် လွှတ်လိုက်ပြီး ၁၆ ရက်အကြာ ည ၁၀ နာရီခန့်တွင် နှစ်ကြီးသမားများ ဖြစ်သည့် တသက်တကျွန်းများနှင့် သေဒါဏ်ကျခံနေရသူ နိုင်ငံရေး အကျဉ်းသားများကို နောက်ဆုံးရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွတ် မရ နိုင်မှန်း သိသည့် အခါကျမှသာ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ပြီး လွှတ်ပေးခဲ့ပါသည်။ စစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသားများ နိုင်ငံတွင်း မရှိဟု ဖုံးကွယ်ဘို့ရန် အစွမ်းကုန် ကြိုးစားပြီး လွတ်မြောက် လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသားအဖြစ် လွတ်မြောက်သူ နည်းနိုင်သမျှ နည်းကြောင်း ကမ္ဘာသို့ ဗြောင်လိမ်ရန် ကြံစည်မှုသက်သက်ဖြစ်ကြောင်း သုံးသပ်မိပါသည်။ ကျွန်တော့ မိဘများ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြောင့် အလွန်ဝမ်းမြောက်ကြပြီး အခြား နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် ထောင်ဗူးဝတွင်နေစဉ် ရက်ဆက် (၁၀) ရက်တိုင်တိုင် လာစောင့်ကြသော်လည်း ကျွန်တော်တို့လို နှစ်ကြီးသမားများ လွတ်မလာဘဲ ၅ နှစ်၊ ၉ နှစ် ကျသည့် နိုင်ငံရေး အကျဉ်းသားများသာ ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွှတ်သည့်အတွက်ဝမ်းနည်းစွာ နှင့် အိမ်ပြန်ခဲ့ကြရသည်။ ထောင်ပိုင်ကို မေးသည့်အခါ ကျွန်တော်တို့သည် နိုင်ငံရေး အကျဉ်းသား မဟုတ်ဟု ပြောလွှတ်လိုက်ပြန်သည်။ ဆန္ဒပြရန် စီစဉ်ခြင်း။ ထောင်ထည်းတွင်လည်း ကျွန်တော်က အချုပ်ကျနေသူ နိုင်ငံရေး အကျဉ်းသားများကို စည်းရုံး၍ ဆန္ဒပြရန် စီစဉ်ပါသည်။ ၎င်းတို့ကလည်း ပူးပေါင်းပါဝင်မည်ဟု ကတိပေးပါသည်။ ထိုမှတဖန် ကြိုးတိုက်သို့သွား၍ ကြိုးဒဏ်ကျနေသော နိုင်ငံရေး အကျဉ်းသားများကို ကျွန်တော်တို့နှင့် ပူးပေါင်း ပါဝင်ရန် ဆွေးနွေးပါသည်။ ဆွေးနွေးကြသူများမှာ မန်းငွေအောင်၊ မန်းဒါဝိတ်၊ ရခိုင်လူမျိုးဦးထိန်လင်း၊ ဇေယျ၊ သူရတို့ ညီအစ်ကို၊ ဗုံးခွဲသူ ဇော်ကြီးခေါ် ဇော်မြင့်နှင့် ဘုန်းကြီး ဦးလာဘတို့ ဖြစ်ပါသည်။ ၎င်း နေ့တွင်ပင် အချုပ်နှင့် ဖမ်းထားသည့် စီရင်ချက် မကျသေးသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်သဖြင့် ဆန္ဒပြမည့်သူ ကျွန်တော်တို့ အုပ်စုဘဲ ကျန်ပါတော့သည်။ ညဘက် ရောက်သည့်အခါ ကျွန်တော်တို့ ဆန္ဒပြမည်ကို သိသဖြင့် ထောင်ပိုင်က (၃) ဆောင် တခုလုံးကို အထုတ်အပိုး ပြင်ဆင်စေပြီး ညကြီးမင်းကြီး (၅) ဆောင်သို့ ပြောင်းရွှေ့ပါသည်။ တဆောင်လုံး ပြောင်းသဖြင့် ကျွန်တော်တို့ လိုက်ပါသွားရပါသည်။ (၅) ဆောင်အောက် (၂) တွင် ကျွန်တော်တို့ အုပ်စု နေရာချပြီးသောအခါ (၃) ဆောင်မှ ပြောင်းလာသည့် ရာဇဝတ်သားများအားလုံးကို ပြန်ထုတ်၍ (၃) ဆောင်သို့ ပို့ပြန်ပါသည်။ ထိုအခါမှ ကျွန်တော်တို့ အုပ်စု သက်သက်ကို ပြောင်းလျှင်ပြဿနာလုပ်မည် စိုးသဖြင့် တဆောင်လုံး ပြောင်းစေကြောင်း သတိပြုမိပါတော့သည်။ ကျွန်တော်၊ ရဲမြင့်သိန်း၊ အာဇံ၊ တင်ကြိုင်၊ မောင်မောင်အေး၊ လေးခင်၊ ထွန်းကြင် ထို (၇) ယောက်ကို (၅) ဆောင် ပြောင်းရန်အတွက် တဆောင်လုံး ပြောင်းခိုင်းခြင်းသည်။ ကျွန်တော်ဦးဆောင် ဆန္ဒပြ မည်ကို အတော်စိုးရိမ်ဟန်တူသည်ဟု တွေးပြီး ပြုံးမိပါသည်။ (၅) ဆောင်ပြောင်းပြီး ကျွန်တော်မိန်းဂျေး (Main Jail) ဂိတ်သို့ သွား၍ ထောင်ပိုင်နှင့် တွေ့လိုကြောင်း ကျွန်တော်တို့သည် နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း အရေးဆိုပါသည်။ ဝါဒါများက ကျွန်တော် တို့သည် နိုင်ငံရေး အကျဉ်းသားများ မဟုတ်သည့်အတွက် မလွှတ်ခြင်းဖြစ်ကြောင်း ချေပပါသည်။ ကျွန်တော်က ၁၂၂/၁-၂ ဆိုသည်မှာ နိုင်ငံရေးအရ အမြင့်ဆုံး ပုဒ်မဖြစ်ကြောင်း နိုင်ငံတော် ပုန်ကုန်မှု ဖြစ်ကြောင်း ၁၂၂/ ၁-၂ သည် နိုင်ငံရေး ပုဒ်မမဟုတ်လျှင် သူအမေလင် ပုဒ်မလားဟု ပြန်မေးသည့်အခါ ဝါဒါများ စိတ်ဆိုးကြသော်လည်း ရိုက်မောင်းပုတ်မောင်း မလုပ်ကြပါ။ ထိုချိန်က ကျွန်တော်တို့အား မလွှတ်သေးသော်လည်း ထောင်တွင်း ပြောချင်ရာ ပြော၊ သွားချင်ရာသွား လွတ်လပ်ရေး ပေးထား ပါသည်။ ခိုးကြောင်ခိုးဝှက်လွှတ်ပေးခြင်း။ လွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး ၁၆ ရက် အကြာ ကျွန်တော်တို့ အုပ်စုနှင့် သေဒါဏ်သမားများကို ထောင်းဗူးဝသို့ ည ၁၀ နာရီခန့်တွင် ခေါ်သွားပါသည်။ ထောင်ဗူးဝသို့ မရောက်ခင် ဘယ်ဘက်ရှိ တန်းလျားတခုတွင် ထောင်မှူးများက အမည်၊အသက်၊ နေရပ်လိပ်စာတို့ကို စစ်ဆေးပါသည်။ ၎င်းစစ်ဆေးသူများထဲတွင် တင်မောင်ဦးကို ကြိုးပေးသတ်သူ ထောင်မှူးကြီးကျော်ဒင်၊ ထောင်မှူးကျော်ဒင် သည် မြန်မာ့လက်ရွေးစင် ဘော်လီဘောသမားဖြစ်သည်ဟု သိရသည်။ ၎င်းသည် အရပ် ၆ ပေ ခန့်မြင့်ပြီး အသားမဲကြုတ်ကြုတ်နှင့် ခန္ဓာကိုယ်ကြီးမား တုတ်ခိုင်သူတဦးဖြစ်သည်။ ၎င်းက ထွန်းကြင် အား… “ဟေ့ကောင် ပုံစံရပ်” ဟု ပြောသဖြင့် ထွန်းကြင်က ပုံစံရပ်သည်။ ကျွန်တော်က “ငါတို့ကို အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ဘို့ လုပ်နေတာ ပုံစံမရပ်နိုင်ဘူး” ဟု ပြန်ပြောသည့်အခါ ကျော်ဒင်က ကျွန်တော့်ကို ဒေါသနှင့် ကြည့်ပြီး ဘာမှ ထပ်မပြောတော့ချေ။ ထို့နောက် ကျွန်တော်တို့ တသိုက် ဘယ်သူမှ ပုံစံမရပ်ဘဲ သူတို့မေးသမျှကို ဖြေပြီး ည (၁၂) နာရီခန့်တွင် အထုတ်အပိုးများ ယူလျက် ထောင်ဗူးဝထဲတွင် တန်းစီရပ်လိုက်ကြသည်။ ကျွန်တော်တို့နှင့်အတူ ပန်းချီဆရာကြီး ဦးမြတ်ကျော်၏ သားများဖြစ်သော ဇေယျ၊ သူရတို့ ညီအစ်ကိုလည်းပါသည်။ သူတို့ကလည်း သေဒါဏ်ကျထားသူများ ဖြစ်သည်။ ထောင်ဗူးဝတွင် ကျွန်တော်တို့ကို ဖမ်းစဉ်က သိမ်းယူထားသည်များကို လက်မှတ်ထိုး ထုတ်ယူပြီး တယောက်လျှင် အိမ်ပြန်စားရိတ် ၄၇ ပြား ထုတ်ပေးပြီး ထောင်ထွက်လက်မှတ်လည်း ပေးလိုက်သည်။ လိုက်ပို့မည့်ကားများမှာ အချုပ်ကားများဖြစ်သည်။ ထရပ်ကား လူစီးကားများ မဟုတ်။ လွတ်ပြီကျွတ်ပြီ။ ထောင်ဗူးဝ အချုပ်ကားကြီးထည်းသို့ တံခါးကို မပြီး ဝင်လိုက်ကြသည်။ ကျွန်တော်တို့နှင့်အတူ အခြား အကျဉ်းသားများလည်းပါသည်။ စုစုပေါင်း ၂၀ ကျော် ၃၀ ခန့်ရှိမည်။ အားလုံး မျက်နှာများ အပြုံးဖြင့် တောက်ပနေကြသည်။ ဇေယျနှင့် သူရတို့ ညီအစ်ကိုလည်း ပါသည်။ သူတို့က ကျွန်တော့်အိမ် နောက်ဖက်လမ်းတွင် နေသည်၊ တရပ်ကွက်တည်းသားများဖြစ်သည်။ ကမာရွတ်မီးပွိုင့်တွင် ရဲမြင့်ဆင်းသည်။ ကျွန်တော်နှင့်အတူ ကိုအောင်စိုး၊ ဇေယျတို့ ညီအစ်ကိုလည်းဆင်းသည်။ ရဲမြင့်က အိမ်နှင့်နီးသဖြင့် လမ်းလျှောက်ပြန်သည်။ ကျွန်တော်တို့က အချုပ်ကားနောက်တွင် ရပ်လာသည့် လေးဘီးကားပေါ် တက်စီးသည်။ ကိုအောင်စိုးသည် ပြည်ချစ်ပါတီမှဖြစ်သည်။ မော်လမြိုင် ရဲစခန်းကို ဝင်စီးရန် ကြံစည်မှုဖြင့် အဖမ်းခံရပြီး မော်လမြိုင်ထောင်ဖေါက်ရန် ကြံစည်မှုဖြင့် ခြေကျင်းခတ်ပြီး အင်းစိန်ထောင် အပို့ခံရသူဖြစ်သည်။ ထောင်တွင်း ခြေကျင်းဖြင့် ခြင်းခတ်၊ ဘော်လီဘောကစား၊ ဘောလုံးကန် အကုန်လုပ်သည်။ အလွန်ပေသည်။ သူ့သံခြေကျင်းသည် စတီးရောင် ပြောင်နေသည်။ လှုပ်ရှားပွတ်တိုက်လွန်းသဖြင့် သံချေးမတက်။ ထောင်ဖေါက်ရန် ကြံစည်မှုဖြင့် ခြေကျင်းမဖြုတ်ဘဲ တောက်လျှောက် ၅ နှစ်ကျော် ခတ်ခံထားရသူ ဖြစ်သည်။ ရန်ကုန်တွင် တည်းစရာ အိမ်မရှိ၊ အသိမရှိ။ ကျွန်တော်က ကျွန်တော့်အိမ်လိုက်အိပ်ရန် ဖိတ်သဖြင့် ဝမ်းသာစွာ လိုက်လာသည်။ လေးဘီးကား အသံလွှင့်ရုံရှေ့ ရောက်သည့်အခါ ရုပ်မြင်သံကြားမျှော်စင်ကြီးကို တွေ့ရသည်။ အော် ငါတို့ဗမာတွေ ရုပ်မြင်သံကြားတွေ ဘာတွေ ကြည့်နေရပြီကိုးဟု ပြုံးမိသည်။ ကျွန်တော်တို့ အဖမ်းခံ ရစဉ်က ရုပ်မြင်သံကြား မရှိသေး။ လေးဘီးကား အိမ်ရှေ့တွင် ရပ်စေပြီး ကျွန်တော်တို့ နှစ်ယောက် ဆင်းလိုက်သည်။ ဇေယျတို့ ညီအစ်ကို က သူတို့အိမ်ဘက်ဆက်ပြီး သွားသည်။ သူတို့ ကားခပေးလိုက်မည်ဟု။ “အေး တွေ့မယ်ကွာ” ဟု ပြောခါ ကားပေါ်မှ ဆင်းလိုက်သည်။ ကျွန်တော်တို့အိမ်ကြီးကို ကြည့်လိုက်သောအခါ အိမ်ပတ်ပတ် လည်တွင် အုံးပင်များက မိုးသို့ထိုးထွက်နေသည်၊ လွန်ခဲ့သည့် ငါးနှစ်က အပင်တွေ အမြင့်မှာ ၂၅ ပေခန့်သာ ဖြစ်သည်။ ယ္ခု အပင်များက ပေ ၄၀ ခန့်ကျော်ပင် ကျော်မည် မလျှော့။ အိမ်ဘေးမှ သစ်တိုပင်ကြီးကလည်း စိမ်းစိမ်းထနေသည်၊ မည့်လျှင် အလွန်ချိုသော အပင်ကြီးဖြစ်သည်။ သစ်တို ပင်ကြီးနှင့် မလှမ်းမကမ်းတွင် စိုက်ထားသည့် ပိန္နဲပင်ကြီးကလည်း ပေ ၃၀ ကျော်လောက် မြင့်နေပြီ၊ အော်အတော် ပြောင်းလဲသွားပါပေါ့လားဟု တွေးမိသည်။ အချိန်က သန်းခေါင်ကျော်နေပြီ။ ဘယ်သူမှ ကျွန်တော်တို့ လွတ်လာမည်ကို မသိသလို၊ လွတ်မည်ဟုလည်း မထင်ကြတော့။ မိဘမေတ္တာတုနှိုင်းလို့မရပါ။ “ကဲ ကိုအောင်စိုးရေ ခြံတံခါးတော့ ပိတ်နေပြီ၊ လှမ်းအော်လည်း သူတို့နိုးမှာ မဟုတ်ဘူး၊ ခြံတံခါးကို ကျော်တက်ကြစို့။ အမေ့ကို နှိုးမယ်ဟု ပြောလိုက်သည်။ ပြီးနောက် နှစ်ယောက်သား သံဘောင် အကန့်များဖြင့် လုပ်ထားသည့် ခြံတံခါးကို ကျော်တက်ကြသည်။ တံခါးထိပ်တွင် သံဆူးကြိုးများ သွယ်တန်းထားသဖြင့် သံတိုင်အချွန်များနှင့် သံဆူးကြိုးများကို သတိထား ခွကျော်ပြီး ခြံထည်းသို့ ခုန်ဆင်းလိုက်သည်။ ကိုအောင်စိုးမှာ သံခြေမကျင်းမရှိသဖြင့် လမ်းမလျှောက်တတ်သလို ဖြစ်နေသည်။ ကွတကွတနှင့် လမ်းလျှောက်ပြီး ပေါ့တော့တော့ကြီး ဖြစ်နေတယ်ဗျဟု ပြောသည်။ အိမ်မကြီးရှိရာသို့ လျှောက်လာပြီးကား ဂိုဒေါင်သို့ ကပ်ပြီး အမေနှင့် အဖေကို အော်ခေါ်လိုက်သည်။ “အမေ၊ အဖေ တံခါးလာဖွင့်ပါအုံး” ဟု နှစ်ခါ သုံးခါ ခေါ်သည့်အခါ အိမ်အပေါ်ထပ် စင်္ကြန်မီး ဖြတ်ခနဲ ပွင့်လာသည်။ အမေနှင့် အဖေ မီးဖိုခမ်းနှင့် အိမ်မကြီး သွယ်တန်းထားသော စင်္ကြန်ပေါ်သို့ ပြေးထွက် လာသည်။ “သား… လူလေး… အထွန်းလား” ဟု အမေကမေးသည်။ “ဟုတ်တယ်အမေ ကျွန်တော် လွတ်လာပြီ တံခါးဖွင့်ပါအုံး”ဟု လှမ်းပြောသည်။ အဖေက နောက်ဖေးလှေကားမှ ပြေးဆင်းလာပြီး “တံခါးသော့ ယူခဲ့ပါအုံး” ဟု ဆိုသည်။ အမေက “အေးအေး” ဟုဆိုပြီး အိမ်တွင်းပြန်ဝင်သွားသည်။ တခဏချင်း ပြေးထွက်လာပြီး တံခါးသော့ကို အဖေ့ကို ပစ်ပေးရင်း လူကိုယ်တိုင် ဆင်းလိုက်လာသည်။ အဖေက တံခါးကို လက်တုန်တုန်ရင်ရင်နှင့် ဖွင့်သည်။ မျက်ရည်တွေ စီးကျလို့၊ ပြုံးလို့။ တံခါးက တော်တော်နှင့် ဖွင့်မရ၊ လက်တွေက တုန်နေသည်ကိုး။ “ကဲ ရှင်ဖယ်စမ်းပါ” ဟု ဆိုကာ အဖေ့လက်ထဲသော့ကို လှမ်းယူပြီး အမေဖွင့်၍ တံခါးပွင့်သွားသောအခါ အမေက လှမ်းဖက်သည်။ “ငါ့သား ဒီတသက် တွေ့မှတွေ့ရပါတော့မလား အောက်မေ့တာ” ဟု ပြောပြီး မျက်ရည်ကျသည်။ အမေ့ကို တင်းတင်းဖက်လိုက်မိသည်။ အမေက တသိမ့်သိမ့်ရှိုက်နေသည်၊ တဦးတည်းသောသားလေး မသေမပျောက် ပြန်တွေ့ရသည်မဟုတ်လား။ အဖေက နှစ်ယောက်လုံးကို ဖက်ထားသည်။ “ကဲ အိမ်ပေါ်တက်ကြစို့ဟု အဖေက သတိပေးမှ သားအမိနှစ်ယောက် အိမ်ပေါ်တက်ခဲ့ကြသည်။ ကိုအောင်စိုးကို “အမေ ဒါကျွန်တော့်ရဲဘော် ကိုအောင်စိုး ဒီညဒီမှာတည်းမယ် ဒါ ကျွန်တော့ အမေ ဒေါ်ကြင်လှ၊ အဖေဦးတင်အုံး”ဟု မိတ်ဆက်ပေးသည်။ တညလုံးသား အမိသားအဖတွေ စကားလက်ဆုံ ပြောမကုန်ကြ။ အဖေနှင့် အမေက သူတို့ ၁၀ ရက်တိတိ ထောင်ဗူးဝတွင် လာစောင့်ပြီး ည ၉ နာရီခန့်မှ ပြန်ပြန်သွားကြကြောင်း၊ မလွတ်သည့်အတွက် စိတ်ထိခိုက် ကြေကွဲရကြောင်း ပြန်ပြောင်းပြောပြကြသည်။ အမေက ကော်ဖီဖျော်ပြီး မုန့်များဖြင့် ဖွယ်ဖွယ်ရာရာ ကျွေးသည်။ ဝမ်းသာလုံး ဆို့နေကြ၍ မစားနိုင်ကြ။ ကော်ဖီသာ တခွက်ပြီး တခွက်သောက်ရင်း မိုးလင်း သွားခဲ့ကြသည်။ ကိုအောင်စိုးကို နေ့လည်ရထားဘူတာဆင်းဘို့ ရန်ကုန်ဘူတာရုံကြီးသို့ လိုက်ပို့ပြီး လမ်းစားရိတ်ပါ ပေးလိုက်သည်။ ကိုအောင်စိုး ရထားထွက်ခါနီး မျက်ရည်လည်နေသည်။ သေအတူ ရှင်မကွာ နေလာကြသူတွေ ခွဲခွါကြရတော့မည်ကိုး။ ကိုယ်ချင်းစာတရား။ ကျွန်တော်တိရစ္ဆာန်ရုံသို့ မသွားချင်တော့ပါ။ တိရိစ္ဆာန်ရုံသို့ သွားခြင်းသည် ပျော်စရာဟုလည်း မထင် တော့ပါ။ သူတို့အားလုံး ကျွန်တော်တို့လို အကျဉ်းကျနေကြတာပါလားဆိုသည့် ဘဝပေးအသိက ကျွန်တော့် နှလုံးသားတွင်း၌ နက်နက်ရှိုင်းရှိုင်း နေရာယူလိုက်ပါပြီ။ သူတို့ဟာ ရာသက်ပန် အကျဉ်းသားတွေပါလား။ လွတ်ရက်လုံးဝမရှိဘဲ ဒီအကျဉ်းကျလှောင်အိမ်ထဲမှာ မဝရေစာ စားရင်း သေကြရမှာပါလားဟု ကိုယ်ချင်းစာစိတ်နဲ့ မြင်တတ်လာပါသည်။ ပျော်ရွှင်စရာထက် သူတို့အတွက် စာနာစိတ်ဖြင့် ဝမ်းနည်းမိလာပါသည်။ ကျွန်တော်တိုက်ပိတ်ခံထားရစဉ် သံတိုင်ကြားတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည့် နည်းတူ ကျားများ၊ ခြင်္သေ့များကလည်း လှောင်အိမ် သံတိုင်များကြားတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဘဝတွေ ဆုံးခဲ့ကြရမည်မှာ အတူတူပင်ဖြစ်သည်။ အကျဉ်းကျနေသူများဘဝကို အကျဉ်းကျဖူးသူမှ ကိုယ်ချင်းစာ နားလည်နိုင်ပါသည်။ ထောက်လှန်ရေးမှ ဗိုလ်ချုပ်ခင်ညွန့်တို့ လူသိုက် ထောင်ကျသည့်အခါ သူတို့အနေနှင့် အကျဉ်းသားများဘဝကို ကောင်းကောင်းသဘော ပေါက် လိမ့်မည်ဟု ထင်မြင်ပါသည်။ ထို့အတူ တချိန်က အာဏာယစ်မူး၍ ခက်ထန်ခဲ့သူ ဦးနေဝင်း၊ စန္ဒာဝင်းတို့ မိသားစုသည်လည်း ယ္ခုအချိန်တွင် စစ်အာဏာရှင်စံနစ် ၏ ဆိုးဝါးမှုကိုမိသားစုအားလုံး ခံစားရ သည့်အခါအကျဉ်းသားများဘဝကို စာနာစိတ်များ ဖြစ်ပေါ်နေမည့်အပြင် စစ်အာဏာရှင်စံနစ် အမြန်ဆုံး ချုပ်ငြိမ်းပါစေဟု ဆုတောင်းနေမည့် သဘောရှိပေလိမ့်မည်။ လက်ရှိ သန်းရွှေ၊ မောင်အေး တို့ အုပ်စုသည်လည်း ၎င်းတို့ ဆရာကြီးများကို သင်္ခန်းစာယူ၍ တိုင်းပြည်အာဏာကို ပြည်သူ့လက်သို့ အသာတကြည်အပ်နှင်းပါက ဗိုလ်နေဝင်းတို့ကဲ့သို့ အဖြစ်ဆိုး မကြုံဘဲ ရှောင်လွဲနိုင်ပေလိမ့်မည်။ သို့ရာတွင် ကိုယ်ချင်းစာစိတ်ဆိုသည်မှာ ခံစားတတ်သူ၊ ကြင်နာ တတ်သူ၊ လူပီသသူများတွင်သာ ရှိပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment