အိုးဝေ
Saturday, January 26, 2013
သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (ကိုညို)
နိဒါန်း ဒီနေ့..အောက်တိုဘာ၁၃ရက်ဟာ..ပြည်ပရောက်တာ၂၄နှစ်တိတိပြည့်တဲ့နေ့။ မြန်မာပြည်ကြီးနဲ့ခွဲလိုက်ရတာ၂၄နှစ်တောင်ကြာသွားတယ်။ တကယ်ပါ၊တရက်မှဗမာပြည်အ ကြောင်းမတွေးတဲ့နေ့၊ မပြောတဲ့နေ့၊သတိမရတဲ့နေ့ဆိုတာမျိုးမရှိခဲ့ဖူး။ နေ့တိုင်းဗမာပြည်အကြောင်းတွေးတယ်။စာရေးတယ်။ ဗမာပြည်နဲ့ပတ်သက်ပြီးတခုခုတော့အမြဲလုပ်ဖြစ်နေတာပဲ။ သတင်းမရေးဖြစ်တဲ့နေ့မှာတောင်၊အပျင်းပြေ၊စာတပိုဒ်ဖြစ်ဖြစ်ရေးလိုက်တာပဲ။ နို့မဟုတ်ရင် ကဗျာရေး..မဟုတ်လဲသီချင်းရေး..။ဒီလိုနဲ့အလွမ်းဖြေခဲ့တာ..၊ ဒီလိုနဲ့ထွက်ပေါက်ရှာနေခဲ့တာ..။ ၂၄နှစ်ပြည့်ဆိုတော့ဘာလုပ်ရင်ကောင်းမလဲ?အမှတ်တရတခုခုတော့လုပ်မှဖြစ်မယ်။ နိုင်ငံရေးအကြောင်း..၊ရှေးဖြစ်နှောင်းဖြစ်အကြောင်းတွေ..ပြန်ဆွေးနွေးဘို့ စကားပြောဖော်လည်းမရှိဘူး။ရင်းနှီးခင်မင်တဲ့.. သူငယ်ချင်းအပေါင်းအသင်းပြောတာပါ..။ အော်စလိုက..သိတ်ပျင်းစရာကောင်းတယ်။မိတ်ဆွေတွေတော့ရှိပါရဲ့တယောက်နဲ့ တယောက်ဆုံဘို့..သိတ်ကိုအားထုတ်ရတယ်။အလုပ်ကိုယ်စီနဲ့မအားကြဘူး။ ဥရောပလူနေမှုဝဲဂယက်မှာအားလုံးလည်ထွက်နေတယ်။တ၀ဲလည်လည်ပဲ။ စကားပြောဖော်ကိုယ့်မိသားစုတော့ရှိတာပေါ့..။သူတို့နဲ့ကနိုင်ငံရေးကိစ္စ သိတ်မပြောဖြစ်ပါဘူး။သားနဲ့သမီးကငယ်သေးတယ်၊သားက၁၀နှစ်၊သမီးက၈နှစ်..။ ပုံပြောတာဘဲစိတ်ဝင်စားတယ်။တခါတလေ..ပုံပြင်လိုလိုနဲ့ခတ်တည်တည်ပဲ. .ကိုယ့်အကြောင်းတွေ..ဇာတ်လမ်းလုပ်အာနေတာ..၊သူတို့လည်းငယ်သာငယ်တယ်၊ သိတ်နပ်တာ၊မသိချင်ယောင်ဆောင်ပြီးအိပ်ချင်လို့၊အိပ်ရာဝင်ပုံပြင်အနေနဲ့နားထောင် နေတာ၊စိတ်ဝင်စားလို့မဟုတ်ဖူး။သူ့တို့အဖေအာနေတယ်၊ လံကြုပ်တွေပြောနေတယ်ဆိုတာကောင်းကောင်းရိပ်မိတာပေါ့။ ဇနီးကလည်း..သီချင်းတွေနဲ့အ၀တ်အစားတွေ..ဆံပင်ပုံစံတွေ..ဖက်ရှင်တွေပြီးတော့ ဘုရားတရားအကြောင်း၊ဒါပဲစိတ်ဝင်စားတာ..။ စာနာပြီးနားထောင်ပေးတာမျိုးပဲရှိမယ်..ဘာမှပြန်ဆွေးနွေးမှာမဟုတ်ဖူး။ ကဲပါ..၊မထူးပါဘူး..ကိုယ့်ဖာသာစာဘဲရေးတော့မယ်။ ကိုယ့်အကြောင်းကိုယ်ရေးမယ်။ကိုယ်ဖြတ်သန်းခဲ့တာတွေစရေးကြည့်မယ်။ တနေ့တချိန်..သားနဲ့သမီးတို့သိအောင်ပေါ့။ပြီးတော့ကိုယ့်မိတ်ဆွေတွေ သိချင်လည်းသိရအောင်ပေါ့။ အင်း..ပြောမဲ့သာပြောတာ..၊ဘယ်ကစရေးရမလဲ?.. ဘာရေးရမလဲ?...ဘယ်သူ့အတွက်အကျိုးရှိမှာလဲ? ဒါကသတင်းရေးတာမှုတ်ဖူး၊ဆောင်းပါးရေးတာမှုတ်ဖူး၊ ဘယ်သူမှဖတ်ချင်မှာမှုတ်ဖူး..။ အို..မထူးပါဘူး။ ဘယ်သူဖတ်ဖတ်….မဖတ်ဖတ်..ကိုယ့်Face Bookမှာကိုယ်တင်မယ်။ ဖတ်ချင်သူဖတ်၊မဖတ်ချင်လည်းနေ..။ အင်း..ဘယ်ကစရေးရင်ကောင်းမလဲ?...ဘာတွေမှတ်မိလဲ? ၂၄နှစ်ဆိုတော့..တချို့မေ့ကုန်ပြီ.. ကိုယ်အိမ်ကထွက်လာတာကိုက၂၅နှစ်အရွယ်။ ဘွဲ့ရပြီးခါစ..ရှမ်းပြည်မြောက်ပိုင်း.တောင်ပေါ်မြို့လေးက၊ တွဲဘက်အထက်တန်းဆရာ အလုပ်ထွက်ခါစပူပူနွေးနွေး။.. ၈၈အရေးတော်ပုံကြီးမှာထဲထဲဝင်ဝင်လှုပ်ရှားပြီးမှသိတ်မကြာ.. အိမ်ကပြေးခဲ့ရတာ….။ဟုတ်ပြီ..စိတ်ထဲခံစားနေရတာလေးတခုသတိရတယ်။ ခေါင်းစဉ်လေးတခု..အနှစ်၂၀လောက်အိန္ဒိယမှာဖြတ်သန်းခဲ့စဉ်ကာလ၊ ခံစားခဲ့ရတဲ့အဖြစ်တွေ.. အဲဒီခေါင်းစဉ်လေးသတိရတယ်။ ဟုတ်ပြီ..အဲဒါကောင်းတယ်.. သူတို့ဘက်ကကြည့်ရင်Refugees…ကိုယ့်ဘက်ကတော့Freedom Fighter. ကောင်းတယ်ကွက်တိဘဲ..။ဒီခေါင်းစဉ်နဲ့ရေးမယ်။ ပြီးတော့အဲဒီညအကြောင်းရေးမယ်။စိတ်အာရုံထဲ..ရုပ်ရှင်ရိုက်ထားသလို.. စွဲမြဲနေအောင် မှတ်မိနေတဲ့ညလေး..ပြီးတော့ငါ့ဘ၀ကိုတဆစ်ချိုးပလိုက်တဲ့ည၊ ဒီနေ့အထိငါ့ညီအကိုမောင်နှမတွေနဲ့ရှင်ကွဲကွဲ၊သေကွဲကွဲခဲ့ရတဲ့ည၊ပြီးတော့ ငါ့မိတ်ဆွေတွေ၊ရဲဘော်ရဲဘက်တွေ၊ငယ်သူငယ်ချင်းတွေနဲ့ရော.. ငါချစ်တဲ့မြို့ကလေးနဲ့ပါ ကောင်းကောင်းနှုတ်မဆက်ရဘဲ..ခိုးကြောင်ခိုးဝှက်ပြေးလာခဲ့ရတဲ့ည..။ ဒါပေမဲ့အဲဒီလိုငါ့ဘ၀အမှောင်ကျအောင်လုပ်ခဲ့တဲ့ညဟာ.. သူကိုယ်တိုင်ကလင်းနေခဲ့တာ မှတ်မိတယ်။ လတစင်းထိန်နေအောင်သာတဲ့ညပါ။ လသာနေတဲ့..အဲဒီညကစပြီးငါ..ရေးမယ်။ --------------------------------------------------- သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (ကိုညို) (၁) ၀ုန်း ကနဲ အသံတခုကြားပြီးတဆက်ထဲမှာ အောက်ထပ်က ဥစားကြက်တွေရဲ့ ကတော် ကတော် နဲ့ အော်သံတွေက သတိနဲ့အိပ်နေတဲ့ ကျနော့ ကို လှန့်လိုက်သလိုဖြစ်သွားတယ်။ တခါတလေ ဟိုဘက်ခြံထဲက ကြောင်က ကြက်ပေါက်လေးတွေလာဆွဲတတ်တယ်လို့သိထားတာကြောင့် စိတ်နည်းနည်းအေးသွားတယ်။ ချက်ချင်းဘဲ ဘထ္ကရီအိုးနဲ့ဆက်ထားတဲ့တပေခွဲမီးချောင်းလေးကိုဖွင့်လိုက်ပြီး ခေါင်းအုံးအောက်က မှတ်စုစာရွက်တွေညှပ်ထားတဲ့ မှတ်တမ်းစာအုပ်လေးကို အိမ်ခေါင်မိုးသက်ကယ်ကြားထဲထိုးထည့်လိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့နောက် အိမ်ပြန်မအိပ်ဖြစ်တာ ၃ ရက်လောက်ရှိပြီ၊၊ ဟိုဟိုဒီဒီလှည့်ပတ်အိပ်နေပြီးမှ၊ ဒီနေ့တော့ နှင်းဆီခြံမှာဘဲ အိပ်တော့မယ်လို့ဆုံးဖြတ်ပြီး လာခဲ့တာ။ ညနေတုံးကဘဲ သီပေါနယ်က SSA အဖွဲ့မှာ လက်နက်ငယ်သင်တန်းဆင်းပြီး မန္တလေးဘက်မပြန်ခင် ကိုယ်နေတဲ့မြို့ကိုလှည့်ဝင်လာတဲ့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ က သီဟ နဲ့ လင်းပြာ တို့နဲ့ ဆုံဖြစ်တယ်။ဒီခြံထဲမှာတနာရီလောက်တွေ့ပြီး၊ တောခိုချင်တဲ့ ကျောင်းသားတွေကိုဘယ်နည်းဘယ်ပုံ အဆက်အသွယ်တွေနဲ့ တသုတ်စီ ဘယ်လိုပို့ကြဘို့ ဆိုပြီးဆွေးနွေးခဲ့ကြတယ်။ သီပေါနယ်ကရှမ်းရွာလေးမှာလက်နက်ငယ်သင်တန်းအတွေ့အကြုံနဲ့အဲဒီကအနေ အထားတွေကိုယ့်ကိုရှင်းပြတယ်။ကိုယ့်လူတွေကိုဘယ်လိုပုံစံနဲ့လွှတ်ပေးဖို့၊ စကားဝှက်တွေပေးတယ်။သူတို့နဲ့ညနေကပြောခဲ့တာတွေတွေးရင်းရှေဆက် ဘာလုပ်မလဲစဉ်းစားနေလိုက်တယ်။ ပြန်အိပ်ချင်စိတ်က ချက်ချင်းမပေါ်ဘူး၊မျက်စိကြောင်နေတာနဲ့ ဘေးနားစာအုပ်ပုံက လှမ်းမှီတဲ့စာအုပ်တအုပ် ကောက်ဆွဲပြီးဖတ်နေလိုက်တယ်။ နာရီကြည့်တော့ ည ၁၁နာရီခွဲပြီး ၁၀မိနစ်၊၊သိတ်မကြာလိုက်ဘူးထင်တယ်။ ဝေါ ကနဲ ကားတစီး ခြံရှေ့မှာ ရပ်လိုက်တဲ့အသံကြားလိုက်တယ်၊ နားစိုက်လိုက်တော့မသဲမကွဲစကားပြောသံတွေကိုကြားရတယ်။ အိမ်ရှေ့အိမ်ကိုနိုးပြီးတစုံတခုမေးမြန်းနေပုံဘဲ။ ( နောက်မှသိရတာ လာတဲ့ စစ်ထရပ်ကားကြီးက ခြံမှားသွားတာ၊သူတို့ လာချင်တာက ကျနော်နေတဲ့နှင်းဆီခြံဘဲ) အတူနေသူငယ်ချင်း အောင်ကြီးက “အကိုဆင်းခဲ့တော့ မြန်မြန်”လို့လှမ်းခေါ်တာနဲ့ ကမန်းကတန်းချက်ချင်းထပြီး ကြက်ခြံအပေါ်ထပ်ကနေအောက်ကိုဆင်းလိုက်တယ်။ ၂ယောက်သား ၀န်းတံခါးနဲ့ ၀ါးနှစ်ရိုက်ကွာတဲ့ ခြံရှေ့ကဘက္ထရီအားသွင်းတဲ့အုတ်တိုက်ခန်းလေးကို အကာအကွယ်ယူပြီး ခပ်သွက်သွက်ပြေး ၊ လမ်းမပေါ်ခေါင်းပြူကြည့်လိုက်တယ်။ စက္ကန့်ပိုင်းလောက်ဘဲကွာမယ်၊ ဗြုံး ကနဲ ခြံရှေ့ ၀ါးကပ်ကာ ၀န်းတံခါးကိုခြေနဲ့ကန်ဖွင့်လိုက်တဲ့ အသံကြားလိုက်ပြီး “အကိုဒီဘက်လာ” လို့ အောင်ကြီးက ပြောပြောဆိုဆို ကျနော့်လက်ကိုစောင့်ဆွဲပြီးခြံဒေါင့်က ကော်ဖီပင်တွေကြားခါးလေးတွေကုန်းပြီးပြေးသွားလိုက်တယ်။ ကံသီပေလို့၊ လက်မတင်လေးဘဲ၊၊ ကော်ဖီပင်တွေကြားကနေကြည့်လိုက်တော့ ကျနော်အိပ်တဲ့ကြက်ခြံဘက်ကို ခပ်သွက်သွက်လေးဦးတည်ပြေးသွားတဲ့ လက်နက်ကိုင်စစ်သားတွေကိုတွေ့လိုက်ရတယ်။ အဲဒီနေ့က လ ကလည်း လှနေအောင်သာနေတာ။ လရောင်အောက်မှာ၊ယူနီဖောင်းဝတ်တွေကို အထင်းသားတွေ့နေရတယ်။ ညာဘက်လမ်းသွယ်က စစ်သား၎ ယောက် ၊ ဘယ်ဘက် လမ်းသွယ်က စစ်သား၅ ယောက် အားလုံးပေါင်း ၉ယောက်တိတိ။ စစ်သားတချို့က တဗြောင်းဗြောင်းနဲ့မောင်းတင်လိုက်တဲ့အသံဟာ သူတို့ရဲ့စစ်ဘိနပ်သံတွေထက်တောင်ကျယ်နေသေးတယ်။ ကျနော်ကတော့ တခနအတွင်းမှာဘဲ ကိုယ့်ကိုယ်ကို သေလူတယောက်လို နှလုံးသွင်းလိုက်တယ်၊ ငါတော့ ဒီည သွားပြီမလွတ်တော့ဘူးပေါ့။ အံ့သြဘို့ကောင်းတာက၊ အဲလို ကိုယ့်ကိုယ် ကိုအဆုံးစွန်အထိ တွက်ထားလိုက်တာနဲ့ လူက အေးဆေးတည်ငြိမ်သွားတယ်။ ကိုယ်ဘာလုပ်နေတယ်၊ ဘာလုပ်ရမယ်ဆိုတာ ခေါင်းအေးအေးနဲ့ သိနေတယ်။ လရောင်အောက်မှာစစ်သားတွေ ဟိုဘက်ဒီဘက် နေရာယူပြီးခြံကိုဝိုင်းထားတာ မြင်ရတယ်။ ကမန်းကတန်းတိုးလိုက်လို့ လှုတ်ခတ်နေတဲ့ကော်ဖီပင်ကိုင်းလေးတွေကိုငြိမ်အောင်လိုက်ကိုင်နေလိုက်တယ်။ တ၀ီဝီနဲ့ခန္တာကိုယ်အနှံ့ ခဲနေတဲ့ ခြင်ကြားကြီးတွေကို လက်ဖ၀ါးနဲ့ကြိတ်ပြီးပွတ်နေလိုက်တယ်။ ခြံအောက်ကိုရုတ်တရက်ဆင်းလိုက်ချိန် ရောင်ရမ်းပြီးစလွယ်သိုင်းပါလာတဲ့လွယ်အိတ်လေးကိုတောင်၊ အသာလေးချွတ်ပြီး နောက်ဘက်ခတ်လှမ်းလှမ်းဆီ ပစ်ထားလိုက်တယ်။ အဲဒီထဲမှာစာတိုစာစ တချို့နဲ့ လေးဂွ၊လောက်စလုံးတွေပါတယ်။ ရီရတယ်၊၊ ရုတ်တရက်လူကိုမိရင် ဘာလက်နက်မှအတူရှိမနေပါဘူးဆိုတဲ့အတွေးဝင်လာပြီးလုပ်လိုက်တာပါ။ “အပေါ်မှာဘယ်သူတွေလဲ၊ဆင်းခဲ့ပါ” ဆိုတဲ့အသံကိုကြားရတယ်။ ခန နေတော့ လမ်းမဘက်ကားရပ်ထားရာနေရာက ခရာမှုတ်သံတချက်ကြားတယ်။ “ဟေ့ ကြားလား၊အပေါ်မှာဘယ်သူတွေရှိလဲ၊ဆင်းခဲ့ပါ”ထပ်အော်ပြောတယ် ။အောက်ထပ်ကနေ ကျနော်အိပ်တဲ့ကြက်ခြံအပေါ်ထက်ကို လှမ်းအော်ပြောနေတာ။ကျနော်မေ့ပြီးဘက်ထရီမီးပြန်မပိတ်မိခဲ့ဘူး။ အပေါ်ထပ်ကမီးလင်းနေတယ်။ “တယောက်အပေါ်တက်ကြည့်စမ်း”စစ်သားတယောက်ဝါးလှေခါးအတိုင်း တက်သွားတာလည်းကိုလည်း ကိုက်၁၀၀ ကျော်လောက်ဝေးတဲ့ ကော်ဖီပင်တွေကြားကနေ လှမ်းမြင်နေရတယ်။ “ဘယ်သူမှမရှိဘူးဆရာ၊ ခြင်ထောင်တော့ ထောင်ထားတယ်” ‘ခြင်ထောင်ထောင်ရင်လူရှိမှာပေါ့၊ ဘာတွေ့သေးလဲ၊ ရှာပြီးဆင်းခဲ့ကွာ’’ အပြင်က ခရာသံ ထပ်ကြားရတယ်။ ‘’ကဲ လာကြဟေ့၊ခရာမှုတ်နေပြီ သွားကြမယ်’’ သူတို့ပြန်လှည့်လာတယ်၊ ဂလုံကနဲမြည်သွားတဲ့အသံကြားလိုက်တယ်။ စစ်သားတယောက်လက်ထဲမှာ ကျနော့် ဂစ်တာလေးကိုင်သွားတာတွေ့ရတယ်။ လရောင်ဟာပိုပြီးတောက်ပနေသလို၊ပိုပြီးလှလာတယ်လို့ထင်တယ်။ နှင်းဆီပွင့်တွေကိုလရောင်အောက်မှာသဲသဲကွဲကွဲကြီးကိုတွေ့ရတယ်။ အဲဒီညဟာငရဲလက်ကသီသီလေးလွတ်ခဲ့တဲ့ည၊ ကြောင်ရန်ကိုကြောက်တဲ့ ကြက်တွေ သတိပေးလို့ အသက်ချမ်းသာရာရခဲ့တဲ့ည၊ ပြီးတော့ ကျနော်နေထိုင်ရာ ကျောက်မဲမြို့လေးနဲ့၊ အတူဆန္ဒပြဖော် ရဲဘော်ရဲဘက်တွေ၊ညီအကိုမောင်နှမတွေကို ဒီကနေ့အထိ ခွဲခွါ ခဲ့ရတဲ့ ညလည်းဖြစ်ပါတယ်။ (ကိုညို) ၁၄အောက်တိုဘာ၂၀၁၂ (အော်စလို)
အာဏာရှင်မိသားစုထဲကသတင်းစာဆရာပေါက်စ
kio ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းအင်တာဗျူး
အနိုင်မခံ
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment