အိုးဝေ
Sunday, January 20, 2013
ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း
ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း ထွန်းအောင်ကျော် နောက်ခံသမိုင်း မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီစံနစ် အောက်မှ လွတ်လပ်ရေးရ ရှိရန် ကြိုးပမ်းမှုကို ဦးရွက်ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပါမည်ဆိုသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရရှိခဲ့သည့်အခါ ၁၉၄၇ အခြေခံဥပဒေသည် ပြည်ထောင်စုစံနစ် အုပ်ချုပ်ပုံမဟုတ်ဘဲ တပြည်ထောင်စံနစ်သာ ဖြစ်သည်ဟု ရှမ်းခေါင်းဆောင်များက ဦးဆောင်တင်ပြလာခဲ့ပြီး အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲရေးကို တောင်းဆိုလာခဲ့ကြသည်။ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်တွင်းလက်ဝဲ ကွန်မြူနစ်များက ပုန်ကန်ထကြွခဲ့ပြီး၊ ကရင်တပ်များကလည်း ကေအင်ဒီအို (KNDO) Karen National Deface Organization က ဦးဆောင်ပြီး ပုန်ကန်ခဲ့ကြသဖြင့် လွတ်လပ်ခါစ နိုင်ငံ သည် ပြည်တွင်းစစ်မီးများ ကြားတွင် ကျရောက်ခဲ့ရသည်။ ထိုအခါ ပြည်သူများက သူပုန်များကို နှိမ်နှင်းနေသည့် တပ်မတော်ကို အားကိုးလာခဲ့ကြပြီး တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာ့ နိုင်ငံရေးတွင် အရေးပါလာခဲ့သလို ပြည်တွင်းစစ်ကို ရင်ဆိုင်ရင်း သြဇာအာဏာ ကြီးမားလာ ခဲ့ရသည်။ တပ်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး နေ၀င်းကို အားကိုးလာခဲ့ကြသည်။ ပြည်တွင်းစစ် ဖြစ်ရခြင်းမှာ မြန်မာပြည်ကွန်မြူနစ်ပါတီမှ အာဏာရယူရန်အတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက မြန်မာပြည်မှ ခွဲထွက်၍ မိမိကိုယ်ပိုင် နိုင်ငံထူထောင်လိုခြင်းနှင့် အုပ်ချုပ်နေသော အစိုးရမှ စစ်မှန်သော ဖယ်ဒရယ် အခြေခံဥပဒေကို မရေးဆွဲနိုင်ခြင်းကြောင့်ဟု ယေဘုယျ သုံးသပ်နိုင် ပါသည်။ လက်ဝဲလက်ယာ နိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်လိုရာဆွဲရေးသည့် သမိုင်းက လည်းရှိသဖြင့် အဓိက ပြည်တွင်းစစ် ဖြစ်ရခြင်း (၃) ချက်ကို အကျဉ်းရုံး၍ တင်ပြခြင်းဖြစ် ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ဖြစ်ထွန်းလာခြင်းမှာ ပင်လုံ ညီလာခံတွင် ပါသည့် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ဆိုသည့် စာပိုဒ်သည် အဓိက အကြောင်းအရာ ဖြစ်နေသည်ဟု ထင်သည်။ မြန်မာ တနိုင်ငံလုံး လွတ်လပ်ရေး ရရှိရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံမြို့တွင် ဆွေးနွေးခဲ့ကြစဉ် တန်းတူညီမျှရေး နှင့် အကယ်၍ မကျေနပ်လျှင် နောင် (၁၀) နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိစေရမည်ဆိုသည့် သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းက ထိုစဉ်အခါက ဗြိတိသျှတို့က ပြည်မနှင့် တောင်တန်းဒေသဟူ၍ အုပ်ချုပ်ထား ခြင်းကြောင့် အကယ်၍ ဤအချက်ကို လက်မခံပါက တိုင်းရင်းသား ခေါင်းဆောင်များက ပြည်မနှင့်အတူ မပူးပေါင်းဘဲ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့်အတွက် လက်မှတ် ရေးထိုးပေးခဲ့ သည်ဟု ယူဆရသည်။ တချို့သော လက်ဝဲ နိုင်ငံရေးသမားများက “အောင်ဆန်း အသုံးမကျလို့ လက်မှတ်ထိုး ခဲ့တာ၊ အောင်ဆန်းဟာ တရားခံ” ဟု စွပ်စွဲခဲ့ကြသည်။ ထိုစဉ်က ခွဲထွက်ပိုင်ခွင့်ကို ဗိုလ်ချုပ် အောင်ဆန်းက လက်မှတ် မထိုးခဲ့လျှင် မြန်မာရာဇ၀င်သည် တမျိုးတဖုံ ပြောင်းလဲသွားလိမ့် မည်ဖြစ်သည်။ လက်မှတ် မထိုးသဖြင့် သဘောတူညီချက်မရဘဲ တိုင်းရင်းသားများက ဗြိတိသျှ အင်ပါယာဓနသဟာယထဲတွင် ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ပြည်မနှင့်သာ လွတ်လပ်ရေးရ လာစရာ အကြောင်းရှိသည်။ ရှမ်းပြည်၊ ကယားပြည်၊ ချင်းပြည်၊ ကချင်ပြည်နယ်တို့ ဗြိတိသျှ လက်အောက်မှ မည်သည့်အခါတွင် လွတ်လပ်ရေးရမည် မပြောနိုင်သော်လည်း အကယ်၍ သီးခြား လွတ်လပ်ရေး ရရှိပါကလည်း ရှမ်းပြည်သည် ပတ်လည်တွင် ကုန်းလမ်းပိတ် (Land Lock) နိုင်ငံအဖြစ် ပေါ်ထွက်လာပြီး ပင်လယ်ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံ တို့ကို အားကိုးရမည့် အနေအထား ဖြစ်ပေလိမ့်မည်။ ထို့အပြင် ရှမ်းပြည်သည် ယိုးဒယား ပြည်နှင့် ပူးပေါင်းကောင်း ပူးပေါင်းသွားနိုင်ချေရှိသည်။ ဥပမာ SSA ခေါင်းဆောင် ခွန်ဆာ၏ ဋ္ဌာနချုပ်တွင် ထိုင်းဘုရင်နှင့် မိဖုရားဓါတ်ပုံကြီးများ ချိတ်ဆွဲထားပြီး ခွန်ဆာက ၎င်း၏ ဘုရင်နှင့် မိဖုရားဟု ဆိုခဲ့သည့် သာဓကရှိသည်။ သို့မဟုတ် နိုင်ငံကြီးဖြစ်သည့် ယိုးဒယားသို့မဟုတ် ဗမာက ၀င်ရောက် သိမ်းပိုက်နိုင်သည်။ ထို့အတူ ကချင်နိုင်ငံငယ်လေးသည်လည်း ရှမ်းအလား ကုန်းပိတ်နိုင်ငံဖြစ်၍ မြန်မာနှင့် တရုတ်ကို အားကိုးရပေလိမ့်မည်။ တရုတ်က တိဗက်ပြည်ကို ၀င်သိမ်းသလို သိမ်းယူသွားနိုင်ချေ ရှိသလို မြန်မာနိုင်ငံကလည်း မိမိပိုင် နယ်မြေအဖြစ် တောင်းယူ သိမ်းပိုက်ခံရဘွယ်လည်း ရှိနိုင်သည်။ ထိုနည်းတူ ချင်းနိုင်ငံအဖြစ် ထွက်ပေါ်လာ မည်ဆိုပါက ပြည်မကိုပင် အားကိုးရမည့် အသွင်ရှိသည်။ သို့မဟုတ် ကုလားနှင့် ပေါင်း၍ မီဇိုရမ် ပြည်နယ်ထဲတွင် ပါဝင်သွားနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်း အမျှော်အမြင် ရှိသည့်အတွက်ကြောင့် ယနေ့အထိ မြန်မာနိုင်ငံ ဟူ၍ တိုင်းရင်းသားများ အားလုံး စုစည်းထားသည့် အနေအထားသို့ ရှိနေခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါ။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းရင်းသား ခေါင်းဆောင်များ ယုံကြည် ကိုးစားသည့် ပုဂ္ဂိုလ်ကို မသမာသူတစုက လုပ်ကြံ သတ်ဖြတ်လိုက်ပြီးနောက် တိုင်းရင်းသား များ၏ ရပိုင်ခွင့်များ၊ တန်းတူညီမျှရေးဆိုသည့် ကတိများကို နောင်တက်လာသည့် ခေါင်း ဆောင်များက ပျက်ကွက်ခဲ့ကြသည်။ ၀န်ကြီးချုပ် ဦးနုကို ၁၉၆၁ ခုနှစ် ဂျွန်လတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ရှမ်း၊ မွန်နှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်သည့် တောင်ကြီးမြို့ ညီလာခံမှ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုကိစ္စကို ဖြေရှင်းရန် ဦးနုက ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ၌ ရန်ကုန်မြို့တွင် “အမျိုးသား နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ် ပေးခဲ့ သည်။ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရ ကိုယ်စားလှယ်တော်များနှင့် နိုင်ငံရေးပါတီ များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ၀န်ကြီး စပ်ခွန်ချိုက အစည်းအဝေးတွင် ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ဖွဲ့စည်းရေး၊ လွှတ်တော် (၂) ရပ် အာဏာတူရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက တူညီသည့် ကိုယ်စားလှယ် အရေအတွက် ပေးရေး၊ ပြည်နယ်များမှ မိမိဆန္ဒအလျှောက် လွဲအပ်သော အာဏာကိုသာ ပြည်ထောင်စု ဗဟိုအစိုးရမှ ရရှိနိုင်ရေး၊ ကျန်အာဏာကို ပြည်နယ်များတွင် ထားရှိရေး တို့ဖြစ်သည်။ ၎င်းအကျိုးဆက်သည် နောက်တလအကြာ မတ်လ (၂) ရက်နေ့ ၁၉၆၂ နှစ်တွင် ဗိုလ်နေ၀င်းက တိုင်းပြည်ပြိုကွဲတော့မည်ဆိုသည့် အကြောင်းပြချက်ကို အသုံးချ၍ စစ်တပ်ကို ခုတုံးလုပ်၊ အခြေခံဥပဒေကို သစ္စာဖေါက်ဖျက်၍ အာဏာသိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင် စံနစ်ကို ထူထောင်ခဲ့လေသည်။ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကျိုးစားရာတွင်ရင်ဆိုင်ရမည့် အတားအဆီးများ (၁) ဗမာမုန်းတီးရေး စိတ်ဓာတ်။ (၂) မိမိလူမျိုး တမျိုးတည်းကိုသာ ကြည့်လုပ်ဆောင်ရွက်သော လုပ်ရပ်။ (၃) လူမျိုးကြီးဝါဒ တည်ရှိနေမှု။ ဤသုံးချက်သည် ဖယ်ဒရယ်ပြည်ထောင်စုအတွက် အဟန့်အတားကြီးများဖြစ်သည်။ (၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။ တိုင်းရင်းသားများသည် ပြည်တွင်းစစ်ဒါဏ်ကြောင့် မိမိတို့ အိုးအိမ်ပစ်၍လည်းကောင်း၊ သားမယား သေကြေပျက်စီး၍လည်းကောင်း၊ စစ်တပ်၏ ချောဆွဲ ပေါ်တာလိုက်ရ၍လည်း ကောင်း၊ သားပျို သမီးပျိုများ ဖျက်ဆီးခံရ၍လည်းကောင်း စစ်တပ်ကို မုန်းတီးလာကြသည်။ ဗမာစစ်တပ်ဟူ၍ ဗမာလူမျိုးများကိုပါ မုန်းတီးနေကြသည်။ အမှန်စဉ်စစ် ဗမာလူမျိုးများလည်း တိုင်းရင်းသား ပြည်သူများနည်းတူ စစ်အာဏာရှင် စံနစ်ဒါဏ်ကို ခံစားနေကြရသည်။ စစ်အာဏာရှင်တို့ကို တိုင်းရင်းသားများနည်းတူ တိုက်ပွဲဝင်နေကြသည်ကို နားလည် သဘောပေါက် လာလျှင် လူမျိုးရေးမုန်းတီးမှုကို ပြေပျောက်အောင် လုပ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် ပြည်နယ်များရှိ တိုင်းရင်းသားများ အများစုမှာ ပြည်မသို့ မရောက်ဘူးကြသဖြင့် ပြည်မ တွင်လည်း ပြည်နယ်များမှာကဲ့သို့ နှိပ်စက်ညှင်းပန်းမှုရှိကြောင်း မသိမြင်ကြ၍သာ ဗမာတပ် ဟူ၍ ဗမာလူမျိုးများကို မုန်းတီးနေကြခြင်းဖြစ်သည်။ ဗမာခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုကိုကြီး၊ ဋ္ဌေးကြွယ် တို့ ထောင်ထဲတွင် ဆယ်စုနှစ်နှစ်ခု နေလျှက် တိုက်ပွဲဝင်နေကြခြင်းကို သိချင်မှ သိပေလိမ့်မည်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်တို့ကိုသာ သိရှိချင် သိရှိနေမည်ဖြစ်သည်။ အချုပ်မှာ လူမျိုးရေး မုန်းတီးမှုသည် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ကြီးမား သော အဟန့်အတားကြီးဖြစ်သည်။ စစ်အာဏာရှင် စံနစ်ကြောင့်သာ ဗမာလူမျိုးများ အပါအ၀င် တိုင်းရင်းသားများ အားလုံး ဒုက္ခဆင်းရဲ ခံနေရသည်ကို ရှင်းလင်းစွာသိပြီး လူမျိုးရေး မုန်းတီး မှုမှာ မှားယွင်းကြောင်း သိမြင်လာဘို့ အဓိကလိုအပ်သည်။ လူမျိုးရေး မုန်းတီးမှုမရှိမှ၊ တွေ့ဆုံ ဆွေးနွေးသော အခါတွင် အလွယ်တကူ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ (၂) မိမိလူမျိုး တမျိုးတည်းအတွက်သာ ကြည့်ပြီး လုပ်ဆောင်နေသော လုပ်ရပ်။ တတိုင်းပြည်လုံးကို တပ်သားသုံးသိန်းကျော် အင်အားဖြင့် ဖိနှိပ်ထားသော စစ်အာဏာ ရှင်စံနစ်ကို မိမိပြည်နယ် တခုတည်း လွတ်မြောက်ရေးအတွက် သက်သက် တိုက်ပွဲဝင်နေ မှုသည် “တောင်ကြီးဖြိုမဲ့ကြံ ခါးကမသန်” ဆိုသည့် ပမာဖြစ်နေသည်။ အဓိက တိုင်းရင်းသား ခေါင်းဆောင်များ မြင်ရမည်မှာ မြန်မာပြည်တပြည်လုံး လွတ်မြောက်မှ ငါတို့ပြည်နယ်ပါ လွတ်မြောက်မည် ထို့ကြောင့် တပြည်လုံး လွတ်မြောက်ရေးကို ငါတို့ ကြိုးစားရမည် ဆိုသည့် အမြင်ကို ထားရှိဘို့လိုသည်။ ထိုသို့ တပြည်နယ် လွတ်မြောက်ရေးထက် တပြည်လုံး လွတ်မြောက်ရေး ဆိုသည့် အမြင်သို့ ပြောင်းပစ်လိုက်ပါက တော်လှန်ရေး အောင်မြင်သော နေ့တွင် ထိုခေါင်းဆောင်များသည် ပြည်နယ် ခေါင်းဆောင်များဘ၀ သာမက တနိုင်ငံလုံး လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးသော အမျိုးသား ခေါင်းဆောင်များဘ၀သို့ တက်လှမ်း ရောက်ရှိလာပေလိမ့်မည်။ (၃) လူမျိုးကြီးဝါဒ တည်ရှိနေမှု။ ဗိုလ်နေ၀င်း လက်ထက်မှစ၍ ဗိုလ့်သန်းရွှေ လက်ထက်အထိ မြန်မာ စစ်တပ်သည် လူမျိုး ကြီးဝါဒဖြင့် တိုင်းရင်းသား ပြည်သူများကို မြန်မာမှု (Burmanization) ပြုခဲ့ကြခြင်းသည် တိုင်း ရင်းသား စည်းလုံးညီညွတ်မှုကို ကြီးစွာသော ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသား ဘာသာစာပေများ သင်ကြားခွင့်ကို ပိတ်ပင်၍ မြန်မာစာ ကိုသာ သင်ကြားစေခြင်း တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းပေးခြင်း မပြုဘဲ မျက်ကွယ်ပြုခြင်းတို့သည် အလွန်ကျဉ်မြောင်းသည့် လူမျိုးကြီး ၀ါဒဖြစ်သည်။ အမေရိ ကန်၊ ဥရောပ နိုင်ငံများတွင် မူလတန်းအောင်ပြီး (၄- ၅) တန်း ရောက်လျှင် အင်္ဂလိပ်ဘာသာ စကားအပြင် နိုင်ငံခြား ဘာသာရပ် တခုခုကိုပါ တွဲယူရသည်။ နိုင်ငံခြားသား အခြေချသူများ ရောက်လာသည့် အခါတွင် စာသင်အရွယ် ခလေးသူငယ်များကို အင်္ဂလိပ်ဘာသာအပြင် မိမိ လူမျိုး ဘာသာစကား မပျောက်ကွယ်ရအောင် စောင့်ရှောက်ကြဘို့ အားပေးခြင်း ကူညီခြင်းကို ပြုကြသည်။ တိုင်းတပါး ဘာသာစကား၏ တန်ဘိုးကို လေးစားကြသည်။ အမျှော်အမြင် ကြီးကြသည်။ ငါ့ဘာသာစကားကိုဘဲ သင်ရမည်ဟုအနိုင်ကျင့်မှုမရှိ။ ဘာသာစကားနှင့် ပတ်သက်၍ အောက်တွင် အကျယ်ဆွေးနွေး တင်ပြသွားပါမည်။ အထက်တွင် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ရှိသည့် အတားအဆီး (၃) ရပ်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထိုအတားအဆီး (၃) ရပ်ကို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံး မည်သို့၊ မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ဉာဏ်မီသလောက် တင်ပြ ဆွေးနွေးသွားမည်ဖြစ်သည်။ ထိုသို့တင်ပြ ဆွေးနွေးရာတွင် ကျွန်တော့်၏ စိတ်ထဲတွင် မြန်မာပြည်ဖွါး တိုင်းရင်းသား ပြည်သူများ အားလုံး- (၁) လွတ်လပ်သော လူသားများအဖြစ် ပျော်ရွှင်ချမ်းမြေ့ လူပီသစွာ နေထိုင်နိုင်ရေး။ (၂) လူ့အခွင့်အရေး တန်းတူညီမျှ ရရှိရေး။ (၃) စည်းလုံးညီညွတ်သော ဖယ်ဒရယ်စစ်စစ် နိုင်ငံတော်ကြီး ပေါ်ပေါက်ရေးဟူသော စစ်မှန် သည့် စေတနာ အမြင်ဖြင့် တင်ပြခြင်းဖြစ်ကြောင်း စကားပလ္လင်ခံပါရစေ။ ထို့ကြောင့် ကျွန် တော်ရေးသား တင်ပြချက်များကို လူမျိုးကြီး စိတ်ဓာတ်ရှိသော ဗမာလူမျိုးများနှင့် ကျဉ်းမြောင်း သော လူမျိုးရေး စိတ်ဓာတ်ရှိသည့် တိုင်းရင်းသားတို့က လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ပြည်သူတို့ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်တွင်းတွင် တကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသော၊ တစည်းတလုံးသော ဖယ်ဒရယ်စစ်စစ်ကို လိုလား သည့် မည်သည့် တိုင်းရင်းသား ခေါင်းဆောင်မဆို ကျွန်ုပ်၏ တင်ပြဆွေးနွေးချက်ကို မူအားဖြင့် လက်ခံနိုင်လိမ့်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ဖယ်ဒရယ်ဆိုလျှင် မထိနဲ့ မကိုင်နဲ့ဟု မိမိ ပြောမှားဆိုမှားဖြစ်ခဲ့လျှင် နိုင်ငံရေး သေသွားမည်ဆိုသည့် အတွေးဖြင့် ယနေ့ နိုင်ငံရေးသမား တော်တော်များများနှင့် ခေတ်ဟောင်း နိုင်ငံရေးသမားကြီးတို့က လက်ရှောင်ခဲ့ကြပေသည်။ ကျွန်တော့အမြင်သည် အကယ်၍ ကျွန်တော်တို့က လက်ရှောင်နေသော ကိစ္စကို ထိုအတိုင်း လွှတ်ထားပါက ထိုလိပ်ခဲတင်းလင်း ဖြစ်နေသော ကိစ္စကို စစ်အာဏာရှင်တို့က အသုံးချ၍ “တိုင်းပြည်ပြိုကွဲမည့် အရေးကြောင့်” တပ်မတော်ကို တိုးချဲ့နေရပါသည်ဟု အကြောင်းပြချက်ဖြင့် တောင်တန်း ပြည်မမကျန် စစ်အာဏာဖြင့် ဆက်လက်နှိပ်ကွပ် နေမည် သာဖြစ်သဖြင့် ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဟု ဆိုသောစိတ်ဓာတ်ဖြင့် မိမိ၏ အမြင်ကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။ ပထမဆင့် ဗမာမုန်းတီးရေး စိတ်ကို ချေဖျက်ခြင်း ဗမာမုန်းတီးရေး စိတ်ကို ခြေဖျက်လိုလျှင် တိုင်းရင်းသားများဖက်မှ ၎င်းတို့ကို ဖိနှိပ် သတ်ဖြတ်နေသော ရင်းမြစ်ကို သိမြင်ဘို့လိုသည်။ ၎င်းတို့နှင့် ဗမာ တိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်နေသည့် စစ်အာဏာရှင် စံနစ်ကို မြင်မှသာ ဗမာမုန်းတီးရေး စိတ်မှ ဗမာများ နှင့် အကျိုးတူ ပူးပေါင်း၍ စံနစ်ဆိုးကို အတူတကွ တိုက်ထုတ်ပစ်မှသာ ရည်မှန်းချက် ပန်းတိုင် ဖြစ်သော သာတူညီမျှရေး၊ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် ပန်းတိုင်ကို အဖိနှိပ်ခံပြည်သူများ၏ စုပေါင်းအားဖြင့် တည်ဆောက် နိုင်မည်ဖြစ်သည်။ ၎င်းနည်းတူ ဗမာလူမျိုးများကလည်း စစ်အာဏာရှင်စံနစ်သည် တတိုင်းပြည် လုံးကိုဗမမှုပြုခြင်း(Burmanization) သည် အားကျစရာ၊ သဘောတူစရာ လုပ်ရပ် မဟုတ်၊ အလွန်ကျဉ်းမြောင်းသည့် လူမျိုးကြီးဝါဒ (တနည်း) မဟာဗမာဝါဒဖြစ်သည်။ ၎င်းဝါဒ သည် မြန်မာနိုင်ငံကြီးကို အင်အားတောင့်တင်းသည့် ဗမာနိုင်ငံတော်ကြီး အဖြစ်သို့ တွန်းမပို့ဘဲ ပြည်တွင်းစစ် သံသရာ၌ တ၀ဲလည်လည်ဖြစ်နေမည့် ၀ါဒဖြစ်သည်။ ထိုဝါဒသည့်တိုင်းပြည်ပြိုကွဲရေးကိုဦးတည်စေသည်ဟုမြင်ရမည်။ ထိုအခါ မှညီနောင် တိုင်းရင်းသားများ၏ တန်ဘိုး မဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့် တိုင်းရင်းစာပေ၊ စကား၊ ယဉ်ကျေးမှုများကို ပြုစုပျိုးထောင်ပေးခြင်း၊ မြေတောင်မြှောက်၍ အရှည်တည်တံ့ အောင် တန်ဘိုးထား အားပေးခြင်း၊ ကာကွယ် စောင့်ခြင်းတို့ကို ယုံယုံကြည်ကြည် အားတက် သရောဖြင့် ရိုးသားစွာ ပြုကြဘို့ လိုအပ်ပေသည်။ ဥပမာ- ကော်နဲတက္ကသိုလ် (Cornell University) သည် အရှေ့တောင်အာရှ ဒေသနိုင်ငံ များ၏ စာပေများကို အဓိကစုဆောင်း မှတ်တမ်းတင်သည့် စာကြည့်တိုက်များ ထားရှိသည်။ Kroch Library သည် အရှေ့တောင်အာရှနှင့် အရှေ့အာရှစာပေများကို အထူးသိုလှောင် ထားသော စာကြည့်တိုက်ကြီးဖြစ်သည်။ ပေါပေါ့ခမာနီကွန်မြူနစ်များ ကမ္ဘောဒီယားနိုင်ငံကို တိုက်ခိုက် အာဏာ သိမ်းယူပြီးနောက် ရှေးဟောင်း အမွေအနှစ် စာပေ ယဉ်ကျေးမှုများကို ဖောက်ပြန် သော စာပေများအဖြစ် သတ်မှတ်၍ ကမ်းကုန်အောင် ဖျက်ဆီးပစ်ခဲ့သည်။ နောင်ဗီယက်နမ် ထောက်ခံမှုဖြင့် တက်လာသော ဟွန်ဆန် အစိုးရလက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ယဉ်ကျေးမှု အမွေအနှစ်များ ခေါင်းပါးလျက်ရှိသည်ကို ပြန်လည်ပျိုးထောင်ရန် ကမ္ဘောဒီးယား ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်၍ ကော်နဲတက္ကသိုလ် စာကြည့်တိုက်မှ တန်ဖိုးထား ငွေကုန် ကြေးကျခံ သိမ်းဆည်းထားသော စာပေများ အားလုံးကို ကူးယူနိုင်ခဲ့သဖြင့် ကမ္ဘောဒီးယား လူမျိုးတို့ မိမိစာပေ ယဉ်ကျေးမှုတို့ကို ပြန်လည်ပြုစု ထူထောင်နိုင်ခဲ့ပေသည်။ ဤအချက်က နိုင်ငံခြား တိုင်းပြည်တခုဖြစ်သည့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ၏ အမျှော်အမြင်ကြီးမားမှု၊ မိမိနှင့် ဘာသာမတူ လူမျိုးမတူသဖြင့် ဂရုစိုက်စရာမလိုဆိုသည့် စိတ်ထားမျိုးမရှိဘဲ၊ တိုင်းတပါး ယဉ်ကျေးမှုပင် ဖြစ်လင့်ကစား တန်ဘိုးထား ထိမ်းသိမ်းထား ကြသည်ကို လေးစားမိပါသည်။ မြန်မာနိုင်ငံတွင်မူ ဗမာစကားသာ သင်ယူရမည်၊ တိုင်းရင်း သားပြည်နယ်များတွင် တိုင်းရင်းသားများ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း များ၌ တိုင်းရင်းသား စာပေကို သင်ကြားခွင့်မရှိ ပိတ်ပင်ထားခဲ့သည့် ကျဉ်းမြောင်းသည့် လူမျိုးကြီး ၀ါဒကို ကျင့်သုံးလျက်ရှိသည်ကို ၀မ်းနည်းစွာ တွေ့နေရသည်။ မြန်မာပြည် ပညာရေး စံနစ်သစ် မြန်မာပြည် ပညာရေး စံနစ်သစ်တွင် တိုင်းရင်းသား ပြည်နယ်များတွင် မူလတန်းမှ စ၍ တက္ကသိုလ်ဝင်တန်း အထိ မိမိလူမျိုး စာပေကို သင်ကြားခွင့်ရှိစေရမည်၊ ထို့အပြင် မြန်မာစာပေ ကိုလည်း သင်ယူရမည်၊ အင်္ဂလိပ်စာကိုလည်း သင်ယူရမည်။ တိုင်းရင်းသားစာပေ သင်ယူရ ခြင်းမှာ ကိုယ့်ဘာသာ ယဉ်ကျေးမှုကို ထိမ်းသိမ်းရန်အတွက် ဖြစ်ပြီး၊ မြန်မာစာပေကို သင်ယူရ ခြင်းမှာ ပြည်တွင်း၌ အခြားလူမျိုးစုများ အားလုံးနှင့် ဆက်သွယ်ရန် Internal Communication အတွက်ဖြစ်သည်။ အင်္ဂလိပ်စာပေ သင်ယူရခြင်းမှာ ကမ္ဘာနှင့် ဆက်သွယ် နိုင်ရန်ဖြစ်သည်။ မြန်မာပြည် အရှေ့မြောက်ပိုင်း ၀ဒေသ၊ လာရှိုးအထိ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူများ မြန်မာစကားထက် တရုတ်စကားကို အများသုံး ဘာသာ စကား အဖြစ် ပြောဆိုနေ ကြပြီဖြစ်သည်။ ထိုဒေသတွင် တရုတ်လွှမ်းမိုးမှု ကြီးမားလာနေပြီ ဖြစ်ကြောင်း ဤအချက်က ထင်ရှားသဖြင့် အထူး သတိထားကြရန် လိုပေသည်။ ထို့အတူ ပြည်မရှိ တိုင်းများတွင်လည်း ကျောင်းများ၌ မြန်မာဘာသာအပြင် တိုင်းရင်းသား ဘာသာ တခုခုကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းရမည်။ ထိုအခါ ဗမာစကားပြော ကျောင်းသားများ တိုင်းရင်းသား ဘာသာ တတ်လာသဖြင့် ညီနောင် တိုင်းရင်းသားများ၏ ဘာသာယဉ်ကျေးမှု တို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ လိုက်စားသူများ ပေါ်ပေါက်လာပြီး၊ တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း တန်ဘိုးထားသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာမည် ဖြစ်သည်။ ထို့အတူ တိုင်းရင်းသားများ သည်လည်း ဗမာစကား တတ်ကြွမ်းသဖြင့် မိမိ ပြည်နယ်မှ အခြားပြည်နယ်များကို အလည်သွားရောက်သည်ဖြစ်စေ၊ အခြေချ ပြောင်းရွေ့ နေထိုင်သည်ဖြစ်စေ ဗမာစကားဖြင့် ပြောဆိုဆက်ဆံ နိုင်မည်ဖြစ်သလို၊ တိုင်းရင်းသား ဘာသာ ဆရာများလည်း ပြည်မတွင် အလုပ်အကိုင်များ ရရှိပွင့်လန်းလာပြီး အပြန်အလှန် လေးစားမှု၊ တဦးယဉ်ကျေးမှု ဓလေ့ထုံးစံကို တဦးက နားလည်မှု၊ တန်ဘိုးထားမှုတို့ ပေါ်ပေါက် လာပေလိမ့်မည်။ ဖို့ဒ်ဝိန်းမြို့တွင် နှစ်အတန်ကြာက ၎င်းအတွေးအခေါ်ကို ဆွေးနွေး တင်ပြသည့်အခါ တိုင်းရင်းသား များလည်း တက်ရောက် ဆွေးနွေးကြပြီး၊ ထိုအထဲမှ ရှမ်းအမျိုးသမီးတဦး (ဒေါက်တာသောင်းထွန်း၏ ဇနီး) က သူမအနေနှင့် ရှမ်းပြည်တွင် ဗမာစကား သင်ကြားရန် မဖြစ်နိုင်ကြောင်း ရှမ်းပြည်တွင် ရှမ်းစကားသာ သင်ရမည်ဖြစ်ကြောင်း ကန့်ကွက် ပြောဆိုခဲ့ ပါသည်။ သူမက ထိုသို့ ကန့်ကွက်ခြင်းကို ဗမာစကားနှင့် ပြောဆို ကန့်ကွက်ခဲ့ခြင်းအပေါ် ကျွန်ုပ်က သူမပြောဆိုသည့် စကားမှာ- (၁) ဗမာစကားဖြစ်ခြင်း (၂) ဗမာစကားနှင့် ပြောဆိုခြင်းကို တက်ရောက်သူများတွင် ရှမ်း၊ ကရင်၊ ကချင်၊ မွန်တိုင်းရင်း သားများ ပါဝင်နေခြင်း။ ထိုတိုင်းရင်းသားများ သူမပြောသမျှကို နားလည်သည်မှာ ၎င်းတို့ အားလုံး ဗမာစကားကို ကျွမ်းကျင်စွာ တတ်ကြွမ်းခြင်းကြောင့်ဖြစ်ကြောင်း၊ ဗမာစကားသည် အများသုံးစကား နိုင်ငံသုံးစကားဖြစ်ကြောင်း၊ သူမအနေနှင့် ရှမ်းစကားဖြင့် ပြောဆိုပါက ရှမ်းများမှ လွဲ၍ ကျန်လူများ နားလည်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ထို့ပြင် သူမအနေနှင့် ဗမာစကားကို သင်ကြား တတ်မြောက်ထားပြီး အခြားရှမ်းပြည်သူများကို သင်ရန် မလို ဆိုသည် မှာလည်း အဓိပ္ပါယ်မရှိကြောင်း ထောက်ပြခဲ့ပါသည်။ မွန်ကိုယ်စားလှယ်များက ကျွန်ုပ်၏ တင်ပြမှုကို လက်ခံပြီး မေးခွန်းတခု ထုတ်ခဲ့ ပါသည်။ ၎င်းမေးသော မေးခွန်းမှာ မြန်မာလို့ခေါ်ခေါ် ဗမာလို့ခေါ်ခေါ် ကျွန်ုပ်တို့ နိုင်ငံသည် ဗမာလူမျိုးကို ကိုယ်စားပြုပြီး ပေးထားသလို ဖြစ်နေသည့်အတွက် ၎င်းအနေနှင့် မြန်မာနိုင်ငံ သို့မဟုတ် ဗမာနိုင်ငံဟူသော အသုံးအနှုန်းကို နိုင်ငံတခုအမည်ဖြင့် လက်မခံနိုင်ပါဟု တင်ပြ ဆွေးနွေးသွားပါသည်။ သူ့တင်ပြချက်ကို ကျွန်ုပ်၏ ကိုယ်ပိုင် တဦးတယောက်အနေနှင့် လက်ခံပါသည်။ ဟုတ် ပါသည်။ မြန်မာနိုင်ငံဟုခေါ်ခေါ် ဗမာနိုင်ငံဟုခေါ်ခေါ် ၎င်းအမည်သည် ဗမာလူမျိုးကို ကိုယ်စား ပြုနေသယောင်ရှိပါသည်။ ထို့ကြောင့် ခင်ဗျားမှာကော ဒီနံမည်မကြိုက်ရင် ဘယ်လို စဉ်းစား ထားတာ ရှိသလဲဟု မေးခဲ့သည့်အခါ ထိုပုဂ္ဂိုလ်က သူ့တွင်လည်း မစဉ်းစားရသေးကြောင်း သို့ရာတွင် လက်ရှိအမည်ကိုမူ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဟု ခံစားရပြီး ဗမာလူမျိုး ကိုသာ ကိုယ်စားပြုနေသည်ဟုမြင်ကြောင်း တင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံကြုံတွေ့နေရသောပြဿနာမှာအမည်စွဲနေသည့်ပြဿနာဖြစ်သည်၊ အနှစ်သာရထက် အမည်ကို စွဲ၍ပြဿနာတက်နေကြခြင်းဖြစ်သည်။ နိုင်ငံတော် အမည် ပြဿနာ မွန်ကိုယ်စားလှယ် တင်ပြချက်သည် ဗမာလူမျိုးများအားလုံး စဉ်းစားရမည့် အချက်ဖြစ် ပါသည်။ မြန်မာဟုဆိုဆို ဗမာဟုဆိုဆို ၎င်းနံမည်သည် ဗမာလူမျိုးများကို အဓိက ဇောင်းပေး မှည့်ခေါ်ထားသော နံမည်လို်ဖြစ်နေပါသည်။ ထိုကြောင့် အများ သဘောတူသည့် နိုင်ငံ့အမည်ကို အနာဂါတ် ခေါင်းဆောင်များ စဉ်းစားဘို့ လိုလာပါသည်။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်ချင်လျှင် ဗမာလွှမ်းမိုးမှုကို ပယ်ဖျက်ရာ၌ နိုင်ငံအမည်သည်လည်း အဓိက ပြောင်းလဲရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။ မြန်မာပြည်ဖွား ကိုယ့်လူများသည် မိမိကိုယ်ကို အလွန် သိဒ္ဓိတင်လေ့ရှိသူများ ဖြစ်သည်။ ကိုရီးယားများကို ကကြီးဟု၎င်း ဂျပန်များကို ခွေးဟု၎င်း၊ မိမိကိုယ်ကို ရွှေဟုလည်းကောင်း တင်စားကြပါသည်။ ထို့ကြောင့် ကျွန်တော် အကြံထွက်သည်မှာ မြန်မာနိုင်ငံကို “သုဝဏ္ဏဘူမိ” ခေါ်ရင်ကော တိုင်းရင်းသား အများစုက ကြေနပ်ကြပါမည်လားဟု မေးချင်ပါသည်။ သုဝဏ္ဏ= ရွှေ၊ ဘုမ္မိ= မြေ၊ ရွှေမြေဟု အဓိပ္ပါယ်ရသည်။ ဤသည်က တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရှေးရှု၍ တတ်သလောက် ကလေးနှင့် စိတ်ကူးယဉ် တင်ပြချက်သာဖြစ်ပါသည်။ တိုင်းပြည်နံမည်ကို န၀တ/ နအဖ တို့က ပြည်သူ့ဆန္ဒ မပါဘဲ ပြောင်းလိုပြောင်း၊ အလံတော်ကို ဖြုတ်လိုဖြုတ် လုပ်နေသော်လည်း အကယ်၍ ဖယ်ဒရယ်စစ်စစ် တည်ဆောက်ရာတွင် ပြည်တွင်းရှိ လူအားလုံး၏ သဘောဆန္ဒကို ခံယူ၍ အများကြေနပ်သော နံမည်ကို လက်ခံရယူခြင်းသာလျှင် အကောင်းဆုံး ဖြေရှင်းခြင်း ဖြစ်ပါ လိမ့်မည်။ ဗမာလူမျိုးကြီးကို မယုံကြည်ခြင်း၊ လူအင်အားများသော ဗမာများက မိမိပြည်နယ် ငယ်လေးကို ဖိအားသုံး အနိုင်ကျင့်ခြင်းမှ လွတ်ကင်းရန်ဟု ကြံရွယ်ကာ တိုင်းရင်းသား ခေါင်းဆောင်များက ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ရေးကို ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည်။ အမျိုးသားနှီးနှော ဖလှယ်ပွဲတွင် အဆိုပြုခဲ့သည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုအချက်က တိုင်းရင်းသားများက ပြည်မရှိဗမာလုူမျိုးများ၏ သြဇာအာဏာကို ထိမ်းချုပ် ရန် ကြိုးစားမှုပင်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူမျိုးရေး အမြင်ဖြစ်သော ရှမ်း၊ ဗမာ၊ ကရင်၊ ကချင်စသည့် အစွဲများရှိနေပြီး ဗမာမုန်းတီးရေး (သို့) ဗမာဆန့်ကျင်ရေး စိတ်ဓာတ်များ တိုင်းရင်းသား ခေါင်းဆောင်များတွင် ကိန်းဝပ်နေခဲ့၍ဖြစ်သည်။ ပြည်နယ်များနှင့် ပြည်မ ဟူသည့် ကွဲပြားမှုက အားပြိုင်မှုကို ဖြစ်စေခဲ့သည်။ ထိုကိစ္စသည် ဗမာအများစုက လက်ခံ ကျင့်သုံး နိုင်သည့် တောင်းဆိုမှုဟု မထင်ပါ။ ပြည်နယ်အားလုံး စုပေါင်းထားသော လူဦးရေ ထက် များနေသော ဗမာအုပ်စုကို တပြည်နယ် တမဲစံနစ်နှင့် သွားမည်ဆိုသည်က ဗမာများက လက်သင့်ခံမည့် စံနစ်မဟုတ်ချေ။ အဓိက ပြဿနာမှာ လူမျိုးစုနံမည်နှင့် အခြေခံသည့် ပြည်နယ်များ ဖြစ်နေကြ၍ဖြစ်သည်။ ရှမ်းပြည်နယ် တခုတည်းတွင်ပင် ပြဿနာများစွာရှိသည်။ ကျွန်တော်၏ ဖြေရှင်းချက်သည် တုံးတိတိ ဖြစ်ကောင်းဖြစ်ပေလိမ့်မည် သို့ရာတွင် ပြည်နယ်ပြည်မ ပြဿနာ များအားလုံးကို ဖြေရှင်းပေးနိုင်မည့် တခုတည်းသော ဖြေရှင်းနည်းဖြစ်သည်ဟု မြင်သဖြင့် တင်ပြပါမည်။ ပြဿနာအစနံမည်က လူမျိုးစုများအတွက်လည်း မိမိလူမျိုးစု ပြည်နယ် လိုချင်ပါသည်ဟူသော တောင်းဆိုမှု သည်ပြည်တွင်း စစ်ကိုလက်ယပ်ခေါ်နေသည်နှင့်တူသည်။ အဓိကပြောင်းလဲရမည်မှာအတွေးအခေါ်ဖြစ်သည်။ မိမိလူမျိုးစုအစွဲ ကိုဖျောက် ပြီးတနိုင်ငံလုံးသည် ငါတို့အားလုံးသည့်ဆိုင်သည်ဟူသောပြည်ထောင်စုစိတ်ဓါတ်ရှိဖို့လိုပေသည်။ လူမျိုးစုအမည်နှင့်မှည့်ထားသောပြည်နယ်များကြောင့်လူမျိုးစွဲပေါ်လာသည်။ ဥပမာရှမ်းပြည်နယ်ဟုခေါ်တွင် လိုက်သည့်အတွက် ရှမ်းများသာပိုင်သည့်ပြည်နယ် ဟုအထင် ရောက် သည်၊ ထိုအခါပအို့တို့ကသူတို့ပအို့ပြည်နယ်၊ဝတို့ကသူတို့ဝပြည်နယ်လိုချင် ပါသည်ဟု တောင်း ဆိုမှုက ဖြစ်လာသည်။ ထိုကဲ့သို့လူမျိုးစုများကသီးခြားပြည်နယ်များ တောင်းလာခြင်း သည် လူမျိုးစုနံမည် နှင့် မှည့် ခေါ်ခဲ့၍ဖြစ်သည်။ ထို့ကြောင့်ပြည်နယ်များအမည်ကို အမေရိကန် ကဲ့သို့လုမျိုးစု အမည်အစား ဒေသ အမည်ကို ရွေးချယ်မှည့်ခေါ်ခြင်းဖြင့် လူမျိုးရေးအစွဲများ ကို ဖျောက် ဖျက်နိုင်မည်ဖြစ်သည်။ အဓိက ပြဿနာ မှာ မိမိနေထိုင်သောနယ်မြေဒေသ ကိုယ် ပိုင်အုပ်ချုပ်ရေးရဖို့၊ပြည်နယ်အစိုးရများတွင် မိမိပြည်နယ် နှင့်သင့်တော်သောတရားဥပဒေများ ပြဌါန်းနိုင်ခွင့်ရဖို့ ၊ တန်းတူအခွင့်အရေးရဖို့ သည်သာ လိုရင်းဖြစ်သည်။ (ဒုတိယပိုင်းကိုဆက်တင်ထားပါသည်။ Note တွင်အပြည့်တင်၍မရသဖြင့်ခွဲတင်လိုက်ပါသည်။ ဝေဖန်အကြံပြုချက်များကိုကြိုဆိုပါသည်၊ အဘယ့်ကြောင့်ဆိုသော် ဖယ်ဒရယ်နိုင်ငံတော်တည်ဆောက်ရေးသည်အလွန်ကျယ်ပြန့်ရှုပ်ထွေးပြီးဆွေးနွေးညှိနှိုင်းရမည့်လူမျိုးစုများများစွာရှိသည့်အတွက် ထိုလူမျိုးစုအားလုံး သဘောတူ သည့်စံနစ်သည်အတော်ညှိယူရမည်သဘောရှိသည်။ ထို့ပြင်တချို့လူမျိုးစွဲဖြင့်တရားသေဆုတ်ကိုင်ထားသည့်သူများကလည်းခေါင်းဆောင်နေရာကိုရယူထားသဖြင့် အမြင်ကျယ်ပြီးပြဿနာကိုအမြစ်ပြတ်ဖြေရှင်းနိုင်မည့်အမျှော်အမြင်ရှိသည့်နောက်မျိုးတက်သစ်များပေါ်လာသည်အထိစောင့်ချင်စောင်ရမည့်သဘောရှိသည်။)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment