အိုးဝေ
Sunday, January 20, 2013
ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း (အပိုင်း ၂)
ပြဿနာအစနံမည်က လူမျိုးစုများအတွက်လည်း မိမိလူမျိုးစု ပြည်နယ် လိုချင်ပါသည်ဟူသော တောင်းဆိုမှု သည်ပြည်တွင်း စစ်ကိုလက်ယပ်ခေါ်နေသည်နှင့်တူသည်။ အဓိကပြောင်းလဲရမည်မှာအတွေးအခေါ်ဖြစ်သည်။ မိမိလူမျိုးစုအစွဲ ကိုဖျောက် ပြီးတနိုင်ငံလုံးသည် ငါတို့အားလုံးသည့်ဆိုင်သည်ဟူသောပြည်ထောင်စုစိတ်ဓါတ်ရှိဖို့လိုပေသည်။ လူမျိုးစုအမည်နှင့်မှည့်ထားသောပြည်နယ်များကြောင့်လူမျိုးစွဲပေါ်လာသည်။ ဥပမာရှမ်းပြည်နယ်ဟုခေါ်တွင် လိုက်သည့်အတွက် ရှမ်းများသာပိုင်သည့်ပြည်နယ် ဟုအထင် ရောက် သည်၊ ထိုအခါပအို့တို့ကသူတို့ပအို့ပြည်နယ်၊ဝတို့ကသူတို့ဝပြည်နယ်လိုချင် ပါသည်ဟု တောင်း ဆိုမှုက ဖြစ်လာသည်။ ထိုကဲ့သို့လူမျိုးစုများကသီးခြားပြည်နယ်များ တောင်းလာခြင်း သည် လူမျိုးစုနံမည် နှင့် မှည့် ခေါ်ခဲ့၍ဖြစ်သည်။ ထို့ကြောင့်ပြည်နယ်များအမည်ကို အမေရိကန် ကဲ့သို့လုမျိုးစု အမည်အစား ဒေသ အမည်ကို ရွေးချယ်မှည့်ခေါ်ခြင်းဖြင့် လူမျိုးရေးအစွဲများ ကို ဖျောက် ဖျက်နိုင်မည်ဖြစ်သည်။ အဓိက ပြဿနာ မှာ မိမိနေထိုင်သောနယ်မြေဒေသ ကိုယ် ပိုင်အုပ်ချုပ်ရေးရဖို့၊ပြည်နယ်အစိုးရများတွင် မိမိပြည်နယ် နှင့်သင့်တော်သောတရားဥပဒေများ ပြဌါန်းနိုင်ခွင့်ရဖို့ ၊ တန်းတူအခွင့်အရေးရဖို့ သည်သာ လိုရင်းဖြစ်သည်။ လူမျိုးစုတစုနံမည်တပ်လိုက်လျှင်ထိုလူမျိုးစုကိုသာကိုယ်စားပြုသွားသဖြင့်ကျန်လူမျိုးစုတို့နှင့်မဆိုင်ဘဲထိုနံမည်တပ်ထားသောလူမျိုးစုနှင့်သာဆိုင်သဖြင့်ကျန်လူမျိုးစုများကလဲသူတို့ကိုယ်ပိုင်လူမျိုးစုပြည်နယ်များတောင်းဆိုသည့်ပြဿနာဖြစ်လာသည်။ထို့ကြောင့်ထိုပြဿနာကိုဖြေရှင်း ရန်အကောင်းဆုံးနည်းလမ်း မှာ လူမျိုးစုနံမည်နှင့်မှည့်ခေါ်ထား သောပြည်နယ်များကိုလုမျိုးစု နှင့်မသက်ဆိုင်သောဒေသနံမည် တခုခု ကိုထိုပြည်နယ်ရှိပြည်သူလူထု မဲဆန္ဒဖြင့်ကောက်ခံပြီး ပြောင်းလဲအစားထိုးမှည့်ခေါ်ခြင်းဖြင့်လူမျိုး စွဲများကိုပပျောက်စေပြီးစစ်မှန်ပြီးလူမျိုးစွဲမရှိဘဲမိမိနေ ထိုင်သောပြည်နယ်ကောင်းစားရေး၊ ထိုပြည် နယ် တွင်းမှီတင်းနေထိုင်သောပြည်သူလူထုကြီးတ ရပ်လုံးအတွက်လုပ်ဆောင်မည်ဆို သည့် ခေါင်းဆောင် ကိုပြည်သူတို့ကရွေးချယ်တင်မြောက်နိုင်မည်ဖြစ်သည်။ ဥပမာရှမ်းပြည်နယ်ကို ကမ္ဘောဇပြည်နယ်ဟုအမည်သစ်မှည့်ခေါ်လိုက်သည် ဆိုပါဆို့ ထိုကမ္ဘောဇပြည် နယ် သည်လူမျိုးစုအမည်ကိုအခြေမခံသောကြောင့်ထိုပြည်နယ်သည် ထိုပြည်နယ်တွင်းနေထိုင် သော လူမျိုးစုအားလုံးနှင့်သက်ဆိုင်သည်၊ထိုပြည်နယ်အတွင်းရှိပြည်သူ အများစုကရွေးချယ်လိုက်သော သူ သည်မည်သည့်လူမျိုးမှပေါက်ဖွါးသူဖြစ်ပါစေထိုပြည်နယ် ၏ခေါင်းဆောင်ဖြစ်သည်။အဓိကခေါင်းဆောင် ရွေးမှုတွင်အရည်အချင်းရှိသောသူလူချစ်လူခင် များပြီးဦးဆောင်နိုင်သူ၊ ပြည်သူအများကထောက်ခံ သူ ကခေါင်းဆောင်ဖြစ်လာခွင့်အပြည့်အဝ ရှိရမည်။ မိမိလူမျိုးစုအမည်နှင့်ပြည်နယ်တောင်းဆိုမှုများ လူမျိုး ရေးရှေ့တန်းတင်မှုများ ကိုကာ ကွယ်နိုင်ပြီး လူမျိုးစွဲများပျောက်ကွယ်၍ မိမိပြည်နယ်တွင်းနေထိုင်သော ပြည်သူအားလုံး အတွက် ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါရှမ်းပြည်နယ်တွင် ရှမ်းမှ ခေါင်းဆောင်၊ ကချင်ပြည်နယ်တွင် ကချင်မှခေါင်း ဆောင်ဖြစ်ရမည်ဆိုသည့် လူမျိုးစွဲအမြင် များ ကွယ်ပျောက်ပြီးစစ်မှန်သောဖယ်ဒရယ်ပြည်ထောင် စု ကိုတည်ထောင်နိုင်မည်ဖြစ်သည်။ လက်ရှိပြည်နယ်၇ ပြည်နယ်နှင့်တိုင်း၇တိုင်းရှိသော မြန်မာ နိုင်ငံကိုတိုင်းရင်းသားပြည်နယ် ခေါင်း ဆောင်တချို့ကတိုင်း(၇)တိုင်းကိုပေါင်းပြီး ဗမာပြည်နယ် တပြည်နယ်အဖြစ်ထားကာ ရှစ်ပြည်ထောင် ပြည်ထောင်စုမူကိုတင်ကြသည်။ ဘာကြောင့်ထိုကဲ့သို့တင်လာသနည်းကိုလေ့လာလျှင်ဗမာ လူမျိုးများကိုမယုံကြည်မှု၊ မုန်းတီး မှုမှ မြစ်ဖျားခံလာသည်၊ ဗမာလူများစုကြီးကိုပြည်နယ်တခုအဖြစ်သတ်မှတ်ပြီးချုပ်ကိုင်ထား ချင်သည့် မယုံကြည်မှုနောက်မှကြောက်ရွံမုန်းတီးမှုကပါနေခဲ့သည်။ တိုင်းပြည်လူဦးရေ၏ ၆၀% ကျော်ရှိ သောဗမာဟုသတ်မှတ်ထားသူများကိုပြည်နယ်တပြည်နယ်ဟုသတ်မှတ်ပေး ထားပြီးကျန်လုမျိုးစုများက ၇ မဲ ၁မဲ ဖြင့်ပါလီမန်တွင်ချုပ်ကိုင်ထားလိုခြင်းမှာခေတ်အဆက် ဆက်စစ်အာဏာပိုင်များကမဟာဗမာ စိတ်ဓါတ်ဖြင့်နှစ်ရှည်လများ၎င်းတို့အကျိုးအတွက်သွေးခွဲအုပ်ချုပ်ထားခဲ့ခြင်း၏ရလာဒ် ဆိုးကြောင့် ဖြစ်သည်။ အမှန်စဉ်စစ် တိုင်း (၇) တိုင်းတွင်နေထိုင်နေသောသူများသည်၊ တောင်တန်း ဒေသ များ၊ကမ်းရိုးတန်းဒေသများမှပြောင်းရွှေ့အခြေချလာသူများနှင့်လူမျိုးပေါင်းစုံရောယှက် နေသည့် တိုင်းများဖြစ်သည်။ ဗမာလုမျိုးစစ်စစ်များချည်းနေထိုင်သောဒေသများမဟုတ်ချေ။ မြန်မာနိုင်ငံ ရင်ဆိုင်နေရသောအဓိကပြဿနာမှာလူမျိုးစုများ၏တန်းတူညီမျှရေးဖြစ်သည်။ တိုင်းရင်းသား လူမျိုးစုများအနေဖြင့်ဗမာကိုချုပ်ကိုင်ထားလိုခြင်းသည်မိမိတို့၏အဓိကရည်မှန်း ချက်ဟုတ်မ ဟုတ်ဆိုသည်ကိုသတိပြုမိဖို့လိုသည်။ မိမိတို့၏အဓိကရည်မှန်းချက်သည်၊ ဗမာကိုချုပ်ကိုင်ဖို့လော ? မိမိပြည်နယ်တွင်နေထိုင်သောတိုင်းရင်းသားပြည်သူများ၏ကိုယ်ပိုင်အုပ်ချုပ်ရေး၊တန်းတူညီမျှ ရေးရဖို့လော? စမ်းစစ်နိုင်ဖို့လိုသည်။ ထို့အတူတိုင်း(၇)တိုင်းကိုလည်းမျှတသောအရွယ်အစားနယ်မြေ၊လူဦးရေသတ်မှတ်မှုဖြင့်(၇) ပြည်နယ် သို့မဟုတ် ထိုထက်နည်းသောပြည်နယ်များအဖြစ်သတ်မှတ်၍ထိုပြည်နယ်များသည် ဗမာပြည်နယ်ဆိုသည့်အနေ မျိုးထက် ဗဟိုတိုက်ရိုက်ချုပ်ကိုင်မှုမှကင်းလွတ်သောတိုင်းရင်းသား ဒေသပြည်နယ်များကဲ့သို့ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည် နယ်များအသွင်သို့ကူးပြောင်းရမည်၊ သို့မှသာ ပြည်နယ်အသီးသီးသည် တန်းတူညီမျှမိမိပြည်နယ်များ တိုးတက် ရေးကိုလုပ်ဆောင် ကြပြီးပြည် နယ်များဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ တိုင်းပြည်သည်လည်းတိုးတက် လာ မည် ဖြစ်သည်။ ဗဟိုဖယ်ဒရယ်အစိုးရသည်တိုင်းပြည်၏ကာကွယ်ရေး၊နိုင်ငံခြားရေး၊စီးပွါးရေး၊တရားဥပဒေပြု ရေးတို့ကို တာဝန်ယူ၍ပြည်နယ်များသည်၊ မိမိပြည်နယ်၏စီးပွါးရေး၊မိမိပြည်နယ်နှင့်သက်ဆိုင် သောဥပဒေများကိုပြဌါန်းနိုင် ခွင့်ြ့ပီးပြည်နယ်အုပ်ချုပ်ရေးမှူး(Governor) သည်ပြည်နယ်ရှိပြည် သူလူထုကြီးမှ တိုက်ရိုက်ရွေးချယ်လိုက် သူဖြစ် ပြီးသူ့တွင်ပြည်နယ်အတွက်စီမံခန့်ခွဲမှု၊ အုပ်ချုပ် ပိုင်ခွင့်အပြည့် အဝရှိပြီးဗဟိုတရားဥပဒေသည် အကျိုးအကြောင်း မညီညွတ်ဘဲပြည်နယ်အကျိုး ကိုထိခိုက်လျှင် ပြည်နယ်မှငြင်းပိုင်ခွင့်ရှိသဖြင့်ဗဟိုအစိုးရ၏အာဏာအလွန် အကြွံ သုံးစွဲမှုမဖြစ် ရန်ထိန်းချုပ်ပိုင် ခွင့်ရှိသည်။ သို့မှသာပြည်နယ်တိုင်းတွင်ရှိနေသောလူမျိုးရေးပြသနာကိုရှင်းနိုင်ပေလိမ့်မည်။ပထမဦးဆုံးပြောင်းရမည်မှာလူမျိုးစုအခြေခံသည့် ပြည်နယ်များနှင့် ပြည်မရှိတိုင်းများကို တပြေးတည်းညီပြည်နယ်များ ဟူ၍သတ်မှတ်ရန်၊ လူမျိုးစွဲအခြေပြု ပြည်နယ်မှနယ်မြေ အခြေပြုပြည်နယ် အဖြစ်ပြောင်းရန်တို့ သည်ပြည်တွင်းစစ်၊လူမျိုးရေးပဋ္ဋိပက္ခ တို့မှရှောင်ကွင်းနိုင်မည့်တခုတည်းသောထွက်ပေါက်ဖြစ်သည်။ ရှမ်း (ကမ္ဘောဇ) ပြည်နယ်တွင်း နေထိုင်သူများ အားလုံးက မိမိယုံကြည် အားထားသူကို ခေါင်းဆောင်တင်၍ ပြည်နယ်အစိုးရ ဖွဲ့နိုင်ခွင့်ရှိရမည်။ ထိုအခါ ထိုပြည်နယ်ရှိ ပြည်သူများက ပအို့ဝ်လူမျိုးကိုကြိုက်လျှင် ထိုပအို့ဝ်လူမျိုးသည် ကမ္ဘောဇ ပြည်နယ်၏ ခေါင်းဆောင် ဖြစ်လာပေမည်။ ထိုခေါင်းဆောင်သည် ထိုပြည်ရှိ ရှမ်းလူမျိုးတို့၏ ခေါင်းဆောင်လည်းဖြစ်သည်။ ထို့အတူ လူမျိုးစု ပြည်နယ်များဖြစ်သော ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ် တို့ကို လည်း လူမျိုးစွဲ ပြည်နယ်များအဖြစ်မှ နယ်မြေကို အခြေပြုသည့် ပြည်နယ်များအဖြစ် ပြောင်းလဲ ရမည်ဖြစ်သည်။ ထို့အတူ ပြည်မရှိ တိုင်းရင်းသားကိုလည်း တိုင်းအဖြစ်မှ ပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်ဟူ၍ ကွဲပြားမှု မဖြစ်တော့ဘဲ ပြည်နယ် (၁၄) ပြည်နယ်ဖြင့် ဖွဲ့စည်းထားသော ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် အကောင်အထည် ပေါ်လာမည်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ ဖယ်ဒရယ်စံနစ်သည် လူမျိုးစုတို့ကို အခြေမခံဘဲ ပြည်နယ် အခြေခံ၍ တည်ဆောက်ထားခြင်းကြောင့် မည်သည့်လူမျိုးစု ပြဿနာမှ ကြီးကြီးကျယ်ကျယ် မကြုံတွေ့ရသော်လည်း လူဖြူလူမဲ ပြဿနာကတော့ အကျွင်းအကျန်အဖြစ် ရှိနေသေးသည်။ လူဖြူလူများစုက အခွင့်အရေးပို၍ ရနေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုရနေခြင်းကို ထိန်းညှိုရန်အတွက် Minority Rights ကို ဥပဒေထဲတွင်လည်းကောင်း ပြည်နယ်အုပ်ချုပ်ရေး အတွက်လည်းကောင်း ထည့်ပေးထားခြင်းဖြင့် လူနည်းစုများ အခွင့်အရေးကို ကာကွယ်ပေး သည်။ မည်သည့်ဥပဒေ၊ နည်းဥပဒေတို့ဖြင့် လူနည်းစု၊ လူမျိုးစုတို့ကို မြှင့်တင်ပေးမည် ဆိုသည်ကို နောင်တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီးတွင် ဆွေးနွေး ညှိုနှိုင်းကြဘို့လိုသည်။ ခေတ်သစ် ပင်လုံစာချုပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဗမာ့အဖွဲ့အစည်းများ တက်ရောက် သည့် မဲသရောထ ဆွေးနွေးပွဲမှ ကြေငြာချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် ထိုမဲသရောထ ကြေငြာ စာတမ်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံဟာ တိုင်းရင်းသား ခေါင်းဆောင်များက စာရွက်ပေါ်မှာတင် ရေးထိုးခဲ့ကြတာမဟုတ် ၎င်းတို့ရဲ့ နှလုံးသားပေါ်မှာ စည်းလုံးညီညွတ်မှုကို ယုံကြည်ပါတယ်ဆိုပြီး ထိုးထားတဲ့ စာချုပ်ဖြစ်သည်။ ယ္ခုအချိန်မှာ စစ်မှန်တဲ့ တိုင်းရင်းသား ညီညွတ်မှုကို မစွမ်းဆောင်နိုင်တဲ့အတွက် ပြည်ထောင်စုလို့ အခေါ်ရ ခက်နေပါသည်ဟု ၀န်ခံခဲ့သည်။ ဒါကြောင့် စစ်မှန်တဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်ဘို့ အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာ မိမိတို့ မကြေနပ်မှုတွေ၊ သဘောမတူညီ မှုတွေကို ပွင့်ပွင့်လင်းလင်း အန္တရာယ်မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ ဆွေးနွေးမှုရှိတဲ့ စံနစ်တခုရှိဘို့ လိုတယ်လို့ ပြောကြားခဲ့ပါသည်။ တိုင်းရင်းသားတွေ ပြည်ထောင်စုပေါ်မှာ ယုံကြည်မှု ကင်းမဲ့လာတာက အင်မတန်ဝမ်းနည်းဘို့ ကောင်းတယ်လို့ ရင်ဖွင့်ခဲ့ပါသည်။ မဲသရောထ ကြေငြာချက်မှာပါတဲ့ တိုင်းရင်းသားများ လိုလားချက်ဖြစ်သည့်- (၁) စစ်အာရှင်စံနစ် ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်။ (၂) ဒီမိုကရေစီ နိုင်ငံရေးစံနစ် ကျင့်သုံးရန်။ (၃) လူမျိုးတိုင်း တန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများရရှိရန်။ (၄) ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်တို့ဖြစ်သည်။ မဲသရောထ ကြေငြာစာတမ်းပါ အချက် (၆) ချက်သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်လိုသူများ မငြင်းပယ်နိုင်သည့် အချက်ကြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၎င်းအချက်များကို အများပြည်သူ ရှေ့မှောက်တွင် ဖတ်ပြပြီး ထောက်ခံခဲ့သော ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသား ခေါင်းဆောင်များက ချစ်ခင်လေးစား ထောက်ခံကြသည်ဟု ဆိုလျှင် မမှားနိုင်ပါ။ ၂၁ ရာစု ပင်လုံစာချုပ်ဟု ဆိုရာ၌ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် တူနိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် အဓိကမူဖြစ်သော- (၁) တန်းတူညီမျှရေး။ (၂) ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် ရရှိရေး။ (၃) စစ်မှန်သော ဖယ်ဒရယ် နိုင်ငံတော်ကြီး တည်ဆောက်ရေးဆိုသည့် မူများကိုတော့ ပြောင်း လဲနိုင်မည် မဟုတ်သလို၊ ငြင်းပယ်လို့လည်း မရနိုင်ပါ။ ၁၉၄၇ စာချုပ်တွင် ပါရှိသည့် “ခွဲထွက် လိုက ခွဲထွက်ပိုင်ခွင့်” ကို ယနေ့ တိုင်းရင်းသား ခေါင်းဆောင်များက ပစ်ပယ်လိုက်ပြီး ပြည်ထောင်စုကြီး အဖြစ် မခွဲမခွာဘဲ ရပ်တည်သွားမည်ဖြစ်ကြောင်း NDF (National Democratic Front) တွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများက အတိအလင်း ထုတ် ဖေါ် ပြောကြားခဲ့ပြီးဖြစ်သည်။ ထိုအချက်သည် ဗမာလူမျိုးများဘက်မှ တိုင်းပြည် ပြိုကွဲမည်ကို စိုးရိမ်ကြောင့်ကျနေသော စိတ်ကို ငြိမ်းအေးသက်သာရာ ရစေသည်ဟုမြင်သည်။ န၀တ/ နအဖ လက်ထက် ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ယနေ့ အခြေအနေသည် ပြိုကွဲ ပျက်စီးတော့မည့် အနေအထားသို့ ဆိုက်ရောက်လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် နအဖနှင့် ရယူထားသည့် ငြိမ်းချမ်းရေးသည် ယာယီ အပစ်အခတ် ရပ်ထားသည့် ငြိမ်းချမ်းရေးကာလတခုသာဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေး တည် ဆောက်ရန်မှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် ရရှိရေးနှင့် တန်းတူညီမျှရေးသည် အလွန်အရေးကြီးသည်။ ထိုအချက်တို့ကို စားပွဲဝိုင်းတွင် မဖြေရှင်းသရွေ ပြေလည်နိုင်လိမ့်မည် မဟုတ်ချေ။ နအဖ ကျင်းပပြုလုပ်သော အမျိုးသားညီလာခံတွင် တိုင်းရင်းသားများကို တက်ရောက် ခွင့်ပြုသော်လည်း လေ့လာသူများ အနေဖြင့်သာ တက်ရောက်ခွင့် ပြုခဲ့ပြီး၊ ဆွေးနွေးခွင့်ရသည့် အနည်းစုမှာလည်း နအဖ ချပေးသည့် အကြောင်းအရာထက်ပို၍ တင်ပြခွင့် မရခဲ့သည့်အတွက် အများ သဘောတူညီသော အချက်အလက်များ ပါမလာခဲ့ချေ။ ထို့ကြောင့် ၎င်းတို့လိုလားသည့် အဓိက ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်နှင့် စစ်မှန်သော ဖယ်ဒရယ်အုပ်ချုပ်ပုံ မပါဝင်သဖြင့် ၎င်းအခြေခံ ဥပဒေဖြင့် ဖေါ်ဆောင်လာမည့် အစိုးရသစ်သည် တိုင်းရင်းသားများ သာမက ဗမာ့နိုင်ငံရေး ပါတီများအတွက်လည်း လက်ခံနိုင်စရာ မရှိခဲ့ခြင်းဖြစ်သည်။ တခုတည်းသော တပ်မတော် အမေရိကန်နိုင်ငံသည် ဖယ်ဒရယ်အုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်နယ်တိုင်း ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်ရှိသည်။ ပြည်နယ် တခုချင်းစီ၏ အခြေခံဥပဒေသည်၊ ပြည်နယ် တခုနှင့်တခု ပြဋ္ဌါန်းသော ဥပဒေများ တူညီချင်မှ တူညီနိုင်သော်လည်း ဖယ်ဒရယ် အခြေခံဥပဒေနှင့် ဆန့်ကျင်ဖက်ဖြစ်လျှင် ဖယ်ဒရယ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ ဖယ်ဒရယ် အစိုးရသည် ဗဟိုအစိုးရ ဖြစ်သည်။ ပြည်နယ် အစိုးရသည် ၎င်းပြည်နယ်ရှိ ပြည်သူ များက ရွေးချယ် တင်မြောက်သည့်သူသည် Governor ဘုရင်ခံဖြစ်သည်။ ပြည်နယ်တိုင်းတွင် အထက်လွှတ်တော်အမတ် နှစ်ဦးနှင့် လူဦးရေအလိုက် အောက်လွှတ်တော် အမတ်များကို ရွေးချယ်ပေးရသည်။ သမတကို ပြည်နယ်အားလုံးမှ ပြည်သူများက တိုက်ရိုက် ရွေးချယ်ခွင့် ရှိသည်။ သမတသည် ပြည်နယ်အားလုံး၏ ရွေးချယ် တင်မြှောက်မှုကြောင့် ဖယ်ဒရယ် အစိုးရကို ဦးဆောင်သည်။ ဖယ်ဒရယ် ပြည်ထောင်စုတွင် တပ်မတော် ဦးစီးချုပ်သည် သမတဖြစ်သည်။ ဖယ်ဒရယ် ပြည်ထောင်စုတွင် တပ်မတော် တခုတည်းသာရှိပြီး ပြည်နယ်များတွင် ကိုယ်ပိုင်တပ် မရှိချေ။ ကျွန်တော့အနေနှင့် တပ်မတော် တခုတည်းသာ ရှိရမည်ကို လက်ခံပါသည်။ ယနေ့ နအဖ သည်လည်း တခုတည်းသော တပ်မတော် ဖြစ်စေရန် ကြိုးစားသည့် အနေနှင့် နယ်ခြားစောင့် တပ်ဟုဆိုသည့် ဝေါဟာရကို သုံးပြီး တိုင်းရင်းသား ငြိမ်းအဖွဲ့များကို ၎င်း၏ လက်အောက်ခံ တပ်အသွင် ကူးပြောင်းရန် ကြံရွယ်ခြင်း ဖြစ်ပါသည်။ မူအားဖြင့် ဟုတ်သလို ရှိသော်လည်း နအဖ၏ တခုတည်းသော တပ်မတော်ဖြစ်ပေါ်ရန် လုပ်ဆောင်မှုသည်- (၁) အများလက်ခံနိုင်သည့် အခြေခံဥပဒေမဟုတ်ခြင်း။ (၂) တိုင်းရင်းသားများ တောင်းဆိုချက်များကို ပစ်ပယ်လစ်လျှူရှုထားခြင်း။ (၃) တွေ့ဆုံဆွေးနွေး အဖြေရှာရေးထက် စစ်အာဏာကိုသုံး၍ ပြုလုပ်ခြင်း။ (၄) တိုင်းရင်းသား ရပိုင်ခွင့်ဖြစ်သည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်များကို အာမခံချက် လုံးဝ မရှိခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်နက် စွန့်လွှတ်ရန် ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်ဟု သုံးသပ်ပါသည်။ အကယ်၍ အများသဘောတူ စစ်မှန်သော ဖယ်ဒရယ် အခြေခံဥပဒေကို တိုင်းရင်း သားများအားလုံး ညှိုနှိုင်းရေးဆွဲခွင့်ရပြီး အပြန်အလှန် အလျော့အတင်း ညှိုနှိုင်းနိုင်ကြလျှင် အများလက်ခံသည့် အခြေခံဥပဒေ ပေါ်ပေါက်လာပြီး ထိုမှတဆင့် လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းဖြင့် အများထောက်ခံမှုဖြင့် တက်လာသော အစိုးရကို ဖန်တီး နိုင်မည်ဖြစ်သည်။ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အပြည့်အ၀ရှိလျှင် မည်သည့် တိုင်းရင်းသား များကမှ လက်နက်ကိုင်တပ်များ လိုအပ်တော့မည် မဟုတ်ဘဲ ဖယ်ဒရယ် တပ်မတော်ကသာ တိုင်းပြည်၏ ကာကွယ်ရေးကို တာဝန်ယူသွားလိမ့်မည် ဖြစ်သည်။ ပြည်နယ်များတွင် လက်နက် ကိုင်တပ်ဖွဲ့ အနေဖြင့် ရဲတပ်ဖွဲ့များသာ တည်ရှိပေလိမ့်မည်။ ယနေ့နိုင်ငံရေး အခြေအနေနှင့် ဖယ်ဒရယ်စိတ်ဓာတ် ယနေ့ နိုင်ငံရေး အခြေအနေသည် ပြည်တွင်းစစ်ဆီသို့ ဦးတည်နေသည်ဟု သုံးသပ်သည်။ ကချင်တပ်များ၊ ၀တပ်များ၊ ရှမ်းတပ်များ၊ ငြိမ်းချမ်းရေး ယူထားခြင်းမှ ပျက်ပျယ်နေပြီဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း ကြိုတင်မဲဆိုသည့် မဲလိမ်မဲခိုးမှုများဖြင့် သမိုင်းတွင်ရစ်မည့်လုပ်ရပ်ဖြင့် ပြီးစီးသွားခဲ့ပြီး ပြည်တွင်း နိုင်ငံရေးအင်အားစုများနှင့် နအဖတို့ကြား နိုင်ငံရေးတင်းမာမှုကို ဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲ ပြုလုပ်စဉ်ကာလ DKBA နှင့် နအဖတို့ မြ၀တီတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ ကချင်ပြည်နယ်တွင် တိုက်ရန် တာစူနေခြင်းတို့သည် ပြည်တွင်းစစ်မီး အချိန်မရွေး ထတောက်မည့် အနေအထားသို့ ရောက်ရှိနေခဲ့သည်။ ငြိမ်းချမ်း ရေး ယူထားသည့် ကာလတွင် ၎င်းတို့နယ်မြေတွင် အဆောက်အဦးများ၊ လမ်းများ၊ တံတားများ ပြည်တွင်းစစ်ဖြစ်လျှင် အားလုံး ပျက်စီးကြဘို့ ရှိသဖြင့် တိုင်းရင်းသားများ အနေနှင့် စစ်ဖြစ်ရန် မလိုလားချေ။ သို့ရာတွင် ၎င်းတို့လိုလားသည့် ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် မရလျှင် လက်နက်ကိုင် လမ်းစဉ်ကို မျက်စိမှိတ်ပြီး စွန့်လွှတ်ရန်လည်း မဖြစ်နိုင်ချေ။ ထိုကဲ့သို့ လိပ်ခဲတင်းလင်း ဖြစ်နေသော အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ကြားဝင် ၍ တိုင်းရင်းသား ခေါင်းဆောင်များ၊ နအဖ စစ်ခေါင်းဆောင်များနှင့် ပြည်တွင်းနိုင်ငံရေး ခေါင်း ဆောင်များကို ဆွေးနွေးလာစေရန် အဆိုပြု တိုက်တွန်းချက်များ တင်ပြလာပါက၊ တပ်မတော် အတွင်းရှိ အမှန် ငြိမ်းချမ်းရေး လိုလားသော ခေါင်းဆောင်များ စဉ်းစားလာနိုင်ချေ ရှိသည်။ ဒုတိယ ပင်လုံညီလာခံ ဖြစ်ပေါ်လာရန်မှာ တပ်မတော်တွင်းရှိ ခေါင်းဆောင်များက လိုက်လျော မှု မရှိက ဖြစ်နိုင်ချေ မရှိချေ။ ထိုကြောင့် ဒုတိယ ပင်လုံညီလာခံ ဖြစ်ပေါ်လာစေရန် စစ်ခေါင်းဆောင်များ ဖက်မှ ပင်လုံစိတ်ဓာတ်ရှိသူ ခေါင်းဆောင်များ ပေါ်ထွက်လာဘို့ လိုအပ်သည်။ ဦးသိန်းစိန်သမတဖြစ်လာပြီးနောက်မထင်မှတ်ဘဲပြုပြင် ပြောင်း လဲမှုများကိုလုပ်ပြလာခဲ့သည့်အပေါ်အမေရိကန်နှင့်အနောက်ဥရောကနိုင်ငံများကစီးပွါးရေးပိတ်ဆို့မှုများကိုယုတ်သိမ်းလာခဲ့သည်။ မီဒီယာလွတ်လပ်မှုများသည်အပြုသဘောဆောင်ပြီးလက်ပန်းတန်းတောင်ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းသည်အနှုတ်သဘောဆောင်ခဲ့သည်။ ဦးသိန်းစိန်သည်ပင်လုံကဲ့သို့ညီလာခံကြီးပြုလုပ်မည် ဟုပြောကြားခဲ့သည်ကိုတကယ်လုပ်မလုပ်စောင့်ကြည့်ရပေအုံးမည်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များ ထဲမှလည်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် အစွဲမှ ကင်းလွတ်ပြီး တနိုင်ငံလုံး လွတ်မြောက်မှ ငါတို့ လွတ်မြောက်မယ်ဆိုတဲ့ နိုင်ငံနဲ့ ချီတဲ့ ဦးဆောင်မှုကို ပြောင်းလဲ ကြိုးစား ဘို့ လိုပါသည်။ မိမိပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံ တိုးတက်ရေးထက် မိမိ လူမျိုး တမျိုးတည်း အတွက်သာ ဦးတည် လုပ်ဆောင်ပါက ဒေသတွင်းရှိ လူမျိုးရေး ပဋိပက္ခကို ဦးတည်စေပါသည်။ တချို့ တိုင်းရင်းသား ခေါင်းဆောင်များတွင် မိမိခေါင်းဆောင်မှု ရရှိရေး အတွက် လူမျိုးရေး လှုံ့ဆော်မှုကို လုပ်ပြီး ခေါင်းဆောင်မှုရအောင် ယူတတ်ကြသည်။ ထိုကဲ့သို့သော လူမျိုးများ သည် တိုင်းပြည်အတွက်ရော ၎င်းကိုယ်စားပြုသည့် ပြည်နယ်အတွက်ရော အလွန်အန္တရာယ် ကြီးပါသည်။ ဗမာအပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ ကိုယ့်လူမျိုး သူ့လူမျိုး အမြင် ထက် တနိုင်ငံလုံးရှိသူ သူများသည် မိမိနိုင်ငံသားများ ဖြစ်သည် ဆိုသည့် အမြင်ရှိဘို့ လိုပါ သည်။ ထိုအမြင် ထိုအတွေးရှိမှ တနိုင်ငံလုံး အရေးကို စေတနာထား၍ လုပ်နိုင်မည်ဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ ရေရှည် အမြင်ရှိသူဖြစ်ခြင်း၊ သဘောထား ကြီးသူဖြစ်ခြင်း၊ မှန်ကန်သည်ဟု ယုံကြည်လျှင် ပြတ်သားစွာ ဆုံးဖြတ် လုပ်ကိုင် ဆောင်ရွက်သူဖြစ်ခြင်း၊ မှားမှန်း သိလျှင်လည်း ၀န်ခံ၍ ပြင်ဆင်ရန် ၀န်မလေးသူဖြစ်ခြင်း၊ အများကောင်းစားရေးကို ရှေးရှုသူဖြစ်ခြင်း၊ မိမိ ကိုယ်ရေးကိုယ်တာထက် တိုင်းပြည်အရေးကို ဦးထိပ်ပန်ဆင်လျက် ကိုယ်ကျိုး စွန့်နိုင်သူဖြစ်ခြင်းဆိုသည့် အချက်များနှင့် ညီညွတ်မှု ရှိမှသာ ခေါင်းဆောင်ကောင်း မည်ပါသည်။ ထို့ကြောင့် မြန်မာပြည်ရှိ ခေါင်းဆောင်များအနေနှင့် (၁) တနိုင်ငံလုံး အကျိုးစီးပွားကို ကြည့်ပြီး လူမျိုးရေး ၀ါဒကို စွန့်ပစ်နိုင်ရမည်။ (၂) နိုင်ငံအတွင်းရှိ လူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကား စာပေတို့ကို မပျောက်ပျက်ရန် ထိမ်းသိမ်းခြင်းသည် တာဝန်တရပ်အနေနှင့်လည်းကောင်း၊ မိမိကိုယ်တိုင်က နှစ်နှစ်ကာကာ လုပ်သင့်သည်ဟု ယုံကြည်၍လည်းကောင်း သဘောတူ လုပ်ဆောင်ခြင်း ဖြစ်ဘို့လိုသည်။ (၃) ပြည်နယ်အားလုံး တိုးတက်ဖွံ့ဖြိုးမှု ညီမျှမှုရှိအောင်လည်း သမာသမတ်ကျကျ ပြုလုပ် နိုင်သည့် မျှတသည့် စိတ်ထားလည်း ရှိရမည်။ ဥပမာ။ ။ ချင်းတောင်တန်း ဖွံ့ဖြိုးမှုသည် အခြား ပြည်နယ်များထက် နိမ့်ကျနေ ပါက ဖယ်ဒရယ် ဗဟိုအစိုးရမှ ချင်းတောင်တန်းကို ဖွံ့ဖြိုးရေးအတွက် ပိုမို ထောက်ပံ့ပေး ခြင်းဖြင့် ချိန်ခွင်လျှာကို ထိန်းညှိပေးနိုင်သည်။ အဓိက အရေးကြီးသော အချက်မှာ ဖယ်ဒရယ် နိုင်ငံတော်ကြီး ပေါ်ပေါက်လာရန် ဆွေးနွေး ညှိနှိုင်းကြသော အဖွဲ့အစည်းများသည် မိမိ လိုလားချက်များကို အသေဆုတ်ကိုင်ထားခြင်း မပြုဘဲ (Compromise) အလျော့အတင်း ပြုလုပ်နိုင်သည့် နေရာတွင် ပြုလုပ်နိုင်ဘို့ လိုသည်။ ထိုကဲ့သို့ အလျော့အတင်း ပြုလုပ်နိုင်သည့် စိတ်ဓါတ်ကို မွေးမြူမှသာ ဆွေးနွေးပွဲများ အောင်မြင်နိုင်မည် ဖြစ်သည်။ မည့်သည့်အရာမျှ အလျော့မပေး ဆိုသည့် စိတ်ဓါတ်ဖြင့် ဆွေးနွေးခြင်းသည် အောင်မြင်နိုင်သည့် နည်းလမ်း မဟုတ်သလို၊ ဆွေးနွေးပွဲ ဟူ၍လည်း မခေါ်ဆိုနိုင်ပါ။ တောင်းဆိုပွဲသာ ဖြစ်ပါလိမ့်မည်။ (၄) မြန်မာပြည်တွင်းရှိ နေထိုင်နေသည့် ပြည်သူများအားလုံး တန်းတူညီမျှရှိမှု၊ လွတ်လပ် ပိုင်ခွင့်တို့ကို လေးစားမြတ်နိုးရမည်။ (၅) လူမျိုးစု တစုနှင့်တစု ပဋိပက္ခ ဖြစ်စေနိုင်မည့် လူမျိုးရေးအရ နှိမ့်ချခြင်း၊ စော်ကားခြင်းတို့ကို ရှောင်ရမည်။ (၆) လူမျိုးစု အခြေခံပြည်နယ်များအဖြစ်မှ နယ်မြေ အခြေခံပြည်နယ်များအဖြစ်ကို ရဲဝံ့စွာ ပြောင်းလဲ၍ သွေးစည်းမှုကို တည်ဆောက်ရမည်။ လွတ်လပ်ရေး ရပြီးခါစ မြန်မာပြည်တွင် ပြည်တွင်းစစ် တောက်လောင်စဉ်က ရည်မှန်း ချက်နှင့် ယနေ့ ရည်မှန်းချက်တို့သည် သိသိသာသာ ကွာခြားသွားခဲ့ပြီဖြစ်သည်။ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေးသည် ဒီမိုကရေစီ ရရှိရေးမဟုတ်၊ ကွန်မြူနစ်ပါတီ၏ တပါတီ အာဏာရှင်စံနစ်ကို အလုပ်သမား လယ်သမား လူတန်းစား အခြေပြု၍ တည်ဆောက်ရန် လက်နက်ကိုင် လမ်းစဉ်ကို လိုက်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၅ ခုနှစ် ကွန်မြူနစ်ပါတီ ကွန်ဂရက်မှ ပါတီစုံ ဒီမိုကရေစီစံနစ် ဖော်ဆောင်ရေး လမ်းစဉ်ကို ချခဲ့သည်။ သို့သော် ယနေ့ ထိကမ္ဘာပေါ် ရှိ ကွန်မြူနစ်အစိုးရများသည်ပါတီစုံဒီမိုကရေစီစံနစ်ကိုခွင့်ပြုခြင်းမရှိသေးချေ။ ထို့အတူ ကရင်ပုန်ကန်မှုသည် ဗြိတိသျှ နယ်ချဲ့တို့၏ Divide and Rule Policy အရ ပြည်နယ်ပြည်မ သွေးခွဲ အုပ်ချုပ်သွားခြင်း၏ ရလာဒ်ဖြစ်သည်။ ရှမ်းစော်ဘွား များ၏ ခွဲထွက်ပိုင်ခွင့် တောင်းဆိုမှုကလည်း ပဒေသရာဇ် စံနစ်ကို ထူထောင်၍ မိမိပြည်နယ် မိမိအုပ်ချုပ်ြ့ပီး သားစဉ်မြေးဆက် အမွေ ဆက်ခံနိုင်ရေး ဖြစ်သည်။ ဒီမိုကရေစီ ရရှိရေးမဟုတ်။ ယနေ့ တောင်းဆို တိုက်ပွဲဝင်နေခြင်းသည် ထိုအယူအဆတို့နှင့် လားလားမျှ မသက် ဆိုင်သည့် ဒီမိုကရေစီစံနစ် တည်ထောင်ရေး ဖြစ်သဖြင့် များစွာကွာခြားပါသည်။ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းသည် အာဏာရှင် စံနစ်များ တဖြုတ်ဖြုတ် ကြွေကျ၍ ဒီမိုကရေစီနိုင်ငံများ အသွင် ပြောင်းနေသည့် ခေတ်ဖြစ်သည်။ ထို့အတူ IT ခေတ်ကို ရောက်နေပြီဖြစ်၍ သတင်း မှောင်ချ၍ အာဏာကို ချုပ်ကိုင်ထားသောခေတ် ကုန်ပြီဖြစ်ကြောင်း အာဏာရှင်များ ကိုယ်တိုင်က သိမြင် နေပြီးဖြစ်သည်။ ထို့ကြောင့် တိုးတက်သော ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက်ကို အသုံးချ၍ မြန်မာပြည်ဖွား တိုင်းရင်းသား အားလုံး လက်တွဲညီညီဖြင့် လုပ်ဆောင်ကြ မည်ဆိုလျှင် စစ်မှန်သော ပြည်ထောင်စုကြီး ပေါ်ပေါက်လာရန် မဝေးတော့ပါ။ နိဂုံး ။ ။ ကမ္ဘာ့ပေါ်ရှိ နိုင်ငံအများက အမေရိကန်နိုင်ငံ၏ တိုးတက်မှုကို အား ကျကြသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများကလည်း အမေရိကန်နိုင်ငံလို ဖြစ်ချင်ကြသည်။ အမေရိကန်နိုင်ငံသည် ဖယ်ဒရယ်စစ်စစ် နိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံသား စစ်စစ် များသည် Native American ဟု ခေါ်သော Red Indians များ ဖြစ်သည်။ ၎င်းတို့သည် အသားနီစပ်စပ်နှင့် ကုလားရုပ် ပေါ်နေ၍ လူဖြူများက Red Indians ဟု ခေါ်ဝေါ်ခဲ့သည်။ နောင်တွင် ဌာနေ လူမျိုးစုတို့က Red Indians (ကုလားနီများ) အခေါ်အဝေါ်သည် ၎င်းတို့ကို နှိမ့်ချထားသည်ဟု ကန့်ကွက် ပြောဆိုလာသဖြင့် Native Americans ဟု အခေါ်ကို ပြောင်းလဲ သုံးစွဲလာကြသည်။ ၎င်း (Native) ဌာနေ လူမျိုးစုတို့က လူဖြူများ ၎င်းနိုင်ငံသို့ အခြေချ နေထိုင် လာသဖြင့် ၎င်းတို့မှာ လူနည်းစု ဖြစ်လာရသည်ကို ထောက်ပြ၍ ၎င်းတို့၏ လူနည်းစု အခွင့် အရေး၊ ယဉ်ကျေးမှု ထိမ်းသိမ်းရေးတို့ကို တောင်းဆို တင်ပြမှုအပေါ် အစိုးရက ၎င်းတို့အတွက် အထူး ရန်ပုံငွေများ၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် စီးပွားရေး လုပ်ကွက်များကို ပေးခဲ့ရသည်။ ယ္ခုအခါ ၎င်းတို့ကိုယ်၌ ၎င်းတို့သည် အမေရိကန်များအဖြစ် ခံယူနေကြပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ အရပ်ရပ် အထူးသဖြင့် ဥရောပမှ အခြေချသူများ လာရောက် အခြေချခြင်းမှ လူနီနေထိုင်သော နိုင်ငံမှ လူဖြူများ ကြီးစိုးသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲလာသည့် နိုင်ငံဖြစ်သည်။ ဥရောပမှ အင်္ဂလိပ်များ၊ ပြင်သစ်များ၊ ဂျာမန်များ၊ ပေါ်တူဂီများ၊ အီတာလျံများ၊ ဒတ်ခ်ျများ အုပ်စုလိုက် ပြောင်းရွေ့ အခြေချလာခြင်းဖြင့် နိုင်ငံသစ် ထူထောင်လိုသူများ ပေါင်းစည်း နေထိုင်ကြပြီး ပေါ်ပေါက်လာသော နိုင်ငံတော်ကြီးဖြစ်သည်။ အမေရိကန်နိုင်ငံသည် ပထမ ဗြိတိသျှတို့ လက်အောက်ခံ နိုင်ငံဖြစ်သည်။ ဗြိတိသျှ တို့ကို အခြေချနေထိုင်သူများက တော်လှန်ပြီး လွတ်လပ်ရေးကို ရယူခဲ့သည်။ ထို့နောက် ဖယ်ဒ ရယ် နိုင်ငံတော်ကြီးကို တည်ထောင်ရန် ကွဲပြားနေသော ပြည်နယ်များကို စုပေါင်းပြီး အခြေခံ ဥပဒေကို ရေးဆွဲခဲ့သည်။ အမေရိကန်နိုင်ငံ၏ Federalist paper သည် ထင်ရှားသော စာတမ်း တခုအဖြစ် ကျန်ရစ်ခဲ့သည်။ အမေရိကန်၏ ဖယ်ဒရယ်မူအရ ပြည်နယ်တိုင်းသည် ကိုယ်ပိုင် အုပ်ချုပ် ပြဋ္ဌာန်းခွင့်ရှိသည်။ သို့ရာတွင် ဗဟို အစိုးရ၏ အခြေခံဥပဒေပါ အချက်များနှင့် သွေဖီခြင်း မရှိစေရပေ။ အမေရိကန်ပြည်သည် ဆိုးဝါးသော ပြည်တွင်းစစ်ကိုလည်း တောင်မြောက်ကွဲပြီး ဖြတ် သန်းခဲ့ရသည်။ မြောက်ပိုင်းမှ ကျေးကျွန်စံနစ်ကို ဖျက်သိမ်းမှုကြောင့် ဖြစ်ပွားလာခဲ့သော စစ်ပွဲ တွင် ကျွန်စံနစ် ဖျက်သိမ်းလိုသည် မြောက်ပိုင်းမှ အနိုင်ရသွားခဲ့သည်။ ယနေ့ အမေရိကန်နိုင်ငံသည် ပြည်ထောင်စု စစ်စစ် နိုင်ငံဖြစ်သည်။ ၎င်းနိုင်ငံတွင် နေထိုင်သူများက မိမိကိုယ်ကို မိမိ အမေရိကန်များဟု ယုံကြသည်။ အမေရိကန်နိုင်ငံတွင် မွေးဖွါးသည့် မည်သည့် လူမျိုးမဆို အမေရိကန် နိုင်ငံသားဖြစ်သည် ဆိုသည့် ဥပဒေ ရှိသလို၊ တခြားနိုင်ငံတွင် မွေးဖွါးခဲ့ပြီး အမေရိကန်နိုင်ငံတွင် ဥပဒေ ဘောင်အတွင်းမှ အချက်အလက် များနှင့် ပြည့်စုံလျင်လည်း နိုင်ငံသား ခံယူခွင့်ရှိသည်။ တရုတ်၊ ရုရှား၊ ဂျာမန်၊ အာဖရိက စသည့် နိုင်ငံတို့မှ လာရောက် အခြေချ နေထိုင် သူများ အားလုံး မိမိတို့သည် အမေရိကန်များ ဖြစ်သည်ဟု ခံယူကြသည်။ ၎င်းတို့၏ အသား အရေသည် ဖြူ၊ ၀ါ၊ မဲ၊ နီ ဖြစ်ချင်ဖြစ်မည် ၎င်းတို့သည် အမေရိကန်များ ဖြစ်ကြသည်။ ထိုအခါ အာရှနွယ်ဝင် တဦးကို ဘာလူမျိုးလဲဟု မေးလျှင် ၎င်းက အမေရိကန်လူမျိုးဟု ဖြေမည် ဖြစ်သည်။ ဘာမျိုးရိုးက ဆင်းသက်လာသလဲဟု ဆိုလျင် Chinese American တရုတ်- အမေရိကန်ဖြစ်သည်ဟု သို့မဟုတ် Asian-American ဟုဖြေပေလိမ့်မည်။ အဓိပ္ပါယ်မှာ မိဘ မျိုးရိုးသည် တရုတ်ဖြစ်သည်၊ သို့ရာတွင် သူသည် အမေရိကန် ဖြစ်သည်။ ထို့အတူ ကပ္ပလီ တဦးကို မေးပါကလည်း အမေရိကန်လူမျိုး ဖြစ်ပြီး မျိုးရိုးဗီဇမှာ African- American အာဖရိကန်- အမေရိကန် ဖြစ်သည်ဟု ပြောမည်ဖြစ်သည်။ အမေရိကန်လူမျိုး ဆိုသည်မှာ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင် သည့် အမေရိကန်နိုင်ငံတွင်းရှိ လူအားလုံးကို ခေါ်ပါသည်။ ထိုအချက်က ၎င်းတို့သည် တနိုင်ငံ လုံးနှင့် သက်ဆိုင်သူများ၊ တနိုင်ငံလုံးရှိ သူများက ၎င်းတို့ နိုင်ငံဟု သတ်မှတ်သည်ဟု အဓိပ္ပါယ် ရပါသည်။ ယနေ့ မြန်မာပြည်တွင် တိုင်းရင်းသားများက မိမိပြည်နယ်ကိုသာ အသိအမှတ် ပြု ထားပြီး မြန်မာနိုင်ငံကို မိမိတို့ နိုင်ငံဟု အသိအမှတ် ပြုမထားခြင်းသည် အမေရိကန်တို့နှင့် ကွာခြားပါသည်။ အမေရိကန်နိုင်ငံလို ဖြစ်ချင်ပါက ၎င်းတို့ကဲ့သို့ စိတ်ဓါတ်ကို မွေးမြူရမည်ဟု တင်ပြလိုပါသည်။ အမေရိကန် နိုင်ငံသားများသည် မိမိတို့ မျိုးရိုးက ဒုတိယ နေရာတွင်ရှိသည်။ တိုင်းပြည် က ပထမဖြစ်သည်။ အမေရိကန်ဆိုသည်ကို ဂုဏ်ယူ ၀င့်ကြွားစွာ ပြောနိုင်ကြသည်။ မြန်မာ ပြည်တွင် မိမိတို့သည် မြန်မာနိုင်ငံသား ဖြစ်သည်ဟု တိုင်းရင်းသား လူမျိုးစုတို့က မပြောလိုကြ၊ မြန်မာနိုင်ငံ၏ နိုင်ငံသားများ ဖြစ်သည်ဟူသော ခံယူချက်ကို ထားနိုင်မှ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ လူမျိုးစွဲများကို ဖြေဖျောက်နိုင်မှသာ ပြည် ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment